ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်အခြေအနေ ဘယ်လိုရှိနေသလဲ
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးရသူ အရေအတွက်ဟာ ဇွန်လ ၂၈ ရက်နေ့ အချက်အလက်တွေအရ ဆိုရင် ၃.၉ သန်း ရှိသွားပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၈ ရက်နေ့မှာ ကမ္ဘာတစ်ဝန်း ဒီရောဂါကြောင့် သေဆုံးသူ နောက်ထပ် ၆၂၂၇ ယောက် ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ်လ နီပါး ကာလအတွင်း ဒါဟာ အကျဘက်ကို ရောက်နေတဲ့ နေ့စဉ်သေဆုံးနှုန်းတခု ဖြစ်ပါတယ်။
အဲဒီ ရောဂါကူးစက်ခံခဲ့ရသူ စုစုပေါင်း အရေအတွက်ကတော့ ၁၈၁.၁ သန်း ရှိခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့ ဒီရောဂါကူးစက်ခံနေရကြောင်း တွေ့ရှိရသူ အသစ် ၃၁၃၅၉၈ ယောက် ရှိခဲ့ရာမှာ ဒီနှုန်းကလည်း ပြီးခဲ့တဲ့ နှစ်လ နီးပါး ကာလအတွင်း အကျဘက်မှာ ရှိနေတဲ့ နှုန်းတစ်ခု ဖြစ်ပါတယ်။
အခုလို ကူးစက်မှုခံရသူ နိုင်ငံအရေအတွက်ကလည်း ၂၀ဝ နီးပါးခန့်ရှိနေပြီး ကူးစက်ခံမှု အများဆုံးဖြစ်ခဲ့တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးတို့ ဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေပြီးရင် အများဆုံးတွေ့ရတဲ့ နိုင်ငံတွေကတော့ ပြင်သစ်၊ တူရကီ၊ ရုရှားနဲ့ ယူကေတို့ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်ခံရသူ တွေ့ရှိမှုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီလကုန်လောက်မှ သန်း ၁၀ဝ ပြည့်ခဲ့တဲ့ ဖြစ်ပေမဲ့ လက်ရှိ ဇွန်လ ၂၈ အရောက်မှာ သန်း ၁၈၀ ကျော်သွားတဲ့အတွက် ကူးစက်နှုန်း ခုန်တက်လာနေတာကို တွေ့ရပါတယ်။
အခုလို ကူးစက်မှု သန်း ၁၀ဝ ပြည့်တဲ့အချိန်နဲ့ ကိုဗစ် ပထမဆုံး စတွေ့ရတဲ့ ကာလနဲ့က တနှစ်လောက် ခြားခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဒေသကြီး ၇ ခု အလိုက် နှိုင်းယှဉ်ချက်
ဥရောပတိုက်ဟာ ကိုဗစ်အခြေအနေကို အခံရဆုံးလို့ ဆိုနိုင်ပြီး ကူးစက်ခံရသူ ၅၄ သန်းကျော်နဲ့ သေဆုံးသူ ၁.၁ သန်းကျော် ရှိခဲ့ပါတယ်။
ဥရောပတိုက်ပြီးရင် ဒုတိယလိုက်တဲ့ ဒေသကတော့ လက်တင် အမေရိက ခေါ် တောင်အမေရိကန်တိုက်နဲ့တကွ အမေရိကတိုက်အလယ်ပိုင်းနဲ့ ကာရစ်ဘီယန်ဒေသ ဖြစ်ပြီး ကူးစက်ခံရသူ ၃၇ သန်းကျော် ရှိခဲ့ပါတယ်။
ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးရသူ အရေအတွက်ကတော့ ဒီဒေသက အများဆုံးဖြစ်ပြီး ၁.၂၆ သန်းကျော် ရှိခဲ့ပါတယ်။
မြောက်အမေရိကတိုက်နဲ့ အာရှတိုက် တို့ကတော့ ကိုဗစ်ကူးစက်ခံရမှုနှုန်း ၃၅ သန်း နီးပါးစီနဲ့ မတိမ်းမယိမ်း ရှိနေကြသူ သေဆုံးရသူ အရေအတွက်ကတော့ မြောက်အမေရိကတိုက်က ခြောက်သိန်းကျော်နဲ့ အာရှတိုက်က ငါးသိန်း ခုနှစ်သောင်းကျော် ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေမှာလည်း ကိုဗစ်ပိုး ကူးစက်ခံရသူ ကိုးသန်းခွဲ နီးပါးရှိပြီး သေဆုံးသူ တစ်သိန်းခွဲကျော် ရှိခဲ့ပါတယ်။
အာဖရိကတိုက် နိုင်ငံတွေမှာတော့ ကူးစက်ခံရသူ ငါးသန်းခွဲ နီးပါးရှိတဲ့အထဲက သေဆုံးသူ တစ်သိန်းခွဲ နီးပါး ရှိနေပါတယ်။
သြစတြေးလျပါဝင်တဲ့ သမုဒ္ဒရာပိုင်းဒေသ နိုင်ငံတွေမှာတော့ ကူးစက်ခံရသူ ရှစ်သောင်းကျော်နဲ့ သေဆုံးသူ ၁၄၀ဝ ကျော်သာ ရှိပါတယ်။
လူဦးရေအလိုက် သေဆုံးနှုန်းက ဘယ်နိုင်ငံတွေ အများဆုံး ဖြစ်ခဲ့သလဲ
ကမ္ဘာပေါ်မှာ ကိုဗစ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ အများဆုံးရှိခဲ့တဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်ဒေသအတွင်းမှာပဲ လူဦးရေအလိုက် သေဆုံးနှုန်း အများဆုံးနိုင်ငံကို တွေ့ရပြီး အဲဒီနိုင်ငံကတော့ လက်ရှိလည်း ရောဂါထိန်းချုပ်ဖို့ အခက်အခဲ ကြုံနေရတဲ့ ပီရူးနိုင်ငံပဲ ဖြစ်ပါတယ်။
လူဦးရေ သန်း ၃၀ ကျော်ရှိတဲ့ ပီရူးနိုင်ငံမှာ ကူးစက်ခံရကြောင်း တွေ့ရှိရသူ ၂ သန်းကျော် ရှိတဲ့အထဲက ၂ သိန်း နီးပါး သေဆုံးခဲ့တဲ့အတွက် လူတစ်သိန်းမှာ အယောက် ၆၀ဝ နီးပါး နှုန်းနဲ့ သေဆုံးနေတာဖြစ်သလို ကူးစက်ခံရသူ ၁၀ ယောက်မှာ တစ်ယောက် သေဆုံးရတဲ့အထိ အလွန်မြင့်မားနေပါတယ်။
ဥရောပမှာ ကူးစက်ခံရသူတွေထဲက လူတစ်သိန်းကို ဘယ်နှစ်ယောက် သေဆုံးသလဲ ဆိုတဲ့နှုန်းနဲ့ တွက်ကြည့်ရာမှာ သေဆုံးနှုန်း အများဆုံးကတော့ ဟန်ဂေရီ နိုင်ငံဖြစ်ပြီး လူ ၈သိန်းကျော် ကူးစက်ခံရတဲ့အထဲက လူ သုံးသောင်းနီးပါး သေဆုံးထားပါတယ်။
အခုလို တွက်ချက်တဲ့ လူသေဆုံးနှုန်းအရ ဆိုရင်လည်း အများဆုံးရှိတဲ့ ၁၀ နိုင်ငံထဲမှာ ၈ နိုင်ငံက ဥရောပက ဖြစ်နေပါတယ်။
အာဖရိကတိုက်က ကိုဗစ်ကြောင့် သေဆုံးနှုန်း အများဆုံးနိုင်ငံကတော့ တူနီးရှားနိုင်ငံဖြစ်ပြီး လူလေးသိန်းကျော် ကူးစက်ခံရတဲ့အထဲက လူ တစ်သောင်းခွဲ နီးပါး သေဆုံးခဲ့ပါတယ်။
အီရန်ကတော့ အာရှမှာ သေဆုံးနှုန်း အများဆုံးနိုင်ငံ ဖြစ်နေပြီး လူ သုံးသန်းကျော် ကူးစက်ခံရတဲ့အထဲက ရှစ်သောင်းကျော် သေဆုံးခဲ့ပါတယ်။
မြောက်အမေရိကဒေသ အမေရိကန်နိုင်ငံက လူ ၃၃ သန်းခွဲ နီးပါး ကူးစက်ခံရတဲ့အထဲက ခြောက်သိန်းကျော် သေဆုံးထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာတော့ ဂျော်ဒန်နိုင်ငံမှာ လူသေဆုံးမှုနှုန်း အများဆုံးဖြစ်ပြီး ခုနှစ်သိန်းခွဲနီးပါး ကူးစက်ခံရတဲ့အထဲက တစ်သောင်းနီးပါး သေဆုံးခဲ့ပါတယ်။
ကူးစက်ခံရသူနဲ့ လူဦးရေ အရေအတွက်အလိုက် မဟုတ်ပဲ ဆိုရင်တော့ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ခြောက်သိန်းကျော် အနေနဲ့ အများဆုံးရှိတဲ့ နိုင်ငံဖြစ်နေပါတယ်။
အမေရိကန်ပြီးရင် ဒုတိယလိုက်တဲ့ သေဆုံးသူ များတဲ့နိုင်ငံကတော့ ဘရာဇီးဖြစ်ပြီး ငါးသိန်းကျော် ကိုဗစ်ကြောင့် သေဆုံးခဲ့ပါတယ်။
အိန္ဒိယကတော့ လူ သန်းသုံးဆယ်ကျော် ကူးစက်ခံရ ရာမှာ လူလေးသိန်း နီးပါး သေဆုံးပြီး တတိယ လိုက်နေပါတယ်။
ဥရောပမှာ ကိုဗစ်ကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံတွေကတော့ ရုရှား၊ ယူကေနဲ့ အီတလီ နဲ့ ပြင်သစ်တို့ဖြစ်ပြီး လူတစ်သိန်းကျော်တဲ့အထိ သေဆုံးမှု များတဲ့ နိုင်ငံတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်ခံရသူနဲ့ သေဆုံးသူ လုံးဝမရှိတဲ့ နိုင်ငံဆိုလို့ ပါလူအို တစ်နိုင်ငံတည်းသာရှိပြီး အဲဒီနိုင်ငံကတော့ လူဦးရေ နှစ်သောင်း နီးပါးသာရှိတဲ့ အနောက်ပစိဖိတ်သမုဒ္ဒရာ အတွင်းက ကျွန်းနိုင်ငံငယ်လေး ဖြစ်ပါတယ်။
ဘယ်ဒေသတွေမှာ ကာကွယ်ဆေး အများဆုံး ထိုးထားကြသလဲ
ဇွန်လ ၂၈ ရက်နောက်ဆုံးထား ရရှိတဲ့ အချက်အလက်တွေ အရ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးမှု အချက်အလက်တွေ ထုတ်ပြန်ထားတဲ့ နိုင်ငံ ၁၉၃ နိုင်ငံရှိပါတယ်။
အဲဒီအထဲမှာ ဝင်ငွေမြင့်နိုင်ငံ ၆၇ နိုင်ငံ၊ အလယ်အလတ် ဝင်ငွေရှိ နိုင်ငံ ၁၀၁ နိုင်ငံနဲ့ ဝင်ငွေနိမ့်နိုင်ငံ ၂၁ နိုင်ငံ ရှိတာကို တွေ့ရပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးရင် ဂျွန်ဆင်အန်ဂျွန်ဆင် ကုမ္ပဏီရဲ့ ကာကွယ်ဆေးကလွဲလို့ နှစ်လုံး ထိုးရလေ့ရှိရာမှာ တကမ္ဘာတစ်ဝန်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ဝ၀ နီးပါးရှိပြီး လူဦးရေ သန်း ၁၅၀ဝ ပတ်ဝန်းကျင်လောက် ထိုးထားကြနိုင်တယ်လို့ အကြမ်းဖျင်း တွက်ဆနိုင်ပါတယ်။
ကမ္ဘာ့လူဦးရေက သန်း ၇၅၀ဝ ကျော် ရှိနေတဲ့အတွက်လည်း ၂၀ ရာခိုင်နှုန်းက ကိုဗစ် ကာကွယ်ဆေး ထိုးပြီးပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကို အမှန်တကယ် ထိန်းချုပ်နိုင်ဖို့ ဆိုရင်တော့ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်အထိ ကာကွယ်ဆေးထိုးထားဖို့ လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောဆိုထားပါတယ်။
အခုလို ကိုဗစ်ကာကွယ်ဆေး အများဆုံး ထိုးပေးထားတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး အလုံးပေါင်း သန်း ၁၁၆၉ ကျော် ထိုးနှံ ပေးထားရာမှာ ဒုတိယလိုက်တဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး အလုံး သန်း ၃၂၀ ကျော်ထက် ၄ ဆ နီးပါး များတာကို တွေ့ရပါတယ်။
အမေရိကန်ရဲ့ နောက်မှာ တတိယလိုက်တာကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီး ဆေးအလုံး ၃၁၄ သန်းကျော် ထိုးပေးထားပါတယ်။
ကိုဗစ်ကြောင့် လူသေဆုံးသူ အများဆုံးရှိတဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်ဒေသမှာ ဘရာဇီးက ကိုဗစ်ကာကွယ်ဆေး အလုံး ၉၂ သန်းကျော် အထိ အများဆုံး ထိုးပေးထားတဲ့ နိုင်ငံဖြစ်ပေမဲ့ လူဦးရေ ၂၀ဝ ကျော်တဲ့ ဘရာဇီးရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ သန်း ၅၀ ပတ်ဝန်းကျင်ပဲ ကာကွယ်ဆေး ထိုးရသေးတယ်လို့ ဆိုနိုင်ပါတယ်။
ဥရောပမှာတော့ ယူကေက ကိုဗစ်ကာကွယ်ဆေးအလုံး ၇၆ သန်းကျော် နဲ့ အများဆုံး ထိုးပေးထားနိုင်ခဲ့ပြီး သူ့နောက်မှာ ဂျာမနီနဲ့ ပြင်သစ်တို့က ၇၁ သန်းကျော်၊ သန်း ၅၀ ကျော်တို့နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။
ဒါပေမယ့် လူဦးရေ တစ်သန်း အနည်းဆုံး ရှိတဲ့ နိုင်ငံတွေထဲက လူဦးရေအလိုက် ကိုဗစ်ကာကွယ်ဆေး အများဆုံး ထိုးပေးထားနိုင်တဲ့ ထိပ်ဆုံး သုံးနိုင်ငံကတော့ အာရပ်စော်ဘွားများနိုင်ငံ၊ အစ္စရေးနဲ့ ဘာရိန်း နိုင်ငံတို့ ဖြစ်ပါတယ်။
အာရပ်စော်ဘွားများနိုင်ငံမှာ လူတစ်ရာကို ဆေးအလုံး ၁၅၂ လုံးနှုန်းနဲ့ အများဆုံး ထိုးပေးထားနိုင်ခဲ့တာ ဖြစ်ပြီး ကာကွယ်ဆေး အလုံး သန်းတစ်ထောင်ကျော်ထိုးပေးထားတဲ့ တရုတ်နိုင်ငံကို အဲဒီနှုန်းနဲ့တွက်ရင် လူတစ်ရာကို ဆေးအလုံး ၈၀ ကျော် နှုန်းသာ ရှိပါတယ်။