ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် ကူးစက်မှု - ကလေး၊ လားရှိုးအပါအဝင် မြိုကြီးတချို့မှာ ကိုဗစ်ဖြစ်ပွား သေဆုံးမှုမြင့်တက်လာ
ကိုဗစ်ကူးစက်သူတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက် စံချိန်တင် တွေ့ရှိလာနေပြီး ကလေး၊ လားရှိုး၊ တီးတိန် အပါအဝင်မြို့ ကြီးအချို့မှာ ကိုဗစ်ဖြစ်ပွားသေဆုံးမှုမြင့်တက်လာနေပါတယ်။
အဲဒါနဲ့အတူ မနေ့က ဇွန် ၂၄ ရက်နေ့တစ်ရက်တည်းမှာပဲ တစ်နိုင်ငံလုံးမှာ အတည်ပြုလူနာသစ် ၇၈၇ ဦးတွေ့ရှိခဲ့ပါတယ်။
ကျန်းမာရေးဌာနရဲ့ တရားဝင် ကိန်းဂဏန်းတွေနဲ့ မြို့နယ်တချို့က မြေပြင် ကိန်းဂဏန်းက ကွာခြားမှုတွေ ရှိတယ်လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ မနေ့က သေဆုံးသူ စာရင်း ၆ ဦးသာရှိခဲ့ပေမယ့် ကလေးမြို့မှာတော့ မနေ့က ဇွန် ၂၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်ကြောင့် သေဆုံးရသူပေါင်း ၁၄ ဦး ဝန်း ကျင်ရှိခဲ့တယ်လို့ ကလေးမြို့ခံတွေထံက သိရပါတယ်။
"စင်တာကနေ ဆုံးတာကတော့ ၄ ဦးပါ။ ဒါပေမယ့် မြို့ထဲက ကိုယ့်အိမ်မယ် ကိုယ်နေနေသူတွေထဲက ဆုံးတာက ၁၀ ဦးလောက် ချပေးခဲ့ရတယ်လို့ ပရဟိတအဖွဲ့တွေဆီက ပြန်သိရတယ်။ တာဟန်းရပ်ကွက်ကတော့ အများဆုံးပဲ။ အိတ်စွပ်စင်တာမှာ လူ ၄၀၀ လောက်ဆံ့ပေမယ့် လူနာ ၂၀၀ ပဲရှိတယ်။ တချို့တွေက စင်တာက စစ်အစိုးရလက်ထက်မို့ သူတို့နဲ့ ပေါင်းဖွင့်တာဆိုပြီး မကုဘူးဆိုပြီး မလာတာတွေ ရှိတယ်။ ဒါပေမယ့် အခုကိုဗစ်က အောက်ဆီဂျင်ရှူရမယ့် အချိန်မှာ မရှူရရင် သေတာပဲ" လို့ ကလေးအိတ်စွပ်စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တကျော့ပြန်ကိုဗစ် ဖြစ်ပွားနေတဲ့ ကလေးမြို့မှာတစ်လဝန်းကျင်အတွင်း အိတ်စွပ်စင်တာနဲ့ ကလေး ပြည်သူ့ဆေးရုံ နှစ်ခုပေါင်းမှာ ကိုဗစ်ကြောင့် သေဆုံးရသူပေါင်း စုစုပေါင်း ၃၂ ဦးအထိ ရှိပြီလို့ သိရပါတယ်။
"၃၂ ဦးဆိုတာက တရားဝင်စာရင်းပေါ့နော်။ ဒါပေမယ့် ရပ်ကွက်တွေထဲ သေတဲ့သူက ၆၀ လောက်ရှိပြီလို့ သေဆုံးသူတွေကို အလောင်းကူချပေးနေရတဲ့ ပရဟိတတွေကပြောတယ်။ လက်ရှိ မြို့ပေါ်မှာတော့ နေအိမ် တွေမှာပဲ home quarantine နေတဲ့အိမ်ဆိုတဲ့ စာတမ်းချိတ်ပြီး နေအိမ်တွေမှာပဲ နေနေတဲ့သူတွေကလည်း အများကြီးပဲ။ ဆေးဆိုင် ၃ဆိုင်ကလည်း ဝန်ထမ်းတွေ ထိသွားတော့ ကျန်တဲ့ဆေးဆိုင်အများစုကပါ ကြောက်ပြီး ပိတ်ထားကြတယ်။ ဆေးတွေပါဝယ်ရခက်ကုန်တယ်။ အခုဆို ကိုဗစ်စစ်လို့ရတဲ့ Test kit တွေဝယ်ပြီး ကိုယ့်ဘာသာစစ်ကြပြီး ပေါ့စတစ်ဆို အိမ်မှာပဲ နေနေကြတာတွေလည်း ရှိနေတယ်"လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။
အလားတူ လားရှိုးမြို့မှာလည်း ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိလာပြီး ဈေးတွေပါ ပိတ်ထားရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
"မနေ့က ကိုဗစ်ပေါ့စတစ်လူနာထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆုံးတယ်။ သံသယလူနာ နှစ်ဦးလည်း ဆုံးတာရှိတယ်။ အခုထိဆို ငါးဦးထက်မနည်းတော့ ရှိနေပြီ။ ပေါ့စတစ်လူနာအနေနဲ့ကတော့ ၂၀၀ လောက်ရှိနေပြီ" လို့ လားရှိုးလူငယ်ပရဟိတအဖွဲ့က လူငယ်တစ်ဦးက ကူညီဆောင်ရွက်ပေးနေရတဲ့ အခြေအနေကို ပြောပြပါတယ်။
ချင်းပြည်နယ်တီးတိန်မြို့မှာလည်း ကိုဗစ်ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေပြီး ဒီကနေ့ ဇွန် ၂၅ ရက် မနက်ပိုင်းကလည်း ကိုဗစ်ကြောင့် သေဆုံးသူတစ်ဦး ရှိခဲ့ပါတယ်။
ဒါ့အပြင် လူနာတွေအတွက် အောက်ဆီဂျင်တွေလည်း လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ကိုဗစ်ဖြစ်ပွားမှုအခြေအနေအဆိုးရွားဆုံးလို့ ဆိုနိုင်တဲ့ ကလေးမြို့မှာတော့ CDM လုပ်ထားတဲ့ ဆရာဝန်တချို့ဟာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ကလေးပြည်သူ့ဆေးရုံမှာ လူနာတွေ ကုသပေးဖို့ ယာယီပြန်လာကူပေးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
အခုချိန်ထိမြန်မာနိုင်ငံမှာ စုစုပေါင်းကူးစက်သူ ၁၅၁,၅၇၃ ဦးရှိပြီး သေဆုံးသူ ၃,၂၈၂ ဦး ရှိပြီ ဖြစ်ပါတယ်။
အဲဒီလို ကိုဗစ်ကူးစက်မှုတွေ နေ့စဥ် ရာချီကူးစက်ပြီး မြင့်တက်လာချိန်မှာ ရန်ကုန်မှာတော့ ရန်ကုန်ဆေးရုံကြီးကို ဒီကနေ့ကစပြီး ၂၄ နာရီ ပြန်ဖွင့်ပြီး တခြားလူနာတွေနဲ့အတူ ကိုဗစ်လူနာတွေကို ကုပေးမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီလက်အောက် ကျန်းမာရေးဘက်က ဆေးရုံတွေကို အခုလိုပြင်ဆင်နေပြီ ပြောပေမယ့် ပိုးတွေ့လူနာတွေကို ထားဖို့ နေရာမလုံလောက်တာ၊ ဆရာဝန်အပါအဝင်ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ကိုဗစ်ဖြစ်ပွားတဲ့မိသားစုတချို့ က လူမှုကွန်ရက်မှာ ပြောဆိုမှုတွေကို တွေ့ရပါတယ်။
အဲဒါမတိုင်ခင်လည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကူးစက်မှု စတင်များပြားလာချိန်က အဲဒီနေရာတွေအတွက် ဆေးဝါး၊ ကုသရေးပစ္စည်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပို့ဆောင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောထားပေမဲ့ ကူးစက်မှု တိုးလာတဲ့ နယ်တွေမှာ ဒေသခံတွေနဲ့ ဒေသခံ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေက စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။