တရုတ် ရေကြီးမှု - လသားသမီးကို အသက်ပေးကယ်ကယ်ခဲ့တဲ့ မိခင်

ဗီဒီယို ပုံစာ, အပျက်အစီးတွေကြားက ကလေးငယ်ကို ကယ်ထုတ်ခဲ့ကြရ
ရေးသားခဲ့သည်။

တရုတ်ပြည်မှာ သူတို့ နေအိမ် ရေကြီးမြေပြိုမှုတွေနဲ့ ကြုံခဲ့ရာမှာ ကိုယ့်ကလေးကို ဘေးလွတ်စေဖို့ လှမ်းပစ်ပေးခဲ့တဲ့ မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပြီးဖြစ်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အပျက်အစီးတွေ အောက်မှာ ၂၄ နာရီကျော်ကြာ ပိတ်မိနေခဲ့ပေမယ့် အသက်မသေခဲ့တဲ့ မိန်းကလေးငယ်ကို ဗုဒ္ဓဟူးနေ့က ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။

ဟဲနန် ပြည်နယ်ထဲက ဝမ်ဇုံတျန့်ရွာမှာ မိုးကြီးခဲ့တာကြောင့် မြေပြိုကျခဲ့တာ ဖြစ်ကြောင်း သတင်းတွေမှာ ဆိုပါတယ်။

အဲဒီဒေသမှာ စံချိန်တင်လောက်အောင် မိုးရွာသွန်းခဲ့ပြီးနောက်မှာ ရေကြီးမှုတွေ ဖြစ်ခဲ့ပြီး လူ ၅၁ ယောက် သေဆုံးကာ ၄၀၀,၀၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။

အဲဒီကလေးငယ်ကို ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်နေကြတဲ့ ဗီဒီယိုဟာလည်း တရုတ်ပြည်တွင်းမှာ တော်တော်ကို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီ ကလေးငယ်လေးဟာ အသက် ၃ လ သို့မဟုတ် ၄ လ လောက်သာ ရှိသေးတယ်လို့ ယူဆရပါတယ်။

တရုတ် ရေကြီးမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကလေးအသံလေးကြားလိုက်တဲ့ အချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်လာကြပြီ ဖြစ်လို့ သူ့ကို ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။ သူ့ကို မိခင်ဖြစ်သူက အမြင့်တနေရာဆီကို လှမ်းပစ်တင်ပေးခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တယောက်ဖြစ်တဲ့ မစ္စတာ ကျောင်း က Southern Metropolis Daily သတင်းစာကို ပြောပါတယ်။

ကလေးကို ဆေးရုံကို အမြန်ပို့ပေးနိုင်ခဲ့ပြီး ဘာမှ ထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် မိခင် ဖြစ်သူကတော့ သေဆုံးခဲ့ပြီ ဖြစ်ပြီး ကြာသပတေးနေ့မှာ သူ့အလောင်းကို တွေ့ခဲ့ရပါတယ်။

သူ့အလောင်းကို တွေ့ရှိချိန်မှာ အေးခဲနေပြီ ဖြစ်ပြီး တစုံတခုကို မတင်ပေးထားတဲ့ ပုံစံမျိုး တွေ့ရတယ်လို့ ကယ်ဆယ်ရေး သမားတွေက Beijing Youth Daily သတင်းစာကို ပြောပါတယ်။

အဲဒီအချိန်က သူဟာ သမီးငယ်ကို မတင်ပေးနေခဲ့တာ ဖြစ်ပုံရပြီး ဒါကြောင့်ပဲ ကလေးငယ်ဟာ ရှင်သန်ခွင့်ရခဲ့တာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမား မစ္စတာ ယန်က သတင်းထောက်တွေကို ပြောပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, MAP

ဒေသတွင်း သတင်းတွေမှာတော့ မိခင်ရော ကလေးပါ ဘယ်သူဘယ်ဝါတွေဖြစ်တယ်လို့ အမည်ထုတ်ဖော်ပြောကြားမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မိုးကြီး ရေလျှံမှုတွေကြောင့် ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်။ အဓိက လမ်းမကြီးတွေဟာလည်း မြစ်တွေ ချောင်းတွေသဖွယ် ဖြစ်သွားခဲ့ပြီး ကားတွေ နဲ့ အပျက်အစီးတွေ ရေစီးကြမ်းထဲ မြောပါသွားတာတွေ ကြုံခဲ့ရပါတယ်။

ပြည်နယ်မြို့တော် ကျန့်ကျိုး မှာလည်း အင်္ဂါနေ့ညက မြေအောက်ရထားလမ်းတွေ ရေဖုံးသွားခဲ့ပြီး လူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

မစ္စတာ ကျောင်းက အဲဒီရွာကို ဆက်သွယ်ထားတဲ့ အဓိက တံတားကရေစီးထဲ ပါသွားခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ဖို့ အင်မတန်ခက်ခဲတယ်လို့ ပြောပါတယ်။ အဲဒီမှာ မိုးများ ရေကြီးမှုတွေကြောင့် လူနေအိမ်ခြေတွေ ပျက်စီးခဲ့ရပြီး ရွာခံတွေမှာ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပါတယ်။ ရွာမှာ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အများအပြားရှိသလို သူတို့ကိုယ်သူတို့ ဘေးလွတ်ဖို့ လုပ်ရာမှာလည်း အားနည်းချက်တွေ ရှိတယ်လို့ မစ္စတာ ကျောင်းက ပြောပါတယ်။

လူဦးရေ သန်း ၉၀ ကျော် နေထိုင်တဲ့ ဒီဒေသအတွင်း သဘာဝဘေးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒေသတွေက အသက်မသေဘဲ ကျန်ခဲ့သူတွေကို ကယ်ဆယ်နိုင်ရေးကို သောကြာနေ့မှာလည်း ဆက်လက်ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။