အင်ဒိုနီးရှားမှာ တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး မတိုးလို့ တတိယအကြိမ် ထပ်ထိုးဖို့ တိုက်တွန်းတောင်းဆိုနေကြ

အင်ဒိုနီးရှား၊ ကိုဗစ်၊ ဆီနိုဗက် ကာကွယ်ဆေး၊

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးဖို့ တိုက်တွန်းတောင်းဆိုနေကြ
    • ရေးသားသူ, ရာဂျာ လွမ်ဘန်ရောင်နဲ့ ရေဘက်ကာ ဟန်စ်ကီ
    • ရာထူးတာဝန်, ဘီဘီစီ အင်ဒိုနီးရှားဌာန
  • ရေးသားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားပြီးတဲ့ ကြားက အခုနှစ် ဖေဖော်ဝါရီလနဲ့ ဇွန်လအတွင်း ဆရာဝန်၂၀ နဲ့ သူနာပြု ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားဆရာဝန်နဲ့ သူနာပြုအသင်းက ပြောပါတယ်။

မျိုးပြောင်း ကိုဗစ်ပိုးသစ် ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဆေးရုံတွေ၊သင်္ချိုင်းတွေမှာ လူသေအလောင်းတွေနဲ့ မနိုင်မနင်းဖြစ်နေတဲ့အတွက်ကျန်းမာရေးဝန်ထမ်းတွေကို ဆီနိုဗက် ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးဖို့ ကျွမ်းကျင်သူတွေက အခုအခါ တိုက်တွန်းနေကြပါတယ်။

ဂျာကာတာမြို့ ဆင်ခြေဖုံးက ကာကွယ်ဆေးထိုးတဲ့ နေရာတစ်ခုမှာ ရာနဲ့ချီရှိတဲ့ လူအုပ်ကြီးက ဂိတ်တံခါးကိုတွန်းပြီး အထဲကိုဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အထဲမှာ နေရာမရှိလို့ စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ကြဖို့ ဂိတ်စောင့်က ပြောရပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေ သန်း၂၅၀ မှာ ၈ ရာခိုင်နှုန်းအောက်သာ ကာကွယ်ဆေးထိုးထားပြီး ဖြစ်တာမို့ ဒယ်လ်တာ လို ကူးစက်မြန် မျိုးပြောင်း ရောဂါပိုးသစ်ကြောင့် ရောဂါကူးစက်မှုတွေ အကြီးအကျယ် တိုးလာနေချိန်မှာ ကာကွယ်ဆေးထိုးနိုင်ဖို့ လူတွေ အသည်းအသန် ကြိုးစားနေကြတာပါ။

လူတွေ နားလည်မှုလွဲနေကြတဲ့အကြောင်း မြို့တော်ဝန် အာရိဖ် ဝစ်စမန်ဆီယာက အဲဒီ အဆောက်အအုံထဲကနေ ရှင်းပြနေပါတယ်။ အရင်မှတ်ပုံတင်ပြီးမှသာ အဲဒီမှာ ကာကွယ်ဆေး လာထိုးခွင့်ရမယ်လို့ သူက ပြောပါတယ်။

ဂိတ်အပြင်မှာလည်း လူတွေကို အိမ်ပြန်ကြဖို့ အစောင့်တွေက အသံချဲ့စက်နဲ့ လိုက်အော်နေပါတယ်။ ဒါပေမယ့် ဘယ်သူမှ အဲဒီနေရာကနေ ထွက်မသွားကြပါဘူး။

ဆေးအာနိသင် ထိရောက်မှု မရှိ

အင်ဒိုနီးရှား၊ ကိုဗစ်၊ ဆီနိုဗက် ကာကွယ်ဆေး၊

ဓာတ်ပုံ ရင်းမြစ်, Antara/Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံတဝန်းက ကာကွယ်ဆေးထိုးတဲ့ နေရာတွေမှာ လူတွေ ရာပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေ

လောလောဆယ် အင်ဒိုနီးရှားနိုင်ငံမှာ နေ့စဉ် ရောဂါကူးစက်မှုနှုန်းက ၂ သောင်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ ဂျာကာတာမြို့အပြင်မှာ ဆေးစစ်တာတွေ သိပ်မလုပ်နိုင်တဲ့အတွက် ရောဂါကူးစက်သူ အရေအတွက်က ဒါ့ထက် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။

တခါ တကယ်လို့ ကာကွယ်ဆေး ထိုးရရင်လည်း တရုတ်ပြည်က ထုတ်တဲ့ ကာကွယ်ဆေး တစ်မျိုးပဲ ထိုးခွင့်ရမှာဖြစ်ပြီး အဲဒီ တရုတ်ထုတ်ကာကွယ်ဆေးက ဘယ်လောက်အထိ ထိရောက်မလဲ ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။

အင်ဒိုနီးရှားမှာ ဖေဖော်ဝါရီနဲ့ ဇွန်လအတွင်း ကိုဗစ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၉၄၉ ဦး သေဆုံးခဲ့ပြီး အဲဒီထဲက ဆရာဝန်အယောက်၂၀ နဲ့ သူနာပြု ၁၀ ယောက်ဟာ ဆီနိုဗက် ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားပြီးသား သူတွေ ဖြစ်ပါတယ်။

ဒီအကြောင်းကို ဆရာဝန်တွေဘက်က တရားဝင် ထုတ်ဖော်ပြောဖို့ ဝန်လေးနေကြပေမဲ့ သူတို့မှာ ရောဂါကူးစက်မှုဒဏ် ခံနိုင်ရည်အား အရမ်းကို နည်းတယ်လို့ ခံစားမိကြောင်းကိုတော့ ထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။

"အဲဒီကာကွယ်ဆေးက ထိရောက်မှု လုံးဝ မရှိပါဘူး။ ကာကွယ်ဆေးထိုးလိုက်ပေမယ့် ရောဂါပိုးကို ပြန်ခုခံကာကွယ် တိုက်ထုတ်နိုင်တဲ့ စွမ်းအားတွေ ဖြစ်မလာပါဘူး။ တစ်လကြာပြီး နောက်တစ်ကြိမ်ထပ်ထိုးတော့လည်း ဒီလိုပဲ ဘာမှမထူးဘူး" လို့ အဆုတ်ရောဂါ အထူးကု ဆရာဝန်တစ်ဦးက ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြောပြပါတယ်။

သူ့လုပ်ဖော်ကိုင်ဖက် ဆေးဝန်ထမ်း တချို့အတွက် ဒီကာကွယ်ဆေးကနေ အာနိသင် ရလဒ်ကောင်းတွေ ရပေမဲ့ သူ့အတွက်ကတော့ ဆီနိုဗက် ကာကွယ်ဆေးက လုံးဝ မထိရောက်ဘူးလို့ ပြောပါတယ်။

အင်ဒိုနီးရှား၊ ကိုဗစ်၊ ဆီနိုဗက် ကာကွယ်ဆေး၊

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကျန်းမာရေးဝန်ထမ်းတွေကို ဆီနိုဗက် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမှုကို ဇန်နဝါရီလမှာ စတင်

ဆီနိုဗက် ကာကွယ်ဆေးကို အရေးပေါ်အချိန်မျိုးမှာ အသုံးပြုဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ခွင့်ပြုထားတာပါ။ ဆီနိုဗက် ကာကွယ်ဆေးထိုးထားသူတွေရဲ့ ၅၁ ရာခိုင်နှုန်းကို ရောဂါလက္ခဏာပြတဲ့ ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်တယ် ဆိုတာကို လေ့လာချက်တွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။ လေ့လာစမ်းသပ်ခဲ့တဲ့ သူတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဆိုးဝါးတဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်မှုနဲ့ ဆေးရုံတင်ရလောက်တဲ့အထိ ရောဂါပြင်းထန်မှုတွေကိုတော့ ဆီနိုဗက် ကာကွယ်ဆေးက တားဆီးကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ဆီနိုဗက် ကာကွယ်ဆေးထုတ်တဲ့ တရုတ်ဆေးကုမ္ပဏီ Sinovac Biotech ကတော့ ဒီကာကွယ်ဆေး ၂ ကြိမ်ထိုးရင် ရောဂါပိုးကို ကာကွယ်ဖို့ လုံလောက်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး တတိယအကြိမ် ထိုးရင် ဘယ်လောက် ပိုထိရောက်သလဲ ဆိုတာကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေပြီး ပဏာမတွေ့ရှိချက်တွေအရ အားတက်စရာ ရလဒ်တွေ တွေ့ရတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

"၂ ကြိမ်ထိုးပြီးသွားတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲကနေ ကိုယ်ခံ စွမ်းအားတွေထွက်လာပြီး ဖြစ်ပါတယ်။ ဒီတော့ ဘယ်အချိန်မှာ တတိယအကြိမ်ထိုးဖို့ လိုမလဲ ဆိုတာ လေ့လာစမ်းသပ်နိုင်ဖို့ သုတေသီ ပညာရှင်တွေကို အချိန် ထပ်ပေးကြပါ"လို့ ဆီနိုဗက် အမှုဆောင်အရာရှိချုပ် ယင်ဝေဒန်က တရုတ်အစိုးရပိုင် ရုပ်မြင်သံကားသတင်းဌာန CCTV ကိုပြောပါတယ်။

ဆီနိုဗက်ကာကွယ်ဆေး၂ ကြိမ်ထိုးထားအပြီး ၃ လနဲ့ ၆ လ အကြာမှာ ကိုယ့်သဘောဆန္ဒအလျောက် တတိယအကြိမ် ကာကွယ်ဆေး စမ်းသပ်ထိုးခဲ့သူတွေဟာ သူတို့ခန္ဓာကိုယ်ထဲက ကိုယ်ခံအားက တစ်ပတ်အတွင်းမှာ ဆယ်ဆတက်လာပြီး ၁၅ရက်အတွင်းမှာ အဆ၂၀ တက်လာတယ်လို့ ယင်ဝေဒန်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးအဖွဲ့ကြီးရဲ့ ရောဂါထိန်းချုပ်လျှော့ချရေးအဖွဲ့ကတော့ ခြုံပြီး ကြည့်ရင် WHO နဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေက အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတိုင်းဟာ ကိုဗစ်ရောဂါ ကူးစက်မှုလျှော့ချရာမှာတော့ အထောက်အကူပြုလိမ့်မယ်ဆိုတာကို သူတို့အနေနဲ့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခု ဆွေးနွေးနေတာက ကျန်းမာရေးဝန်ထမ်းတွေကို နောက်ထပ် ကာကွယ်ဆေး ထပ်ထိုးပေးသင့်သလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဆေးနောက်တစ်ကြိမ် ထပ်ထိုးသင့် မထိုးသင့်

ကာကွယ်ဆေး တတိယအကြိမ်ထိုးဖို့ ထောက်ခံ အားပေးတဲ့သူတွေထဲမှာ သြစတြေးလျနိုင်ငံ ဂရီဖစ်တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာဒစ်ကီ ဘူဒီမန် လည်း ပါပါတယ်။

"မျိုးပြောင်း ရောဂါပိုးသစ် အကြီးအကျယ် ကူးစက်တာကို ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာ ဆေးနောက်တစ်ကြိမ် ထပ်ထိုးဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒယ်လ်တာလို ကူးစက်မြန် ကိုဗစ်ပိုးမျိုး ကူးစက်ပျံ့ပွားနေချိန်မှာ ဆီနိုဗက် ကာကွယ်ဆေးကို ထိရောက်မှု ပိုရှိအောင် လုပ်ဖို့နဲ့ ခန္ဓာကိုယ်တွင်း ခုခံစွမ်းအားတွေ တိုးလာအောင် လုပ်ဖို့ လိုနေပါတယ်"လို့ သူကပြော ပါတယ်။

အင်ဒိုနီးရှား၊ ကိုဗစ်၊ ဆီနိုဗက် ကာကွယ်ဆေး၊

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လူထုကို ကိုဗစ်ရောဂါ မကူးစက်အောင် ကာကွယ်ဖို့ ဆီနိုဗက် ကာကွယ်ဆေးကို အားကိုးနေရ

ဆေးထိုးထားတဲ့အချိန် ကြာလာတာနဲ့အမျှ ကာကွယ်ဆေးရဲ့ အာနိသင်လျော့လာပြီး မထိရောက်တော့ကြောင်းနဲ့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေး ထိုးထားတာက ဇန်နဝါရီလကတည်းက ဖြစ်ပြီး အခုဆိုရင် ၆ လလောက်ရှိသွားပြီ ဖြစ်ကြောင်း အင်ဒိုနီးရှားတက္ကသိုလ်က ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာတီရီယူနစ်မီကိုက ပြောပါတယ်။

ဒါပေမယ့် အယ်လန်ဂါတက္ကသိုလ်က ကထိက ‌ဒေါက်တာဝင်ဒူ ပူရ်နိုမိုကတော့ ကာကွယ်ဆေး တတိယအကြိမ်ထိုးတာက အဓိပ္ပာယ် ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

"ကာကွယ်ဆေး ၂ ကြိမ်စလုံး ထိုးပြီးသား ကျန်းမာရေးဝန်ထမ်းတွေ အများကြီး သေနေကြတာကို ကျွန်တော်တို့ တွေ့ နေရတယ်။ ဒါက မဖြစ်သင့်ပါဘူး။ တကယ်လို့ ဆီနိုဗက်ကာကွယ်ဆေးက ကိုဗစ်ရောဂါကို မကာကွယ်နိုင်ဘူးဆိုရင် တတိယအကြိမ် ထိုးရင်လည်း ဘာမှ ထိရောက်မှာမဟုတ်ပါဘူး"

အင်ဒိုနီးရှားအစိုးရရဲ့ ကာကွယ်ဆေးထိုးရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာ နာဒီ တာမီဇီကတော့ နောက်ထပ် သတင်းအချက်အလက်တွေ ထပ်ရဖို့ စောင့်နေတယ်လို့ ဆိုပါတယ်။

"ကာကွယ်‌ဆေး တတိယအကြိမ်ထိုးရေးနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ စမ်းသပ်ထုတ်ပြန်ချက်တွေ ဒါမှမဟုတ် WHOအဖွဲ့ဆီက အတည်ပြုချက်တွေ ထွက်မလာသေးပါဘူး။ ဒါတွေရဖို့ ကျွန်မတို့ စောင့်နေပါတယ် လို့ သူက ပြောပါတယ်။

"ကာကွယ်ဆေး နှစ်ခါ ထိုးအပြီး ဖြစ်လာတဲ့ အာနိသင်တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ကိုယ်ပိုင် သုတေသနအဖွဲ့က စောင့်ကြည့် စမ်းသပ်စစ်ဆေးတာတွေက တတိယ အဆင့်ကို ရောက်နေပါပြီ။ ကာကွယ်ဆေး တတိယအကြိမ်ထိုးဖို့ လိုမလို ဆုံးဖြတ်ရာမှာ ကျွန်မတို့ရဲ့ ဒီလေ့လာမှုကနေလည်း အထောက်အကူပြုပါလိမ့်မယ်"

ကိုဗစ်ကပ်ဘေး ကျရောက်လုနီးအခြေအနေ

အင်ဒိုနီးရှား၊ ကိုဗစ်၊ ဆီနိုဗက် ကာကွယ်ဆေး၊

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကူးစက်မြန် ဒယ်လ်တာ မျိုးပြောင်း ကိုဗစ်ပိုးသစ်ကြောင့် ရောဂါကူးစက်မှုတွေ တိုးလာနေ

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်ဖြစ်ပွားမှု အဆိုးရွားဆုံးနိုင်ငံတစ်ခု ဖြစ်နေပြီး ရောဂါပိုး ကူးစက်ခံရသူ နှစ်သန်း တစ်သိန်း၊ သေဆုံးသူ ငါးသောင်း ခုနှစ်ထောင်ကျော် ရှိနေပါပြီ။

ဆေးရုံတွေမှာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေပြီး အောက်ဆီဂျင်တွေ ပြတ်လပ်လာနေတာနဲ့အမျှ အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ်ကပ်ဘေး ချောက်ကမ်းပါးကြီးထဲ ကျဖို့ တည်းတည်းလေးပဲ လိုတော့တယ်လို့ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

ကိုဗစ်ရောဂါကို အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မေလကစလို့ ကလေးတွေမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ၃ ဆ မြင့်လာခဲ့ပြီး ကလေးသေဆုံးမှုတွေကလည်း အကြီးအကျယ် မြင့်တက်လာနေပါတယ်။

ဒါကြောင့် အသက်၁၂ နှစ်နဲ့ အထက် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက မကြာသေးခင်က ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုတွေ ထက်ဝက်လျော့ကျသွားစေဖို့ ရည်ရွယ်ပြီး ဂျာဗားကျွန်းနဲ့ ဘာလီကျွန်းတွေကို သီတင်း နှစ်ပတ် လော့‌ခ်ဒေါင်း ထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အက်စ်ထရာ ဇက်နက်ကာနဲ့ ဆီနိုဖမ် ကာကွယ်ဆေးတွေလို တခြား ကိုဗစ် ကာကွယ်ဆေးတွေလည်း ရကောင်း ရနိုင်ပေမဲ့ ကာကွယ်ဆေး အများစုက အင်ဒိုနီးရှားရဲ့ မဟာမိတ် တရုတ်နိုင်ငံက တင်ပို့တဲ့ ဆေးတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်တွေ့မှာ အင်ဒိုနီးရှားအစိုးရအနေနဲ့ ဆီနိုဗက် ကာကွယ်ဆေးတွေကို ဆက်သုံးနေဖို့က လွဲလို့ လောလောဆယ်မှာ တခြား ရွေးချယ်စရာ မရှိတဲ့ အခြေအနေမျိုး ရောက်နေပါတယ်။