အာဖဂန်နစ္စတန် - ကာဘူးလ်က အာဖဂန်ကာကွယ်ရေးဝန်ကြီးအိမ်ကို သေနတ်သမားတွေတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာဘူးလ်မြို့တော်က အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးရဲ့ အိမ်ကို ဒေသစံတော်ချိန် အင်္ဂါနေ့ညက ရဲတင်းတဲ့ တိုက်ခိုက်မှုတခုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။
တနှစ်လောက်ကာလအတွင်း ဒီမြို့မှာ စစ်သွေးကြွတွေရဲ့ ကြီးမားတဲ့ ဗုံးခွဲတိုက်ခိုက်တာမျိုး မဖြစ်ခဲ့ရာကနေ ဗုံးကွဲမှု ကြီးကြီးမားမား ပထမဆုံးပြန်ဖြစ် လာတာလည်း ဖြစ်ပါတယ်။
သေနတ်သမားတွေဟာ အင်္ဂါနေ့ညပိုင်းမှာ ကားဗုံးတခုကို အရင်ဆုံးဖောက်ခွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အင်နဲ့အားနဲ့ နေရာယူထားတဲ့ အစိမ်းရောင်ဇုန် (Green Zone) နားမှာပဲ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တာပါ။
တိုက်ခိုက်မှုတွေဖြစ်တဲ့အချိန်မှာ ဝန်ကြီး ဘစ်စ်မီလား ခန်း မိုဟာမက်ဒီ တော့ သူ့အိမ်မှာ ရှိမနေပါဘူး။
"သူ့မိသားစုကို နေရာရွှေ့ပြောင်းပေးခဲ့ရတယ်၊ သေနတ်သမား ၄ ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်"လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
တာလီဘန်က အဲဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ဆိုပါတယ်။
အစိုးရခေါင်းဆောင်တွေကို တိုက်ခိုက်တာတွေ ထပ်လုပ်ဦးမယ်ဆိုပြီးတော့လည်း တာလီဘန်တွေက သတိပေးလိုက်ပါတယ်။
နိုင်ငံတွင်းကနေ နိုင်ငံခြားတပ်တွေ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း၊ တခြားမြို့တွေမှာလည်း တာလီဘန်နဲ့ အစိုးရတပ်တွေ ကြား တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်ခိုက်နေကြတာတွေ အမြန်ဆုံးရပ်ဆိုင်းကြဖို့ တောင်းဆိုနေပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ အိမ်ခြံဝင်းထဲကို သူတို့ဝင်ရောက်နိုင်ပြီး သေနတ်သမား ၅ ယောက်ထဲက ၄ ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အသေခံကားဗုံးခွဲတိုက်ခိုက်မှု တခု ဖြစ်ခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
သံရုံးတွေ၊ အစိုးရဆိုင်ရာ အဆောက်အဦးတွေ ရှိပြီး လုံခြုံရေး ထူထူထပ်ထပ်ချထားတဲ့ အစိမ်းရောင်ဇုန်အပြင်ဘက်နားက လူနေရပ်ကွက်တွေထဲကိုလည်း အထူးတပ်ဖွဲ့ဝင် တွေ အပြေးအလွှား သွားခဲ့ကြပါတယ်။ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ပွဲ ၃ နာရီလောက်ကြာအောင်ဖြစ်ခဲ့ပြီးမှ တိုက်ခိုက်မှုကို ရပ်ဆိုင်းသွားအောင် လုပ်နိုင်ခဲ့ကြပါတယ်။
တိုက်ခိုက်မှုအပြီးမှာတော့ မစ္စတာ မိုဟာမက်ဒီကတော့ "မပူကြပါနဲ့၊ အားလုံး အေးဆေးပါ"လို့ တွိဒ်လုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအဖြစ်ဖြစ်ပြီး နာရီပိုင်းအကြာမှာတော့ ကာဘူးလ်မြို့ခံ လူအုပ်စုတွေဟာ လမ်းမတွေအပေါ်၊ အိမ်ခေါင်မိုးတွေအပေါ် တက်လာကြပြီး အလ္လာဟူ အက္ကဘာ (ဘုရားသခင်သည်သာ အကြီးမြတ်ဆုံး)လို့ ကြွေးကြော်ကြပြီး တာလီဘန် တိုက်ခိုက်မှုကို အာခံခဲ့ကြပါတယ်၊ သူတို့အဲဒီလို ကြွေးကြော်ကြတဲ့ ဗီဒီယိုတွေကိုလည်း လူမှုမီဒီယာမှာ ဖြန့်ဝေကြပါတယ်။
အရင်ရက်ပိုင်းအတွင်းက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဟာရက်မြို့မှာလည်း အဲဒီလို ကြွေးကြော်ကြတွေကို တနင်္လာနေ့က တွေ့ရပါတယ်။
တာလီဘန်တွေက ပြည်နယ်မြို့တော်တချို့ကို သိမ်းပိုက်ဖို့လုပ်နေတဲ့အချိန်မှာ တိုက်ပွဲ အကြီးအကျယ်ဝင်နေရတဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ကိုမြှင့်ပေးနိုင်ဖို့ အတွက် အခုလို လူထုရဲ့ အာခံတဲ့ ပုံရိပ်တွေက အဓိကကျတဲ့နေရာမှာ ရှိတယ်လို့ ကာဘူးလ်က ဘီဘီစီ သတင်းထောက် ဆက်ကူးဒါး ခါမာနီက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ အိမ်ကို တိုက်ခိုက်တာကိုကြည့်ရင် အစိုးရရဲ့ အဓိက နေရာ တွေကို သူပုန်တွေက လာတိုက်နိုင်တာကိုပြနေတာလို့လည်း ဘီဘီစီ သတင်းထောက်တွေက ထောက်ပြပါတယ်။
နိုင်ငံတွင်း တခြားနေရာတွေမှာကော ဘာတွေ ဖြစ်နေလဲ
တောင်ပိုင်းက ဟဲလ်မန်းပြည်နယ်မြို့တော် လက်ရှ်ကာဂါမှာ စစ်သွေးကြွတွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အရပ်သား အနည်းဆုံး အယောက် ၄၀ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့တုန်းက ပြောပါတယ်။
"လမ်းတွေပေါ်မှာ အလောင်းတွေ တွေ့ရတယ်၊ အဲဒါတွေက အရပ်သားတွေလား၊ တာလီဘန်တွေလားဆိုတာ မသိဘူး"လို့ သူ့လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတယောက်က ဘီဘီစီ အာဖဂန်ဘာသာဌာနကို ပြောပါတယ်။ "မိသားစုပေါင်း ၅၀ လောက်ဟာလည်း သူတို့နေအိမ်တွေကနေ ထွက်ပြေးရပြီး ဟဲလ်မန်းမြစ်နားမှာ သွားနေနေရတယ်" လို့လည်း သူက ပြောပါတယ်။
တခြားမြို့ခံတွေကလည်း လမ်းတွေပေါ်မှာ အလောင်းတွေကို တွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အာဖဂန် စစ်တပ်က တာလီဘန်တွေကို ထိုးစစ်ကြီးတွေ မဆင်ခင် အရပ်သားတွေ မြို့ကို စွန့်ခွာထွက်ပြေးဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ တာလီဘန်တွေက ပြည်နယ်အတွင်းက ခရိုင်အတော် များများကို ထိန်းထားလိုက်နိုင်ခဲ့ပါတယ်။
ဟဲလ်မန်းပြည်နယ်ဟာ အမေရိကန်နဲ့ ဗြိတိန်တပ်တွေရှိခဲ့စဉ်က စစ်ရေး လှုပ်ရှားမှုတွေ အဓိကဖော်ဆောင်ခဲ့တဲ့အရပ်ပါ။ မြို့တော် လက်ရှ်ကာ ဂါကို သူပုန်တွေသိမ်းနိုင်မယ် ဆိုရင် သူတို့အတွက် အောင်ပွဲရ သင်္ကေတ အထိမ်းအမှတ် သဘောမျိုး ဖြစ်သွား နိုင်ပါတယ်။
အာဖဂန်နဲ့ အမေရိကန်တို့က တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေပေမယ့်လည်း တာလီဘန်တွေဟာ ဒီသီတင်းပတ်အတွင်း လက်ရှ်ကာဂါမှာ ရှေ့ကို တက်လာ နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ELISE BLANCHARD/AFP VIA GETTY IMAGES
လမ်းတွေပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး တာလီဘန်တွေက အိမ်တွေ၊ စျေးဆိုင်တွေ၊ စျေးတွေထဲမှာ နေရာယူထားကြတယ်၊ လူတွေက သူတို့အိမ်ထဲမှာ ပိတ်မိနေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။
စစ်သွေးကြွတွေက သူတို့အိမ်တွေကို ဝင်တော့မယ်ဆိုရင် လော်စပီကာနဲ့ အိမ်ထဲက လူတွေ ထွက်ကြဖို့ သတိပေးတာမျိုးကို တခါတလေတွေ့ရပြီး အိမ်ကလူတွေ အဖို့ ထွက်ပြေးဖို့ မိနစ်ပိုင်းလောက်သာ အချိန်ရတာမျိုး ဖြစ်နေသလို နှစ်ဖက် ပစ်ခတ်မှု တွေ အတွင်းကြားမှာ သေဆုံးရဖို့ အန္တရာယ်ကလည်း ကြီးပါတယ်။
တောင်ပိုင်း တခွင်မှာတော့ တာလီဘန်တွေဟာ အရင်သူတို့ အခြေခံခြေကုပ်နေရာ ဖြစ်တဲ့ ကန်ဒဟာကို ပြန်သိမ်းနိုင်ဖို့ ကြိုးစားနေသလို၊ အနောက်ပိုင်းက ဟာရက်မြို့မှာ လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။








