တရုတ်ပြည်မှာ ရူးလောက်အောင် ချမ်းသာတိုင်း ကောင်းသေးရဲ့လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဝေရီရစ်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန
- ရေးသားခဲ့သည်။
တနေ့တာ စားစရိတ်အတွက် ယွမ် ၆၅၀ နဲ့ လောက်သလား။
Harper's Bazaar China ရဲ့ အရင် အယ်ဒီတာချုပ် Su Mang က မလောက်ဘူးလို့ ဆိုပါတယ်။ သူက ရုပ်သံ အစီအစဥ်တခုမှာ ပြောခဲ့တာ ဖြစ်ပြီး တရုတ် လူမှု ကွန်ရက်မှာ ဝေဖန်သံတွေ ညံသွားပါတယ်။
50km Taohuawu လို့ ခေါ်တဲ့ နာမည်ကျော် ၁၅ ယောက် အတူနေကြတဲ့ အကြောင်း ပြသတဲ့ ရုပ်သံအစီစဥ်မှာ ပြောခဲ့တာ ဖြစ်ပြီး သူက ကျွန်မတို့ ကောင်းကောင်းစားဖို့လိုတယ်၊ ခပ်ညံ့ညံ့ တွေမစားနိုင်ဘူးလို့ ပြောခဲ့တာပါ။
သူ့စကားတွေက တော်တော် ထိရှစေခဲ့ပြီး အင်တာနက်ကို အမြဲသုံးနေတဲ့ netizen တွေက သူတို့ဆို တနေ့ကို စားဖို့ ယွမ် ၃၀ ထက် ပိုမသုံးကြဘူးလို့ ပြောလာကြပါတယ်။
"China's Devil Wears Prada" လို့လည်း လူသိများကြတဲ့ Su Mang က အထင်လွဲနေကြတာပါဆို ပြန်ရှင်းပါတယ်။ သူပြောတဲ့ ယွမ် ၆၅၀ က သူ့အတွက် အဲဒီ ရုပ်သံအစီအစဥ် တခုလုံးစာအတွက် ပါလို့ ပြောပါတယ်။ ပြည်သူလူထုကတော့ ဒါကို လက်မခံပါဘူး။
သူ့ဘာသာ ကြိုက်သလို ရှင်းနိုင်ပါတယ်။ တကယ်တော့ ကျော်ကြားသူတွေဟာ သူတို့ကိုယ်တိုင်တောင် သတိမထားမိဘဲ လူ့မလိုင် ဖြစ်လာနေကြတာပါလို့ Weibo ပေါ်မှာ လူတယောက် ရေးပါတယ်။ ဒါဟာ တရုတ်ပြည်မှာ ကြွယ်ဝတဲ့ လူတယောက်ရဲ့ အပြုအမူနဲ့ပတ်သက်လို့ သာမန်လူတွေအကြား မကျေမနပ် ဖြစ်သွားစေခဲ့တဲ့ နောက်ဆုံးပေါ် ဖြစ်ရပ်တခုပဲ ဖြစ်ပါတယ်။
ဒီနှစ် အစောပိုင်းကလည်း Huawei တည်ထောင်သူ Ren Zhengfei ရဲ့ သမီးငယ် Annabel Yao က အင်တာနက်ပေါ်မှာ သူဘဝမှာ ရုန်းကန်ခဲ့ရဖူးပါတယ်လို့ တင်ခဲ့တာကြောင့် လူတွေအကြား ပြောစရာ ဖြစ်ခဲ့ကြပါတယ်။
သူ သီချင်းဆိုတော့မယ်လို့ ကြေညာခဲ့တဲ့ ၁၇ မိနစ်ကြာ ဗီဒီယိုထဲမှာ သူက သူ့ကိုယ်သူ မင်းသမီးလေးလို မနေခဲ့ဖူးဘူးလို့ ပြောခဲ့ပါတယ်။ သူနဲ့ သက်တူရွယ်တူ တွေလိုပဲ ကျောင်းကောင်းကောင်းမှာ တက်နိုင်ဖို့ အတွက် ပညာ ကြိုးစားခဲ့ရတယ် ဆို ပြောခဲ့ပါတယ်။
ဒေါ်လာ ၁.၄ ဘီလျံလောက် ချမ်းသာတဲ့ လူရဲ့ သမီးဖြစ်သူ ၂၃ နှစ်အရွယ် Annabel Yao က ဒီဗီဒီယိုကို Weibo အကောင့်မှာ တင်ခဲ့တာ ဖြစ်ပြီး နာမည်ကျော် ဖျော်ဖြေရေး ကုမ္ပဏီနဲ့ သီချင်းဆိုဖို့ စာချုပ်နိုင်ခဲ့တာ သူ့အတွက်သူ မွေးနေ့လက်ဆောင် ပြန်ပေးလိုက်တာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မထိုက်တန်ပါ
တရုတ်ပြည်က လူ့မလိုင်တွေဟာ အကြွားထူလို့ လူသိများကြပါတယ်။ အွန်လိုင်းပေါ်မှာ သူတို့ စီးတဲ့ ဇိမ်ခံကား အကောင်းစားတွေနဲ့ ပိုက်ဆံအိတ် တွေကို တင်ပြီး ကြွားဝါကြသလို သူတို့ရဲ့ ပရိတ်သတ်တွေကလည်း ဒါတွေကို ကြည့်ပြီး အားကျလေ့ ရှိကြပါတယ်။
ဒါပေမယ့် ရည်ရွယ်သည် ဖြစ်စေ မရည်ရွယ်သည် ဖြစ်စေ ကိုယ်ချမ်းသာတာကို ကြွားမိရင် စက်ဆုပ်တဲ့ အထင်သေးတဲ့ တုံ့ပြန်မှုတွေ ပိုပြီး ကြုံလာနေရပါတယ်။
Ms Su နဲ့ Ms Yao တို့လို လူတွေကို လူတွေကိုလည်း ပိုပြီး ပစ်မှတ်ထားလာကြပါတယ်။ ဒါကလည်း fuerdai လို့ ခေါ်တဲ့ ဒုတိယမျိုးဆက် လူချမ်းသာတွေဟာ မတန်မရာနဲ့ ငွေတွေအများကြီး ရနေကြတယ်လို့ ရှုမြင်လာကြတာကြောင့် ဖြစ်ပါတယ်။
တရုတ် မီဒီယာ ယဥ်ကျေးမှုကို လေ့လာသူ Deakin တက္ကသိုလ်က ဒေါက်တာ Jian Xu က သက်သက်သာသာ လေးလုပ်ရတဲ့ ကျော်ကြားသူတွေနဲ့ ယှဥ်ရင် သာမန်လူတွေက ပင်ပင်ပန်းပန်း လုပ်ရပေမယ့် ဝင်ငွေနည်းနည်းပဲ ရတယ်ဆိုပြီး အပြစ်ဆိုချင်ကြတာလို့ ပြောပါတယ်။
မဲလ်ဘုန်းမြို့က RMIT တက္ကသိုလ်က မီဒီယာ ဘာသာရပ် ပါမောက္ခ Dr Haiqing Yu က Su Mang ရဲ့ အစားအသောက်စရိတ်ကိစ္စကို လူတွေ ဒေါပွကြတာ ဘာကြောင့်လဲ ဆိုရင် သူတို့ဆီမှာ တချို့က အင်မတန် ဝင်ငွေကောင်းနေကြပေမယ့် တချို့ကတော့ တဝမ်းတခါးစာရရုံနဲ့ ရှင်သန်နေရတာကြောင့်ပါ၊ အဲဒီအချက်ကိုလည်း တရုတ်က ဖုံးကွယ်ဖို့ ကြိုးစားနေတာပါ။
တရုတ်ပြည်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှုကို ကြီးမားပါတယ်။
တရုတ်ပြည်သူ တယောက်ရဲ့ ပျှမ်းမျှ တနှစ်ဝင်ငွေက ယွမ် ၃၂,၁၈၉ ဖြစ်ပြီး တလကို ၂,၆၈၂ ယွမ် ဝင်တယ်လို့ အမျိုးသား စာရင်းအင်း ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ တခါ ကမ္ဘာ့ တခြားမြို့တွေနဲ့ စာရင် ဘေကျင်းမြို့တော်မှာ နေထိုင်ကြသူတွေထဲမှာ ဘီလျံနာတွေ ပိုများလာနေပါတယ်။
Hurun Report လို့ခေါ်တဲ့ လူချမ်းသာ မှတ်တမ်းထဲမှာ တရုတ်ပြည်က သူဌေးတွေရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းမှာ စံချိန်တင် ဒေါ်လာ ၁.၅ ထရီလီယံ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်၊ ဒါဟာ ယူကေရဲ့ နိုင်ငံ့ဂျီဒီပီ ထက်ဝက်လောက် ရှိပါတယ်။
အခုလို ထင်ထင်ပေါ်ပေါ် ကြွားဝါ လာနေကြတဲ့ လူချမ်းသာတွေကိုလည်း အတိမ်အနက်ကို နားမလည်သူတွေ အဖြစ် ရှုမြင်လာကြပါတယ်။ ဝင်ငွေကွာဟမှု ပြဿနာရှိတဲ့ နိုင်ငံတွေမှာ ဒီလို ကိစ္စတွေဟာ သိပ်မဆန်းလှပေမယ့် တရုတ်ပြည်အတွက်ကတော့ ကသိကအောက် ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တရုတ်ပြည်မှာ အားလုံး သာတူညီမျှ ကြီးပွား ချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကြီး ရှိနေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ အရင်က တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကတောင်မှ တချို့ ဒေသတွေနဲ့ လူတွေ အရင် ချမ်းသာလာမယ်ဆိုရင်တောင် ဒီလို ဖြစ်လာဖို့ကို ရည်မှန်းကြိုးစားကြဖို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် တရုတ်ပြည်မှာ တံခါးဖွင့် စနစ် ကျင့်သုံးလာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်လာချိန်မှာ ချမ်းသာတဲ့ သူတွေပဲ ပိုချမ်းသာသွားတာကြောင့် သာမန်လူတွေဟာ နောက်မှာ ကျန်နေခဲ့ပြီး ဒါကို မနှစ်သက်ပေမယ့်လည်း ဘာမှ မတတ်နိုင်လို့ လက်ပိုက် ကြည့်နေရသလို ဖြစ်နေတယ်လို့ ဒေါက်တာ Jian Xu က ဆိုပါတယ်။
သြဇာရှိတယ်လို့ သတ်မှတ်ခံထားရသူ ထင်ပေါ်ကျော်ကြားသူတွေ အနေနဲ့ အများအတွက် ပိုပြီး လုပ်ပေးသင့်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ တခါတရံမှာ သူတို့အပေါ် မကျေနပ်မှုတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ လ အတွင်းကဆို သရုပ်ဆောင် Zheng Shuang ဟာ ရုပ်သံမှာ ပါဝင်သရုပ်ဆောင်ပေးလို့ တနေ့ကို ယွမ် ၂ သန်း ရတယ် အစီအစဉ်တခုလုံးအတွက် ယွမ်သန်း ၁၆၀ ရခဲ့တယ်ဆိုတဲ့ အပေါ် တော်တော်ကို မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။
သာမန်တလကို ယွမ် ၆,၀၀၀ လောက် ရသူ တယောက်အဖို့ နှစ်ပေါင်း ၂,၂၂၂ နှစ် ဆက်တိုက် အလုပ်လုပ်မှ ရမယ့် ယွမ် သန်း ၁၆၀ ကို ပေးတာ ဘာသဘောလဲ၊ ချင်းမင်းဆက်ခေတ်ကတည်းက ဆက်တိုက်အလုပ်လုပ်လာခဲ့မှရမှာမျိုး ဆိုပြီး တယောက်က Weibo လူမှု ကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
အဲဒီကိစ္စ မဖြစ်ခင်မှာကတည်းက Ms Zheng မှာ တခြား အငြင်းပွားစရာ ပြဿနာတွေ ရှိနေခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းကပဲ သူဟာ တရုတ်ပြည်မှာ တရားမဝင်ဘူး သတ်မှတ်ထားတဲ့ အငှားကိုယ်ဝန်ကိစ္စမှာ ပါဝင်ပတ်သက်နေခဲ့တာ ဖြစ်ပါတယ်၊ သူဟာ ပြည်ပမှာ အငှားကိုယ်ဝန်နဲ့ မွေးထားတဲ့ သူ့ ကလေး ၂ယောက်ကို စွန့်ပစ်ခဲ့တယ်ဆိုပြီး စွပ်စွဲ ခံထားရပါတယ်။
သူ့လို အင်မတန် ဝင်ငွေ ကောင်းတဲ့သူက စံပြ တယောက် အဖြစ် မနေပြနိုင်တာက တော်တော်ကို ကြီးမားတဲ့ ပြဿနာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၁၈ က တရုတ်ပြည်က အကျော်ကြားဆုံး သရုပ်ဆောင် မင်းသမီး တယောက် ဖြစ်တဲ့ Fan Bingbing ကို အခွန်ရှောင်မှုနဲ့ နေအိမ်အကျယ်ချုပ် ချခဲ့တုန်းက ကိုယ်ချင်းစာမယ့်သူ သိပ်မရှိတာလည်း ဖြစ်ပါတယ်။
ကျိုးနွံစွာ ကြွားဝါခြင်း အနုပညာ
ဒီလို ဝါကြွားလိုတဲ့ စိတ်ဓာတ်ရှိတာဟာ ယဥ်ကျေးမှု အဆင့်အတန်း နိမ့်ကျတာနဲ့ ဆက်နွှယ်နေတယ်လို့ တချို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Anxious Wealth: Money and Morality Among China's New Rich စာအုပ်ကို ရေးသားသူ John Osburg က တရုတ်ပြည်မှာ လူလတ်တန်းစားတွေ တိုးပွားလာတာနဲ့အမျှ ကိုယ်ချမ်းသာကြောင်း ဝါကြွားမှုတွေဟာလည်း လူမှုအဆင့် နိမ့်ပါးတဲ့ ဘဝတွေကလာကြတဲ့ အတွေ့အကြုံမရှိသူတွေရဲ့ လုပ်ရပ်မျိုး ဖြစ်တယ်လို့ ပညာတတ် မြို့ပြ လူတန်းစားတွေအကြားမှာ ရှုမြင်ကြတယ်လို့ ဆိုပါတယ်။
ကိုယ် ရရှိထားတဲ့ အခြေအနေတခုအပေါ် စိတ်မလုံမလဲ ဖြစ်တာကြောင့် ဗရမ်းဗတာ ကြွားဝါ ကြတာလို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း တရုတ်ပြည်မှာ ဇိမ်ခံပစ္စည်းတွေ အသုံးအဆောင်တွေကို မက်မောကြတာကတော့ ပျောက်သွားဦးမှာ မဟုတ်ပါဘူး။ စျေးကွက် လေ့လာရေး လုပ်ငန်း Euromonitor International ရဲ့ အဆိုအရ တရုတ်ပြည်ဟာ အာရှ ပိစိဖိတ် ဒေသက ဇိမ်ခံပစ္စည်း စျေးကွက်မှာ ဂျပန်ကိုတောင် ကျော်တက်သွားပြီလို့ ဆိုပါတယ်။ ဒီနှစ်ကုန်ပိုင်းဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတွေ မဖြစ်ခင် ကာလကလောက် ရောင်းအား လိုက်လာတော့မယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ချမ်းသာတဲ့လူတွေအနေနဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို သိုသိုသိပ်သိပ်ပဲ ပြသတတ်ဖို့ လည်း အရေးကြီးလာမှာ ဖြစ်ပါတယ်။ Dr Yu က အခုဆိုရင် သိုသိုသိပ်သိပ် ကြွားဝါတာမျိုးတွေကို ပိုလုပ်လာကြတယ်လို့ ဆိုပါတယ်။ ချမ်းသာတဲ့ လူတချို့က သူတို့ ကြွယ်ဝတာကို ပုံတွေ တင်ပြီး ကြွားတာမျိးထက် ဖုံးဖုံးဖိဖိနဲ့ မသိမသာ ကြွားကုန်ကြပြီလို့ ဆိုပါတယ်။
ဥပမာ ပြရရင် လူမှုကွန်ရက်မှာ သြဇာကြီးသူ တယောက် ဖြစ်တဲ့ MengQiqi77 ဆိုရင် သူ့ရဲ့ ဇိမ်ကျတဲ့ လူမှု ဘဝကို လူမှုကွန်ရက်ပေါ် ပုံမှန် တင်ပေးတတ်သူ ဖြစ်ပါတယ်။ တခါကဆို သူနေတဲ့ ရပ်ကွက်ထဲမှာ လျှပ်စစ်ကားတွေ အားသွင်းပေးနိုင်တဲ့ နေရာတွေ သိပ်မရှိတာကို Weibo ပေါ်မှာ တက်ရေးခဲ့ပါတယ်။ သူ့ခင်ပွန်းရဲ့ Tesla ကားအတွက် ကိုယ်ပိုင် ကားဂိုဒေါင်ပါတဲ့ အိမ်ကြီးကြီးမှာ ပြောင်းနေမှဖြစ်တော့မယ်လို့ ရေးခဲ့ပါတယ်။
တကြိမ်မှာလည်း သူ့ ခင်ပွန်းသည်ဟာ သိပ်ချွေတာလွန်းတယ်၊ ယွမ် ၃၀,၀၀၀ ပဲ ပေးရတဲ့ Zegna ရဲ့ cashmere suit ကိုပဲ ဝတ်တယ်လို့ တက်ရေးခဲ့ဖူးပါတယ်။ ဒီလို အရေးသားတွေကြောင့်ပဲ အင်တာနက် အသုံးပြုကြသူတွေ မနှစ်မြို့မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ သူတင်လိုက်တဲ့ ပို့စ်တွေကို Versailles literature ဆိုပြီး ပျက်ရယ်ပြုကြပါတယ်။ ဒီစကားကလည်း ၁၈ ရာစုက ပြင်သစ်က Queen Marie Antoinette ရဲ့ စည်းစိမ်ခံတဲ့ လူနေမှု ဘဝပုံစံကို အခြေခံထားတဲ့ ဂျပန် မန်ဂါ Rose Of Versailles ကနေ စိတ်ကူးရခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ ကဆို သူ့ စာရေးဟန်ကို အတုယူပြီး ဟာသတွေ ရေးတင်ခဲ့ကြပါတယ်။
အဲဒီလို ကြွားဝါမှုမျိုးတွေကို မနှစ်သက်တဲ့ netizen တယောက်ကဆို Quora နဲ့ ခပ်ဆင်ဆင် ဖြစ်တဲ့ Zhihu ဆိုတဲ့ ဝက်ဘ်ဆိုက် တခုမှာ ဒီလူတွေ ဘာလာပြီး တင်တင် မသိချင်ယောင် ဆောင်နေကြပါလို့ အကြံပေးလာတဲ့ အထိ ဖြစ်လာပါတယ်။
တကယ်တော့ ချမ်းသာ ထင်ပေါ်ကျော်ကြားတိုင်း အရာရာ ပြီးပြည့်စုံသွားတာမျိုး မဟုတ်ပါဘူး။








