ထိုင်းက ဖူးခက်ကျွန်း ကမ္ဘာလှည့် ခရီးသွားတွေအတွက် ပြန်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ ဖူးခက်ကျွန်းကို ပြန်ဖွင့်ပေးလိုက်ပါပြီ။
ခရီးသွား လုပ်ငန်းပြန်လည် ဦးမော့လာစေဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။
"Phuket Sandbox"လို့ အမည်ပေးထားတဲ့ စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် ကြာသပတေးနေ့မှာပဲ အရှေ့အလယ်ပိုင်း နိုင်ငံတွေက အများစု ပါဝင်တဲ့ လူပေါင်း ၂၅၀ လောက် လေကြောင်း ခရီးစဥ် ၄ ခုနဲ့ ရောက်လာဖို့ ရှိနေပါတယ်။
အဲဒီလူတွေ အကုန်လုံးဟာ ကွာရန်တင်း လုပ်စရာမလိုပါဘူး၊ ဒါပေမယ့် ၁၄ ရက်အတွင်း ထိုင်းနိုင်ငံထဲက တခြားဘယ် နေရာကိုမှ သွားခွင့် မရှိပါဘူး။
အခု စီမံကိန်းကြောင့် လာမယ့် ၃ လ အတွင်း ဒေါ်လာ ၂၇၈ သန်းလောက် ဝင်ငွေ ရမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမယ့် ဒီ ပမာဏဟာ အရင် ကပ်ရောဂါ မကူးစက်ခင် ကာလတွေက ရနေတဲ့ ဝင်ငွေနဲ့ နှိုင်းဆရင် မပြောပလောက်ပါဘူး။
ခရီးသွားလုပ်ငန်းဟာ ထိုင်းစီးပွားရေးရဲ့ ၅ ပုံ ၁ ပုံ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jonathan Head
ရိုက်တာ သတင်းဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ခရီးသွား တွေလျော့ကျသွားခဲ့နောက်မှာ ဒေါ်လာ ဘီလျံ ၅၀ လောက် ဆုံးရှုံးခဲ့ရပါတယ်။
အခုစီမံကိန်းဟာ အေင်မြင်မှု ရတယ်ဆိုရင်တော့ တခြား ကျွန်းတွေကိုလည်း အလားတူ စီမံကိန်းတွေ ချသွားဖို့ ရှိသလို လာမယ့် အောက်တိုဘာလမှာ နယ်စပ် ဝင်ပေါက်တွေကို ပြန်ဖွင့်ပေးဖို့လည်း စီစဥ်ထားပြီ ဖြစ်ပါတယ်။
အခုလို ဖူးခက် အပန်းဖြေကျွန်း ပြန်ဖွင့်လိုက်တာဟာ အန္တရာယ်ရှိနိုင်တယ် ဆိုတာကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထုတ်ဖော် ဝန်ခံခဲ့ပေမဲ့ ထိုင်းပြည်သူတွေ သက်မွေးဝမ်းကျောင်း အဆင်ပြေစေဖို့အတွက် ဒီလိုလုပ်တာကို လက်ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကို ထိန်းနိုင်ဖို့ ကြိုးစားနေစဥ်မှာပဲ အခုလို ခရီးသွားလုပ်ငန်း နာလန်ထဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာပဲ ကူးစက်ခံရသူ ၅,၅၃၃ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၅၇ ယောက်ရှိခဲ့ပါတယ်။ ဖူးခက်မှာလည်း ဗီဇပြောင်း ဒဲလ်တာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ယောက် တွေ့ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမယ့် ဖူးခက်ကျွန်းမှာတော့ ကာကွယ်ဆေး ထိုးနှံရေးတွေကို ဦးစားပေး လုပ်ပေးထားပြီး အစ္စရေး၊ အဘူဒါဘီနဲ့ ကာတာက လေယာဥ်တွေနဲ့ ကမ္ဘာ့လှည့် ခရီးသွားတွေ မရောက်လာခင်မှာပဲ ကျွန်းမှာ နေထိုင်သူ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ပါတယ်။
အဲဒီကို လာကြမယ့် ကမ္ဘာလှည့် ခရီးသွားတွေ အနေနဲ့ ကာကွယ်ဆေး ထိုးနှံပြီးကြောင်းနဲ့ ပိုးမရှိကြောင်း ဆေးစစ်ချက်တွေကို အထောက်အထား ပြဖို့ လိုမှာ ဖြစ်ပါတယ်။
နောက်ပြီး ကျွန်းပေါ်ကို လာတဲ့ အခါမှာလည်း ပိုးရှိ မရှိ ဆေးစစ်မှုတွေ လုပ်ကြရမှာ ဖြစ်ပါတယ်။ နောက် ရောက်တာနဲ့ သူတို့ရဲ့ သွားလာ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်မယ့် အက်ပ် တခုကို ဒေါင်းလုပ် လုပ်ကြရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲက တခြား နေရာ ဒေသတွေကို သွားလာချင်ကြသူတွေ အနေနဲ့တော့ သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ ၃ ကြိမ် စစ်ဆေးပြီး ပိုးမတွေ့ဘူး ဆိုရင် ၁၄ ရက် အကြာမှာ စတင်သွားလာခွင့် ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jonathan Head








