ဟုတ်တိုင်းမှန်ရာ ပြောတတ်တဲ့ တရုတ် ဘီလျံနာ သူဌေး ထောင် ၁၈ နှစ်ကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရှိကို အရှိအတိုင်း ဟုတ်တိုင်းမှန်ရာ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကုမ္ပဏီ လုပ်ငန်းရှင်ကြီးတွေကို တရုတ်မှာ အရေးယူတတ်လေ့ရှိပြီး အခုနောက်ဆုံး အဖြစ် တခုကတော့ ထင်ရှားကျော်ကြားတဲ့ ဘီလျံနာ တယောက်ကို ထောင် ၁၈ နှစ် ချမှတ်လိုက်တာပါ။
သူဌေးကြီး ဆန်း ဒဝူဟာ နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်က မွေးမြူရေးလုပ်ငန်းကြီး တခုကို စီမံလုပ်ကိုင်နေတာဖြစ်ပြီး အဲဒီသူ့လုပ်ငန်းဟာ နိုင်ငံအတွင်း အကြီးဆုံး မွေးမြူရေးလုပ်ငန်းတွေထဲက တခုပါ။
လူ့အခွင့်အရေးနဲ့ပတ်သက်လို့ဖြစ်စေ၊ နိုင်ငံရေးအရ အကဲဆတ်တဲ့ အရေးကိစ္စတွေမှာ ဖြစ်စေ အသက် ၆၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာ ဆန်းဟာ ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိပါတယ်။
သူဟာ “ရန်ပွဲဖြစ်အောင်လုပ်တယ်၊ အများဒုက္ခတွေ့အောင် ဆွတယ်” စတဲ့ အမှုတွေအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်တာခံရပါတယ်။ ဒီစွပ်စွဲချက်တွေက လှုပ်ရှား တက်ကြွသူတွေကို လုပ်တဲ့ စွဲချက်တွေမျိုးပါ။
မြေကွက်တွေက တရားမဝင်ရယူထားတာ၊ လူအုပ်စုဖွဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ခိုက်စေတာ၊ အစိုးရဝန်ထမ်းတွေ သူတို့လုပ်ဆောင်စရာတွေကို လုပ်လို့မရအောင် တားဆီးတာ စတဲ့ အမှုတွေလည်း သူ့ကို စွဲတဲ့အထဲမှာ ပါပါတယ်။ ဒါ့အပြင် ယွမ်ငွေ ၃.၁၁ သန်း (အမေရိကန် ဒေါ်လာ ၄၇၈, ၆၉၇ နဲ့ ညီမျှ)လည်း သူ ဒဏ်တပ်ခံရပါတယ်။
အစိုးရက စီမံခန့်ခွဲနေတဲ့ မွေးမြူရေးခြံမြေ ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းအခုံ ပြဿနာဖြစ်ရာကနေ သူ မနှစ်က သူ့ဆွေမျိုး၊ သူ့စီးပွားရေးလုပ်ဖော် ကိုင်ဖက် စတဲ့ လူအယောက် ၂၀ လောက်နဲ့အတူ အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
အငြင်းပွားတာကို ရဲကဝင်ရှင်းရာမှာ သူ့ရဲ့ အလုပ်သမား ၄၀၊ ၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AFP သတင်းတပုဒ်မှာ သူက ပြောပါတယ်။
တရုတ်အစိုးရရဲ့ ကျေးလက်ဆိုင်ရာ မူဝါဒတွေကို သူ ဝေဖန်ခဲ့ဖူးသလို ထင်ရှားတဲ့ တရုတ်အတိုက်အခံ နိုင်ငံရေးသမားတချို့နဲ့လည်း သူက နီးနီးစပ်စပ်ရှိတယ် လို့လည်း ကြားရပါတယ်။
၂၀၁၉ တုန်းက သူ့မွေးမြူရေးခြံတွေကို ထိခိုက်ခဲ့တဲ့ အာဖရိက ဝက်တုပ်ကွေး (African swine flu) ကူးစက်ပျံ့နှံ့တာကို အစိုးရက သတင်းတွေ မထုတ်ဘဲ ဖုံးထားတယ်လို့ လူသိရှင်ကြား ဝေဖန်ကြတဲ့ လူအနည်းငယ်ထဲမှာ သူလည်း တယောက်အပါအဝင်ပါ။
နောက်ပိုင်းမှာ အဲဒီကပ်ဘေးကြောင့် နိုင်ငံမှာရှိတဲ့ မွေးမြူရေးလုပ်ငန်းတွေ အတော် များများ အကြီးအမား ထိခိုက်ခဲ့ပါတယ်။
၂၀၀၃ တုန်းကလည်း တရားမဝင် ရန်ပုံငွေ ကောက်ခံစုဆောင်းတယ်ဆိုတဲ့ အမှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပါတယ်၊ ဒါပေမဲ့ ပြည်သူတွေ၊ လှုပ်ရှားတက်ကြွသူတွေရဲ့ သူ့အပေါ် ထောက်ခံတာတွေ အင်နဲ့အားနဲ့ ပေါ်လာခဲ့ပြီး သူ့ကို စွဲထားတဲ့အမှုကို အာဏာပိုင်တွေက ပြန်ရုပ်သိမ်းခဲ့ပါတယ်။
အခုအမှုတွေကိုလည်း ဆန်းက ငြင်းဆိုထားပြီး သူဟာ “ထူးချွန်ထက်မြက်တဲ့ ကွန်မြူနစ် ပါတီ အဖွဲ့ဝင် တယောက်”လို့ သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုပါတယ်။
ဒါပေမဲ့ အွန်လိုင်းမှာ မက်ဆေ့ချ်တွေ တင်မိတာ အပါအဝင် အမှားအယွင်းတချို့ လုပ်မိခဲ့တယ်ဆိုတာကို သူ ဝန်ခံထားတယ်ဆိုတဲ့ သတင်းလည်းထွက်လာပါတယ်။
“သူတို့ စုံစမ်းစစ်ဆေးနေတဲ့ပုံစံက ကျွန်တော်တို့နဲ့ နီးစပ်တဲ့သူတွေကို ဒုက္ခရောက်အောင်လုပ်တာ ဖြစ်ပြီးတော့၊ ကျွန်တော်တို့ကိုမုန်းတီးနေတဲ့ သူတွေကို ပျော်ရွှင်သွားအောင်လုပ်တာပါပဲ။ တရားစွဲတာက ဘယ်လိုပြင်းထန်ပါစေ ကျွန်တော့ကိုပဲ စွဲပါ၊ တခြားသူတွေကို လွှတ်ပေးပါ၊ ကျွန်တော်တို့ဟာ လူမှုအသိုင်းအဝိုင်းကို ကောင်းကျိုးပြုနေတဲ့သူတွေ”လို့ သူက ပြောပါတယ်။
နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်လုပ်ကိုင်တဲ့ စီးပွားရေးသမားတွေကို တရုတ်အစိုးရက နှိပ်ကွပ်တာတွေ ဖြစ်နေပါတယ်။ စည်းမျဉ်းပိုင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာခံနေရတဲ့ နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေထဲမှာ အလီဘာဘာ (Alibaba)၊ ဒီဒီ (Didi)၊ တဲန်းဆင့် (Tencent)စတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။








