အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ ဆုတ်ခဲ့တဲ့အပေါ် နောင်တမရပါလို့ ဘိုင်ဒန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တာလီဘန်စစ်သွေးကြွတွေ အာဖဂန်နစ္စတန်မှာ မြန်မြန်ဆန်ဆန်ကြီး ရှေ့ကိုတိုးလာကာ နယ်မြေတွေ သိမ်းပိုက်နေတဲ့အချိန်မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်ကနေ သူတို့တပ်တွေ ဆုတ်ခွာလိုက်တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရပါဘူးလို့ ပြောလိုက် ပါတယ်။
အာဖဂန်ခေါင်းဆောင်တွေကို သူက ညီညွတ်ကြပါ၊ "နိုင်ငံအတွက် တိုက်ပွဲဝင်ကြပါ" လို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်မြေမှာ တိုက်ခိုက်တာခံခဲ့ရတဲ့ 9/11 အဖြစ်အပျက်ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၀၁ ခုနှစ်အတွင်းမှာပဲ အမေရိကန်တပ်တွေဦးဆောင်တဲ့ စစ်တပ်တွေ အာဖဂန်မှာ နေရာချကာ စစ်သွေးကြွတွေကို စစ်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အမေရိကန်အပါအဝင် နိုင်ငံခြားတပ်တွေ ပြန်ရုပ်သိမ်းခဲ့ကြပါပြီ။
အာဖဂန်နစ္စတန်မှာ ပြည်နယ် ၃၄ ခု ရှိတဲ့အထဲ ၉ ပြည်နယ်က မြို့တော်တွေအထိ တာလီဘန်တွေက သိမ်းထားပြီး နောက်ထပ်နယ်မြေတွေ ထပ်သိမ်းဖို့ကို ခြိမ်းခြောက်နေပါတယ်။
အင်္ဂါနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ မစ္စတာ ဘိုင်ဒန်က အာဖဂန်ကို သူတို့ပေးထားတဲ့ ကတိအတိုင်း လေကြောင်းကနေ ကူတိုက်ပေးတာ၊ စစ်တပ်အတွက် လခပေးတာ၊ အစားအစာနဲ့ ပစ္စည်းတွေ ထောက်ပံ့တာတွေကို အမေရိကန်အနေနဲ့ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။
ဒါပေမဲ့ "သူတို့ (အာဖဂန်တွေ)အနေနဲ့ သူတို့ဘာသာ တိုက်ပွဲဝင်ရမယ်"လို့ ဆိုပါတယ်။
မြို့တော် ကဘူးလ်ဟာ ရက်ပေါင်း ၉၀ အတွင်း တာလီဘန်တွေ လက်ထဲကို ကျသွားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေက အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ သုံးသပ်ချက်တွေကို အခြေခံပြီး ပြောတာကို ကိုးကားပြီး ဝါရှင်တန် ပို့စ်ကရေးပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ အရင်လအတွင်းမှာ တာလီဘန်တွေနဲ့ အာဖဂန်အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြားမှာ အရပ်သား ၁, ၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီလို့ သိရပါတယ်။
ကလေး တွေ အပေါ် "အကြမ်းဖက်ရက်စက်ကြမ်းကြုတ်မှုတွေက တနေ့တခြား တိုးများလာနေ တယ်" လို့ ဒီ သီတင်းပတ် အတွင်းမှာပဲ UNICEF ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေ အဖွဲ့က သတိပေးထားပါတယ်။
တာလီဘန်တွေရဲ့ နောက်ဆုံး နယ်မြေသိမ်းပိုက်မှုတွေကို ကြည့်ရင် ၂၄ နာရီ အတွင်း ပြည်နယ် မြို့တော် ၃ ခု ကို သိမ်းသွားတာကို တွေ့ရပါတယ်။ အဲဒီမြို့တော်တွေ ကတော့ ဖိုင်ဇာဘတ်၊ ဖာရာ၊ ပူလယ် ခွန်ရီ တို့ပါ။
ပူလယ် ခွန်ရီမြို့တော်ဟာ ဘက်ဂလန် ပြည်နယ်မြို့တော်ဖြစ်ပြီး ကဘူးလ်နဲ့ ၁၂၅ မိုင်အကွာမှာ ရှိတဲ့ မြို့ပါ။
ဒီသီတင်းပတ်အတွင်း တာလီဘန် စစ်သွေးကြွတွေ သိမ်းနိုင်တဲ့ ပြည်နယ်မြို့တော်တွေထဲမှာ အဓိကကျတဲ့ မြောက်ပိုင်းက ခွန်ခုဇ်မြို့တော်လည်း ပါဝင်ပါတယ်၊ ဒီမြို့ဟာ သယံဇာတကြွယ်တဲ့ ပြည်နယ်တွေကို ဝင်ရာလမ်းဖြစ်ပြီး တာဂျစ္စတန်နိုင်ငံနဲ့ ကပ်ရက်ရှိကာ ဘိန်းနဲ့ ဘိန်းဖြူ ကုန်သွယ်ရာလမ်းဖြစ်တာမို့ ဗျူဟာမြောက် အရေးကြီးနေရာတခု ဖြစ်ပါတယ်။
နိုင်ငံတဝန်းက အခြားနေရာတွေမှာလည်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး အမေရိကန်နဲ့ အာဖဂန်လေတပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်နေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အာဖဂန်သမ္မတ အာရှရက်ဖ် ဂါနီဟာ မြောက်ပိုင်းက မာဇာရီ ရှာရစ်ဖ် မြို့ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်၊ အဲဒီမှာ စစ်သွေးကြွတွေကို ရင်ဆိုင်တိုက်နေတဲ့ အစိုးရ တပ်ဖွဲ့တွေကို သွားအားပေးတဲ့ ပုံရပါတယ်။
ထောင်ပေါင်းများစွာသော ပြည်သူတွေကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

" ထောင်နားမှာ လူသေအလောင်းတွေ ကျွန်မတို့ တွေ့ခဲ့ရတယ်၊ သူတို့ ဘေးမှာတော့ ခွေးတွေကို တွေ့ရတယ်"လို့ တာလီဘန်တွေ သိမ်းသွားတဲ့ ခွန်ဒုဇ်က ပြေးလာတဲ့ အမျိုးသမီးတယောက်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
မြို့ထဲမှာရှိနေသေးတဲ့မြို့ခံတွေကတော့ တာလီဘန်တွေဟာ လေဆိပ်ကို ဆုတ်ခွာသွားတဲ့ အစိုးရ တပ်ဖွဲ့တွေကိုသာ ပစ်မှတ်ထားတာမို့ ဆိုင်တွေက ပြန်ဖွင့်လို့ ရနေပြီလို့ ပြောပါတယ်။
မြို့ခံတယောက်က "လူတွေက ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်နေပြီ၊ ဒါပေမဲ့ သူတို့ မျက်နှာမှာတော့ ကြောက်ရွံ့နေကြတဲ့ပုံကို မြင်နေရတယ်" လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက ပန်ကြားနေတဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာကို တာလီဘန်တွေက ပယ်ချထားပါတယ်။
ဗြိတိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ နစ်ခ် ကာတာက တကယ်လို့သာ အာဖဂန်နစ္စတန်နိုင်ငံ ပြိုကွဲသွားရင် နိုင်ငံတကာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒတွေအတွက် "အကောင်းဆုံး အခြေအနေတွေ" ဖြစ်လာလိမ့်မှာလို့ ဘီဘီစီကို ပြောပါတယ်။









