ပါကစ္စတန်မှာ လမ်းချော်တိမ်းမှောက်တဲ့ ရထားနဲ့ နောက်ရထား တိုက်မိပြီး လူ ၃၀ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါကစ္စတန်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်တင်ရထားနှစ်စင်း တိုက်မိခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။
ဆင်းဒ်ပြည်နယ်မှာ ရထားတစ်စင်း လမ်းချော်ပြီး နောက်ရထားလမ်းပေါ် ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ခရီးသည်အပြည့်တင်ဆောင်လာတဲ့ နောက်ရထားတစ်စင်းနဲ့ တိုက်မိပြီး တိမ်းမှောက်သွားခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးသမားတွေက အနီးအနားက ဆေးရုံတွေဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ အတော်များများဟာ စိုးရိမ်စရာ အခြေအနေရှိတယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လူတွေ သေဆုံးရတဲ့ ရထားမတော်တဆ တိမ်းမှောက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
အခု တိမ်းမှောက်သွားတဲ့ ရထားထဲမှာ လူဘယ်နှစ်ယောက် ပိတ်မိနေတုန်းလဲ ဆိုတာ သိရဖို့ သိပ်မလွယ်ဘူးလို့ အဂေါ့ခ်တီခရိုင်ရဲ့ ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ် အူစမန် အဗ္ဗဒူလာက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။
"ရထားတွဲ ၆ ခုကနေ ၈ ခုလောက် လုံးဝ ကြေမွသွားပါတယ်။ လေအေးစက်ပါတဲ့ ညအိပ်တွဲတစ်တွဲလည်း ပါသလို ရိုးရိုးတန်းတွဲလည်း ပါပါတယ်။ အဲဒီရထားမှာ ခရီးသည် ၄၇ ယောက်ကနေ ၅၀ လောက်အထိ ပါပြီး နောက်ရထားမှာတော့ လူ ၅၀ ကနေ ၆၀ လောက် ပါပါတယ်" လို့ သူက ပြောပြပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန် ခန်းက ဒီမတော်တဆ ဖြစ်ရပ်ကြောင့် အကြီးအကျယ် စိတ်ထိခိုက်တုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှု တစ်ခု လုပ်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 1

အခင်းဖြစ်ခဲ့တဲ့ နေရာမှာ ရထားတွဲ အတော်များများ တိမ်းမှောက် ပျက်စီးနေတာ တွေ့ရပါတယ်။ ဘာ့ကြောင့် ရထားလမ်းချော်ခဲ့တာလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
ရထားတွဲတွေထဲမှာ လူအတော်များများ ပိတ်မိနေဆဲပဲလို့ ယူဆရပါတယ်။ ရထားမှောက်တဲ့နေရာက အတော်လေး ဝေးတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မီးရထားဌာန ပြောခွင့်ရသူတစ်ဦးက ပြောကြောင်း AFP သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ် ကုသနိုင်ဖို့ အဲဒီမှာ ရှိတဲ့ ဆေးရုံတွေကိုလည်း တပ်လှန့် အကြောင်းကြားထားပါတယ်။
ကရာချီမြို့ကနေ လာတဲ့ Millat Express ခရီးသည်တင် အမြန်ရထားဟာ ဒီကနေ့မနက် လင်းအားကြီးအချိန်မှာ လမ်းချော်ပြီး နောက်ရထားလမ်းကြောင်းပေါ် ရောက်သွားခဲ့တာပါ။ အဲဒီအချိန်မှာ ရာဝါလ်ပင်ဒီမြို့ကနေ ခုတ်မောင်းလာတဲ့ Sir Syed Express ခရီးသည်တင် အမြန်ရထားက ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ရာနေရာဆီ ကယ်ဆယ်ရေးရထား တစ်စင်းကို စေလွှတ်လိုက်ပြီ ဖြစ်ပြီး ခရီးသည်တွေအတွက် အကူအညီပေးရေးစခန်းတွေလည်း ဖွင့်ထားလိုက်ပြီလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောကြောင်း အဲဒီက သတင်းမီဒီယာတွေက ဆိုပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 2

ပါကစ္စတန်နိုင်ငံမှာ ရထား မတော်တဆဖြစ်ရပ်တွေက ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပြီး အစောင့်မရှိတဲ့ ရထားလမ်းဆုံလမ်းခွတွေမှာ ရထားလမ်းချော်မှုတွေ၊ တိမ်းမှောက်မှုတွေ မကြာခဏဆိုသလို ဖြစ်လေ့ ရှိပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ရထားနဲ့ ခရီးသွားလာတာက လူအများအကြား ရေပန်းစားပါတယ်။ နိုင်ငံတစ်ဝန်း ရထားလမ်းတွေ ဆက်နွှယ် ဖောက်လုပ်ထားတဲ့အတွက် အထူးသဖြင့် လူလတ်တန်းစားနဲ့ ဝင်ငွေနည်းတဲ့ လူတန်းစားတွေက ရထားနဲ့ ခရီးသွားလာကြပါတယ်။
ဒါပေမဲ့လည်း ရထားတွဲတွေမှာ လူတွေ မတန်တဆ ပြည့်ကျပ်နေတတ်ပြီး ရထားအတော်များများဟာ စုတ်ပြတ် ပျက်စီးနေတာပါ။
ပါကစ္စတန်နိုင်ငံမှာ ရထား မတော်တဆ တိမ်းမှောက်မှုတွေ ဖြစ်ရတဲ့ အဓိက အချက်ကြီး ၃ ချက်က ထိန်းသိမ်းပြုပြင်မှု နည်းပါးမှု၊ အချက်ပြ တိုင်တွေ ချို့ယွင်းမှု၊ မီးရထားအင်ဂျင်စက်တွေ ဟောင်းနွမ်းမှုတွေကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ အပြောအရ သိရပါတယ်။
ရထားမတော်တဆ ဖြစ်ရပ်တွေမှာ လူထိခိုက်သေဆုံးမှု များရတာဟာ ရထားတွဲတွေပေါ်မှာ သတ်မှတ်ထားတဲ့ လူအရေအတွက်ထက် ခရီးသည်တွေအများကြီး ပိုတင်ကြတဲ့အတွက် ဖြစ်ပါတယ်။








