နေဟာ တကယ်ဝါသလား

ကလေးလက်ရာနေလုံးပန်းချီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ကလေးဘဝက နေမင်းကြီးပုံကို ဆွဲကြရင် အဝါရောင် ခဲတံလေးတွေ သုံးပြီး ဆွဲလေ့ ရှိကြပါတယ်။ တခါတလေတော့လည်း နေဝင် နေထွက် ဆည်းဆာ ချိန်တွေကို လိမ္မော်ရောင် ဒါမှမဟုတ် အနီရောင်တွေနဲ့ ဖော်ကျူးလေ့ ရှိကြပါတယ်။

ဒါပေမယ့် နေအဖွဲ့အစည်းရဲ့ ဗဟိုချက်က နေမင်းကြီးဟာ တကယ်တော့ ဝါလည်း မဝါသလို လိမ္မော်လည်း မမည် အနီလည်း မဟုတ်ပါဘူး။ တကယ်တော့ ဒီအရောင်တွေအားလုံး ပါဝင်နေတဲ့အပြင် ပိုလို့တောင်များနေသေးတယ်လို့ ဆိုပါတယ်။

နေဆီက ရောင်စဉ်တန်းတွေ စဉ်ဆက်မပြတ် ထုတ်လွှတ်နေတာ ဖြစ်ပါတယ်။ နေရောင်ကို အလင်းပေါက်တဲ့ prism ခေါ်တဲ့ သုံးမြှောင့် ဖန်တုံး နဲ့ ခံကြည့်မယ်ဆိုရင် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်နဲ့ ခရမ်းဆိုပြီး ရောင်စဉ် ၇ သွယ် ထွက်လာတာ တွေ့ရမှာဖြစ်ပါတယ်။

ဒီအရောင်တွေဟာ သက်တံတွေမှာ သာမန် မျက်စိနဲ့ ကြည့်ရင် မြင်နေရတဲ့ ရောင်စဉ်တွေ ဖြစ်ပါတယ်။ တကယ်တော့ သက်တံ ဆိုတာဟာလည်း နေရောင်ခြည်က လေထုထဲက ရေမှုန် ရေမွှားလေးတွေကို ဖြတ်ပြီးလာတဲ့ အခါမှာ ဒီရေမှုန် ရေမွှားလေးတွေကလည်း prism ငယ်လေးတွေ ဖြစ်ပြီး အခုလို အရောင်တွေ ကွဲထွက်လာတာပဲ ဖြစ်ပါတယ်။

အရောင်စုံနေလုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရောင်စုံနေလုံး

ဒါပေမယ့် နေရောင်ခြည်ဟာ စိတ်ကြည်နူးဖွယ်ရာ အရောင်စုံ ဖြာကျ လာတာမျိုးလည်း မဟုတ်ပြန်ပါဘူး။

တကယ်တော့ နေရောင်ခြည်ဟာ အရောင်မျိုးစုံ စုပေါင်းထားတာ ဖြစ်ပြီး တရောင်တည်း အဖြစ်နဲ့သာ မြင်ရတာ ဖြစ်ပါတယ်။

ဒါဆို ဘာအရောင်များ ဖြစ်မလဲ။ အဖြေကို ကောင်းကင်ယံမှာပဲ မြင်နေရပါတယ်။ နေရဲ့အလင်းကို ရောင်ပြန်ဟပ်ထားတဲ့ မိုးတိမ်တွေပါ။ ဒီတိမ်ဆိုင် တိမ်လွှာတွေဟာ အဝါလည်းမဟုတ်သလို တခြား အရောင်တွေလည်း မဟုတ်ကြပါဘူး။

နေ ရဲ့ အရောင်အစစ်ဟာ အဖြူရောင်ဖြစ်ပါတယ်။

နေရဲ့ အဖြူရောင် အလင်း ရောင်ပြန်ဟပ်မှုကြောင့် တိမ်ဆိုင်ဖြူဖြူတွေကို မြင်ကြရတာ ဖြစ်ပါတယ်။

ဘာကြောင့် နေကို အဝါပဲ မြင်နေရတာလဲ

နေရောင်ခြည်ရဲ့ ရောင်စဉ်တွေဟာ တခုနဲ့ တခု လှိုင်း အလျားချင်း မတူကြပါဘူး။

ရောင်စဉ်တန်းရဲ့ အစွန်ဆုံး တဘက်က အနီရောင်ဖြစ်ပြီး လှိုင်းအလျားကလည်း အရှည်ဆုံးဖြစ်ပါတယ်။

ပြီးရင် အနီကနေ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ် နဲ့ ခရမ်း စသည်ဖြင့် ပြောင်းသွားရင်း လှိုင်းအလျားတွေကလည်း တရောင်ချင်းအလိုက် တိုသွားပါတယ်။ ဆိုတော့ ခရမ်းရဲ့ လှိုင်း အလျားက အတိုဆုံး ဖြစ်ပါတယ်။

အရောင်တွေမှာ ပါတဲ့ ဖိုတွန်တွေကလည်း လှိုင်းအလျားတိုလေ ပြန့်ကျဲ ကျိုးတိုးကျဲတဲ ဖြစ်သွားပြီး လှိုင်းအလျားပိုရှည်တဲ့ အရောင်တွေမှာထက် ပိုပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်တတ်ပါတယ်။

အာကာသထဲမှာတော့ အလင်းဟာ အတားအဆီး အရှိ ရွေ့လျားနိုင်သလို ဖိုတွန်တွေကိုလည်း နှောင့်ယှက်တာမျိုးတွေ ရှိပါဘူး။ ဒါကြောင့်လည်း နေ ဟာ အာကာသထဲမှာတော့ အဖြူရောင် အလင်းလုံးကြီး တခုလိုပဲ မြင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ နေရဲ့ ရောင်ခြည်အလင်းတွေ ကမ္ဘာ့လေထုကို ဖြတ်သန်းလာရင် လေထဲမှာ ရှိနေတဲ့ မော်လီကျူးတွေနဲ့ ရိုက်ခတ်မိတာကြောင့် လှိုင်းအလျားတိုတဲ့ အရောင်တွေရဲ့ ဖိုတွန်တွေ ဖရိုဖရဲ ဖြစ် ပြန့်ကျဲကုန်ပါတယ်။ အဲဒီအခါမှာ လှိုင်းအလျားရှည်တဲ့ အရောင်တွေကပဲ လူသားတွေရဲ့ အမြင်အာရုံကို အခက်အခဲမရှိ လာရောက် ထိတွေ့နိုင်ပါတော့ တယ်။

အာကာသထဲမှာ နေကို မူရင်းအရောင်အစစ် အဖြူရောင်နဲ့ မြင်တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာကာသထဲမှာ နေကို မူရင်းအရောင်အစစ် အဖြူရောင်နဲ့ မြင်တွေ့ရပုံ

Astronomer's Diary ဆိုတဲ့ ဝက်ဆိုက်ဘ်ကို စီမံပေးနေတဲ့ Angel Molina ကတော့ လေထုက ရောင်စဉ်လှိုင်းက ခရမ်းလွန်နဲ့ အပြာရောင် တွေလို အားကောင်းတဲ့ အစိတ်အပိုင်းတွေကို ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဝါရောင် မီးသီးတလုံးလိုပဲ နေဟာလည်း ကမ္ဘာကမြင်ရတဲ့ အခါမှာ လေထုရဲ့ ပိတ်ဆို့ထားမှုကြောင့် မျက်စိအမြင် အေးစေတဲ့ အရောင်တွေမပါတော့ဘူး၊ အဝါများတဲ့ အပူဘက် လိုက်တဲ့ အရောင်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒါဆိုရင် မေးစရာ ဖြစ်လာတာက လှိုင်းအလျား ပိုရှည်ကြတဲ့ အနီနဲ့ လိမ္မော်တို့လို အရောင်တွေမဟုတ်ဘဲ ဘာလို့ ဝါနေသလဲ ဆိုတာပါ။

ပါရာဂွေးက University of the Republic in Uruguay မှာ နက္ခတ္တ ဗေဒ ဘာသာရပ်ကို သင်ကြား ပို့ချနေသူ Gonzalo Tancredi က နေရောင်ဟာ ရောင်စဉ်လှိုင်းရဲ့ အလယ်ပိုင်းကျတဲ့ အရောင်တွေမှာ ပိုပြီး တည်ငြိမ်မှု ရှိတယ်။ လှိုင်းအလျားတိုတဲ့ အစိမ်းကနေ ခရမ်းအထိ အရောင်တွေ ပျောက်သွားပြီး နောက်မှာ အဝါကပဲ ကျန်နေတာလို့ ဘီဘီစီကို ပြောပါတယ်။

နေက အစိမ်းရောင်များလား

အင်တာနက်ပေါ်က တချို့ ဝက်ဘ်ဆိုက်တွေနဲ့ ဆိုရှယ် မီဒီယာတွေပေါ်မှာ နေမင်းကြီးက တကယ်တမ်းမှာ အစိမ်းရောင်ကြီးပါလို့ ပြောထားတာတွေ တွေ့ဖူးကြပါလိမ့်မယ်။

Gonzalo Tancredi က တကယ်လို့သာ နေရာင်ခြည်ရဲ့ ရောင်စဉ်လှိုင်းကို အရောင် ဂရပ်ဖ် တခု ဆွဲကြည့်ကြမယ်ဆိုရင် တောင်တလုံးရဲ့ ပုံမျိုး ထွက်လာမှာ ဖြစ်ပြီး ထိပ်ပိုင်းက အစိမ်းရောင် ဖြစ်နေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လူ့မျက်စိကလည်း နေရောင်ခြည်ရဲ့ အရောင်ဖြာထွက်တာကို မခွဲတတ်ပါဘူး။ ဒါကြောင့်လည်း ဘယ်ဟာက ဘယ်အရောင် စသည်ဖြင့် တိုင်းတာတဲ့ ကိရိယာ တွေရဲ့ အကူအညီကို ယူရပါတယ်။ အဲဒီအခါမှာ အစိမ်းရောင်ရဲ့ ဖြာထွက်မှုက အားအပြင်းဆုံး ဆိုတာကို တွေ့ရပါတယ်။

ဒါပေမယ့် အပြာရောင်လို လှိုင်းအလျားတိုတဲ့ အရောင်တွေကို ဂရဖ်ကနေ ဖယ်ထုတ်လိုက်တဲ့ အခါမှာတော့ ထိပ်ဆုံးကို ရောင်လာတဲ့ အရောင်က အဝါရောင်ပဲ ဖြစ်နေတယ်လို့ Gonzalo Tancredi က ပြောပါတယ်။ ဒါကြောင့် လူတွေက နေကို အဝါရောင်အဖြစ်ပဲ မြင်နေကြတာလို့ ဆိုပါတယ်။

အလင်းအလျားမျိုးစုံနဲ့ နေလုံးပုံတွေကို နာဆာက ရိုက်ကူးထား

ဓာတ်ပုံ ရင်းမြစ်, NASA/SDO/Goddard Space Flight Center

ဓာတ်ပုံ ပုံစာ, အလင်းအလျားမျိုးစုံနဲ့ နေလုံးပုံတွေကို နာဆာက ရိုက်ကူးထား

နေလုံးနီနီ

နေထွက်ပဲရင် ဖြစ်ဖြစ် နေဝင်ရင်ပဲ ဖြစ်ဖြစ် နေမင်းဟာ ကမ္ဘာ့ မိုးကုပ်စက်ဝိုင်းနဲ့ အနီးဆုံး နေရာကို ရောက်လာတယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာ နေရောင်ခြည်တွေ ဖြတ်သန်းရတဲ့ လေထုထဲမှာလည်း မော်လီကျူးတွေ ပိုများပါတယ်။

ဒါကြောင့်လည်း အပြာဘက် နွယ်တဲ့ အရောင်တွေလည်း ပိုအားနည်းကုန်ပြီး အနီနဲ့ လိမ္မော်လို လှိုင်းအလျား ရှည်လျားတဲ့ အရောင်တွေပဲ ကျန်နေတော့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နေထွက် နေဝင်မှာ နေလုံးနီနီကို တွေ့ကြရတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်စဉ်ကိုလည်း အမည်ပေးထားတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၉ ရာစုနှစ်က ဗြိတိသျှ ရူပဗေဒ ပညာရှင် Lord Rayleigh ကို အစွဲပြုပြီး Rayleigh scattering လို့ ခေါ်ကြပါတယ်။

ကောင်းကင်ယံမှာ နေမင်းကြီးဟာ ခရီးနှင်နေတာနဲ့အမျှ ကမ္ဘာက မြင်နိုင်မယ့် ရှုထောင့်တွေကိုလည်း အဆက်မပြတ် ပြောင်းလဲ သွားပါတယ်။ ဒါကြောင့်လည်း တနေ့တာတွင်း အချိန်အပေါ်မူတည်ပြီး မြင်ရတဲ့ အရောင်တွေကလည်း ကွာခြားမှု ရှိပါတယ်။ ဒီလို ကွာပေမယ့် တနေ့တာ ကုန်ဆုံးချိန် မှာတော့ နေလုံးနီနီနဲ့ အဆုံးသတ်စမြဲ ဖြစ်ပါတယ်။

နေဝင်ချိန်မှာ အလင်းအလျားပိုရှည်တဲ့ အရောင်တွေ လွှမ်းမိုးထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေဝင်ချိန်မှာ အလင်းအလျားပိုရှည်တဲ့ အရောင်တွေ လွှမ်းမိုးထား

အခု စာစုတွေကနေ ကမ္ဘာကြီးလှည့်ပတ် သွားလာနေတဲ့ နေမင်းကြီးနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်တွေကို ပိုပြီး သိလာကြမယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လောက်ပဲ သိထားပါစေ တခုတော့ သတိထားဖို့ မှာလိုက်ပါရစေ။ နေမင်းကြီးကို ဘယ်တော့မှ မျက်စိနဲ့ တိုက်ရိုက်မကြည့်ပါနဲ့။ တယ်လီစကုပ်တွေလို အဝေးကြည့် မှန်ပြောင်းတွေ၊ မှန်ဘီလူးတွေနဲ့လည်း ကြည့်ဖို့ မစဉ်းစားကြပါနဲ့ ဆိုတာပဲ ဖြစ်ပါတယ်။

တကယ်လို့ ကြည့်မိခဲ့ရင်တော့ အမြင်အာရုံ ဆုံးရှုံးရတာမျိုးလို အစားထိုးမရတဲ့ ဆုံးရှုံးမှုမျိုးတွေ ကြုံလာရနိုင်တဲ့ အတွက် ဖြစ်ပါတယ်။