တရုတ်နည်းပညာကုမ္ပဏီတွေ လွှမ်းမိုးလာတဲ့ ယူရိုဘောလုံးပြိုင်ပွဲ

TikTok ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ၊ စိန်ခေါ် ပုံတူ လုပ်ဆောင်မှု hashtag challenges တွေနဲ့ augumented reality effects တွေနဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲကို လူသိပိုများအောင် လုပ်ရင်း၊ ကိုယ်တိုင်လည်း ကြော်ငြာပြီးသား ဖြစ်သွားအောင် လုပ်ဆောင်နေ
ဓာတ်ပုံ ပုံစာ, TikTok ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ၊ စိန်ခေါ် ပုံတူ လုပ်ဆောင်မှု hashtag challenges တွေနဲ့ augumented reality effects တွေနဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲကို လူသိပိုများအောင် လုပ်ရင်း၊ ကိုယ်တိုင်လည်း ကြော်ငြာပြီးသား ဖြစ်သွားအောင် လုပ်ဆောင်နေ
ရေးသားခဲ့သည်။

လက်ရှိကာလမှာ တရုတ်နည်းပညာကုမ္ပဏီကြီးတွေ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ဘောလုံးသာမက အားကစားပြိုင်ပွဲကြီးတွေမှာ သူတို့ရဲ့ အမှတ်တံဆိပ် လူသိများဖို့အတွက် ပြိုင်ပွဲမှာ ကုန်ကျစရိတ်ထည့်ဝင်ကြတာ၊ ကြော်ငြာထည့်လာကြတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမယ့် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတွေက နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့အထိ ကြီးထွားလာတာနဲ့အတူ သူတို့ရဲ့ အားကစားပြိုင်ပွဲကြီးတွေမှာ ပါဝင် ပတ်သက်မှုက သိသိသာသာ များလာတာကို လက်ရှိ ၂၀၂၁ ဥရောပဖလား ဘောလုံးပြိုင်ပွဲအတွင်းမှာ တွေ့လာရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ဥရောပဖလား ဘောလုံးပြိုင်ပွဲတုန်းကဆိုရင် ပြိုင်ပွဲ ကုန်ကျစရိတ် ထည့်ဝင်ပြီး ကြော်ငြာတဲ့ တရုတ်ကုမ္ပဏီက တီဗီတွေ အဓိက ထုတ်လုပ်တဲ့ HiSense ကုမ္ပဏီ တစ်ခုပဲ ရှိခဲ့တာပါ။

ဒီတစ်ကြိမ် ၂၀၂၁ ဥရောပဖလား ဘောလုံးပြိုင်ပွဲမှာတော့ HiSense ကုမ္ပဏီက ဆက်လက်ပြီး ပြိုင်ပွဲ ကုန်ကျစရိတ်မှာ ဆက်လက် ထည့်ဝင်ရုံသာမက တခြား တရုတ်နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ TikTok၊ Vivo နဲ့ Alipay တို့ကလည်း ပါဝင်လာကြပါတယ်။

အဲဒီ တရုတ်ကုမ္ပဏီတွေဟာ လက်ရှိ ဥရောပဖလားဘောလုံးပြိုင်ပွဲရဲ့ တရားဝင် ပူးပေါင်းကျင်းပကြသူများ စာရင်းဝင်ပေမယ့် အလားတူ အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Facebook၊ Google၊ Amazon၊ Apple တို့ကတော့ တခုမှ အဲဒီ စာရင်းထဲမှာ မပါဝင်ကြတာကို တွေ့ရပါတယ်။

ဒီပြိုင်ပွဲကို ဦးစီးတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းပါဝင်မှုနဲ့ ပတ်သက်လို့ သီးခြားဗျူဟာချထားတာ မရှိပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ကမ္ဘာတလွှားက ပရိသတ်တွေ စိတ်ဝင်စားကြရေးအတွက် သူတို့ အဓိကထားသလိုပဲ တစ်ကမ္ဘာလုံး ဖြန့်ကြက် သိရှိစေချင်တဲ့ အမှတ်တံဆိပ်တွေကလည်း ပါဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ချဲလ်ဆီး ပိုင်ရှင် တခြားအသင်း ဘောလုံး သမားတွေလည်းပိုင်

တရုတ်ကုမ္ပဏီတွေက ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်နေကြသလဲ

TikTok ကုမ္ပဏီကတော့ သူတို့အနေနဲ့ တရုတ်ပြည်တွင်း လုပ်ငန်းခန့်ခွဲတဲ့ အပိုင်းနဲ့ နိုင်ငံတကာ TikTok အခြေပြုတဲ့ အပိုင်းကို သီးသန့်ခွဲထားတယ်လို့ ပြောဆိုထားပြီး လောလောဆယ်မှာ ဒီပြိုင်ပွဲတစ်ခုတည်းမှာပဲ တရားဝင် ပူးပေါင်းကျင်းပပေးသူ အဖြစ် ပါဝင်ထားပါတယ်။

အခုလို ပါဝင်နေတဲ့အတွက် TikTok ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ၊ စိန်ခေါ် ပုံတူ လုပ်ဆောင်မှု hashtag challenges တွေနဲ့ augumented reality effects တွေနဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲကို လူသိပိုများအောင် လုပ်ရင်း၊ ကိုယ်တိုင်လည်း ကြော်ငြာပြီးသား ဖြစ်သွားအောင် လုပ်ဆောင်နေပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင်ကလည်း ဒီနှစ်ပြိုင်ပွဲအတွက် သီးသန့် တရားဝင် အကောင့်ဖွင့်ထားရာမှာ ဒါကို စောင့်ကြည့် follow လုပ်ထားသူ ၄.၂ သန်း ရှိနေပါတယ်။

ဒီပြိုင်ပွဲ ကုန်ကျစရိတ်ထည့်ဝင်တဲ့ နောက်ထပ် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Alipay ဆိုရင်လည်း သူ့ရဲ့ နောက်ခံ Ant Group blockchain နည်းပညာကုမ္ပဏီနဲ့အတူ တရုတ်ကုမ္ပဏီကြီးAlibaba ရဲ့ ကုမ္ပဏီခွဲတွေ ဖြစ်ကြပါတယ်။

လောလောဆယ်မှာ Alipay ကို တရုတ်နိုင်ငံပြင်ပမှာ အသုံးပြုဖို့အတွက် တရုတ်နိုင်ငံသား မှတ်ပုံတင် လိုအပ်ပြီး တရုတ်ပြည်တွင်းသုံး အဓိက ငွေပေးချေ ဝန်ဆောင်မှု တခု ဖြစ်ပါတယ်။

ဒါပေမယ့် Antchain ကုမ္ပဏီဟာ ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ တရားဝင် ငါးနှစ် ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး Alipay ဆိုရင်လည်း ရှစ်နှစ် ပူးပေါင်းဆောင်ရွက်ဖို့ သီးခြား သဘောတူထားတာ ရှိတယ်လို့ ဆိုပါတယ်။

Alipay ဟာ အခု ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းသူဆုကိုလည်း ဒီဇိုင်းဆွဲ ပုံစံ ထုတ်ပေးထားပါတယ်။

Alipay ဟာ အခု ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းသူဆုကိုလည်း ဒီဇိုင်းဆွဲ ပုံစံ ထုတ်ပေးထား

ဓာတ်ပုံ ရင်းမြစ်, UEFA

ဓာတ်ပုံ ပုံစာ, Alipay ဟာ အခု ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းသူဆုကိုလည်း ဒီဇိုင်းဆွဲ ပုံစံ ထုတ်ပေးထား

တရုတ်ကုမ္ပဏီတွေက ဘယ်လိုအကျိုးအမြတ်တွေ ရဖို့ မျှော်လင့်နိုင်သလဲ

ယူကေနိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်က အားကစား မူဝါဒနဲ့ ခန့်ခွဲရေးဆိုင်ရာ သင်ကြားသူ ရှုရှုချန်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ဥရောပဖလား ဘောလုံးပြိုင်ပွဲမှာ HiSense ကုမ္ပဏီက ပူးပေါင်း ကျင်းပသူ လုပ်ခဲ့တဲ့အတွက် ရောင်းအားတက်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ငွေကြေးအကျိုးအမြတ်ထက် ပိုပြီး အမြတ်ထွက်နိုင်တဲ့ အခြေအနေတစ်ခုလည်း ရှိနေတာကို တွေ့ရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လတ်တလော ကာလအတွင်းမှာ Alibaba လို ကုမ္ပဏီကြီးတွေ အပါအဝင် နည်းပညာ ကုမ္ပဏီကြီးတွေကို စောင့်ကြည့် ကြပ်မတ်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ သူဟာ ဘောလုံးအားကစားကို နှစ်သက်သူ တစ်ဦး ဖြစ်တဲ့အတွက် အခုလို တရုတ်ကုမ္ပဏီကြီးတွေက ဒီပြိုင်ပွဲတွေမှာ ပါဝင်ပြခြင်းအားဖြင့် သမ္မတရှေ့မှာ မျက်နှာပန်းလှအောင် ပုံဖော်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နည်းပညာနဲ့ မီဒီယာ အတိုင်ပင်ခံ ကုမ္ပဏီ Omdia က ကြော်ငြာရေးရာ အကြီးတန်း သုံးသပ်သူ မတ်ဘေလီကတော့ တစ်ဖက်မှာလည်း ဒီတရုတ်ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းဈေးကွက်မှာ စည်းကမ်းတင်းကျပ်မှုတွေ ရှိလာရာမှာ ပြည်ပဈေးကွက်ကို ဖြန့်ကြက်ဖို့ ကြိုးစားလာရတာလည်း တစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ၂၀၂၀ မှာ TikTok က ဥရောပအတွင်း အကြီးအကျယ် အောင်မြင်လာအပြီးမှာ တရုတ်ကုမ္ပဏီတွေအတွက် ဥရောပဈေးကွက်က အရေးကြီးလာတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားဘောလုံးသမားတဦးအနေနဲ့ တနှစ်ကို ပေါင် ၂.၇ သန်းထက် ပိုပြီး လစာယူလို့မရသလို ပြည်တွင်းဘောလုံးသမားတွေကိုလည်း တနှစ်လစာ ပေါင် ၆ သိန်းနီးပါးထက် ပိုမပေးရဘူးဆိုပြီး တရုတ်ဘောလုံးကလပ်တွေက ကန့်သတ်ပေးခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံခြားဘောလုံးသမားတဦးအနေနဲ့ တစ်နှစ်ကို ပေါင် ၂.၇ သန်းထက် ပိုပြီး လစာယူလို့မရသလို ပြည်တွင်းဘောလုံးသမားတွေကိုလည်း တစ်နှစ်လစာ ပေါင် ၆ သိန်းနီးပါးထက် ပိုမပေးရဘူးဆိုပြီး တရုတ်ဘောလုံးကလပ်တွေက ကန့်သတ်ပေးခဲ့ရ

တရုတ်ပြည်တွင်း ဘောလုံးအားကစား အခြေအနေရဲ့ လွှမ်းမိုးမှု

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၄ ခုနှစ်မှာ အားကစား ပညာကို တစ်နိုင်ငံလုံးရဲ့ ကျောင်းသုံးဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။

၂၀၁၆ မှာတော့ တရုတ်ဆူပါလိဂ် ဘောလုံးပြိုင်ပွဲ စတင်ကျင်းပပြီး နိုင်ငံတကာ နာမည်ကြီး ဘောလုံးသမားတွေကို ဈေးကြီးပေး ခေါ်ယူတာတွေလည်း လုပ်လာခဲ့ပါတယ်။

အခုလို ခေါ်ယူခဲ့တဲ့အထဲမှာ ဈေးအကြီးဆုံးကတော့ ချယ်ဆီးက ဘရာဇီး ကစားသမား အော်စကာကို ရှန်ဟိုင်း SIPG အသင်းက ခေါ်ယူမှု ဖြစ်ပါတယ်။

အော်စကာကို အဲဒီ တရုတ်အသင်းက ပေါင်သန်း ၆၀ ပေး ခေါ်ယူခဲ့တာဖြစ်ပြီး အော်စကာကိုလည်း တစ်ပတ်ဝင်ငွေ ပေါင် လေးသိန်း ပေးထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တရုတ်ကလပ်တွေက ကြေးကြီးပေး ခေါ်ယူမှုတွေနဲ့ လစာများများပေးတဲ့ ပုံစံတွေ လျော့ကျလာခဲ့ပါတယ်။

၂၀၂၀ ဒီဇင်ဘာလမှာတော့ တရုတ်ဆူပါလိဂ်က ငွေကြေးအခြေပြုလွန်းတဲ့ ဘောလုံးကစားမှုကို လျော့ချမှုတွေ လုပ်ဖို့ လိုလာတယ်လို့ ပြောဆိုခဲ့ပြီး ဘောလုံးသမား လစာတွေကိုလည်း အများဆုံး ဘယ်လောက်ပဲ ပေးရမယ် ဆိုပြီး ကန့်သတ်တာတွေလည်း လုပ်လာခဲ့ပါတယ်။

အဲဒီ ကန့်သတ်ချက်အရ နိုင်ငံခြားဘောလုံးသမားတစ်ဦးအနေနဲ့ တနှစ်ကို ပေါင် ၂.၇ သန်းထက် ပိုပြီး လစာယူလို့မရသလို ပြည်တွင်းဘောလုံးသမားတွေကိုလည်း တစ်နှစ်လစာ ပေါင် ၆ သိန်းနီးပါးထက် ပိုမပေးရဘူးဆိုပြီး တရုတ်ဘောလုံးကလပ်တွေက ကန့်သတ်ပေးခဲ့ရပါတယ်။

ဗီဒီယို ပုံစာ, ခေါင်းကွဲရင် လူစားထိုးဖို့ ပရီးမီးယားလိဂ်ပြင်ဆင်

ပြည်တွင်း ဘောလုံးအားကစား တိုးတက်ဖို့ ကြိုးစားမှု အပြောင်းအလဲနဲ့ ကြော်ငြာစွမ်းအား

တရုတ်ပြည်တွင်း ဘောလုံးကလပ်လောက တိုးတက်မှု အကန့်အသတ် ရှိလာတဲ့အချိန်မှာ တစ်ဖက်မှာလည်း တရုတ်ပြည်တွင်းက နိုင်ငံတကာ ကလပ်ပွဲကို အားပေးမှုကိုလည်း ပြန်တွက်ရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ယူကေက ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဆိုရင် တရုတ်ပြည်တွင်း ပရိသတ် သန်း ၂၀ဝ လောက်အထိ ရှိပြီး ဒါက ယူကေတစ်နိုင်ငံလုံး လူဦးရေရဲ့ သုံးဆလောက်အထိ များတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

အခုလက်ရှိ ဥရောပဖလား ဘောလုံးပြိုင်ပွဲကိုလည်း တရုတ်ပြည်တွင်းက သတိထား စောင့်ကြည့်လာကြပြီး ဒီပြိုင်ပွဲရဲ့ တရားဝင် ထောက်ပံ့တဲ့ ကုမ္ပဏီ အရေအတွက် သုံးပုံ တစ်ပုံလောက်ကို လွှမ်းမိုးထားတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေး အခြေအနေ ပိုကောင်းလာမှုတွေကိုလည်း တရုတ်ပြည်တွင်းမှာ ရေးသားလာကြပါတယ်။

တစ်ဖက်မှာ တရုတ်လက်ရွေးစင် ဘောလုံးအသင်းကို အခြေအနေကို ပြန်ကြည့်မယ်ဆိုရင်လည်း အားရစရာ မရှိသေးဘဲ ကမ္ဘာ့အဆင့် ၇၅ မှာသာ ရှိနေပါတယ်။

ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်ခဲ့တာဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က နောက်ဆုံးဖြစ်နေပြီး ၂၀ဝ၂ ခုနှစ် ကမ္ဘာ့ဖလားတုန်းကပဲ နောက်ဆုံး ပါဝင်ခွင့် ရထားခဲ့ပါတယ်။

ဒီလို အခြေအနေမှာ တရုတ်ကုမ္ပဏီတွေက နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေအတွင်း ကုန်ကျစရိတ်ထည့်ဝင်ပြီး ကြော်ငြာလာတဲ့ အခြေအနေဟာ ပြည်တွင်း ဘောလုံးအားကစား အာရုံစိုက်မှုကို တိုးလာစေပြီး တစ်ဖက်မှာလည်း ကုမ္ပဏီတွေဘက်က အကျိုးအမြတ်ရစေတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အခြေအနေလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ကြော်ငြာဖော်ပြမှုတွေ အွန်လိုင်းပေါ်မှာပဲ အဓိက ဖြစ်လာတဲ့ အနေအထားမှာ လက်ရှိ ဥရောပဖလား ဘောလုံးပြိုင်ပွဲလိုဟာမျိုးက တရုတ်ကုမ္ပဏီကြီးတွေအတွက် ကြုံတောင့်ကြုံခဲ ကမ္ဘာတဝန်းက လူပေါင်းများစွာကို အွန်လိုင်းက မဟုတ်ပဲ ထိထိရောက်ရောက် ကြော်ငြာနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်နေတယ်လို့ ယူကေ အရောင်းမြှင့်တင်ရေး ကုမ္ပဏီက အုပ်ချုပ်ရေး ဒါရိုက်တာ ဂျိုးစတုန်နာက ပြောဆိုခဲ့ပါတယ်။