ဂျော်ဂျီယာ ရွေးကောက်ပွဲ - ဆီးနိတ်လွှတ်တော်ကို ဒီမိုကရက်တို့လွှမ်းမိုးတော့မယ်

မဲရလဒ်တွေကို အတည်ပြုနိုင်ပါက  မစ္စတာ ဝေါနော့ခ် ဂျော်ဂျီယာပြည်နယ် ဆီးနိတ် အမတ်တွေထဲမှာ ဟာ ပထမဆုံးလူမည်း အမတ်ဖြစ်လာခြင်းဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဲရလဒ်တွေကို အတည်ပြုနိုင်ပါက  မစ္စတာ ဝေါနော့ခ် ဂျော်ဂျီယာပြည်နယ် ဆီးနိတ် အမတ်တွေထဲမှာ ဟာ ပထမဆုံးလူမည်း အမတ်ဖြစ်လာခြင်းဖြစ်
ရေးသားခဲ့သည်။

ဂျော်ဂျီယာပြည်နယ်က ဆီးနိတ်အထက်လွှတ်တော် အမတ် ၂ နေရာအတွက် ရလဒ်တွေထွက်လာနေပြီး ရွေးချယ်တင်မြှောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီက ဆီးနိတ်မှာ လွှမ်းမိုးနိုင်မယ့်အခြေအနေကို ရသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ခရစ်ယာန်ဘာသာရေးဆရာ ရာဖီလ် ဝေါနော့ခ် က အမတ် တစ်နေရာအတွက် အနိုင်ရပြီလို့ ခန့်မှန်းနေကြပြီး သူ့ရဲ့ ဒီမိုကရက်လုပ်ဖော်ကိုင်ဖက် ဂျွန် အော့ဆော့ဖ် က နောက်တစ်နေရာမှာ ပွတ်ကာသီကာ အလေးသာနေပါတယ်။

တကယ်လို့သူတို့ ၂ ယောက်လုံးသာ အနိုင်ရပြီဆိုရင် မစ္စတာ ဘိုင်ဒန်အဖို့ ဥပဒေပြုရေးအပိုင်းမှာ အဆင်ချောဖို့ အခြေအနေကို ရဖို့နီးစပ်လာစေပါတယ်။

ဂျော်ဂျီယာပြည်နယ်ရဲ့ ထုံးစံအရ ကိုယ်စားလှယ်လောင်း တစ်ယောက်ဟာ အနည်းဆုံး မဲ ၅၀% ရရမှာမို့ ရွေးကောက်ပွဲက တစ်ကျော့ပြန်လုပ်နေတာပါ။

နိုဝင်ဘာကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်ကိုယ်စားလှယ်လောင်းကမှ အဲဒီ အနည်းဆုံး လိုအပ်တဲ့မဲကို မကျော်ခဲ့ပါဘူး။

ဂျော်ဂျီယာက မဲစုစုပေါင်းရဲ့ ၉၈% ရာခိုင်နှုန်းကိုရေတွက်ပြီးချိန်မှာ US TV networks သတင်းဌာနနဲ့ အေပီ သတင်းဌာနတို့က အမတ် နေရာ ၂ နေရာအတွက် ဒီမိုကရက်တစ်နဲ့ ရီဘတ်ပလီကန်တို့ ပြိုင်ကြတဲ့ပွဲမှာ ၁ နေရာအတွက် ဒီမိုကရက် မစ္စတာ ဝေါနော့ခ်က အနိုင်ရပြီလို့ ကြေညာပါတယ်။

ဆီးနိတ်လွှတ်တော်အတွက်အမတ်နေရာ သုံးပုံ တစ်ပုံကို နှစ်နှစ် တစ်ကြိမ်အရွေးချယ်ခံတာမို့ မစ္စတာ ဘိုင်ဒန်ရဲ့ ပထမ နှစ်နှစ်တာ သမ္မတသက်တမ်းမှာ ဒီမိုကရက်တို့ ဆီးနိတ်ကို လွှမ်းမိုးနိုင်မနိုင်ဆိုတာဟာ ဂျော်ဂျီယာက နောက်ဆီးနိတ်အမတ် တစ်နေရာက အဆုံးအဖြတ်ဖြစ်နေပါတယ်။

အမေရိကန်ပြည်တွင်းစစ်ကာလမှာ ကျွန်များစွာရှိခဲ့တဲ့ ဂျော်ဂျီယာ ပြည်နယ်မှာ မစ္စတာ ဝေါနော့ခ်ဟာ ဂျော်ဂျီယာပြည်နယ်အတွက် ပထမဆုံး ဆီးနိတ်အမတ် ဖြစ်လာမှာဖြစ်ပြီး အမေရိကန် သမိုင်းတစ်လျောက်လုံးမှာ ၁၁ ယောက်မြောက် လူမည်း ဆီးနိတ် အမတ်ဖြစ်လာမှာပါ။

ဆယ်ကျော်သက်အရွယ်မှာ လယ်ယာအလုပ်သမားဖြစ်ခဲ့တဲ့ သူ့မိခင် ဗာလင်းကို ဂုဏ်ပြုစကားပြောရင်း သူက သူ့အောင်ပွဲကို ကြေညာခဲ့ပါတယ်။

"အခုအချိန်မှာ အသက် ၈၂ နှစ်ရှိနေပြီဖြစ်တဲ့ အမေဟာ တချိန်တုန်းက တခြားသူတစ်ယောက်ပိုင်တဲ့ ဝါခင်းမှာ ဝါကောက်ခဲ့ရတဲ့ လက်တွေနဲ့ပဲ သူ့ရဲ့ အငယ်ဆုံးသားဖြစ်သူ အမေရိကန် ဆီးနိတ်အမတ်ဖြစ်အောင် မဲသွားထည့်ခဲ့တယ်"လို့ သူကပြောပါတယ်။

ဆီးနိတ်လွှတ်တော်မှာ အသာရနိုင်ရေးအတွက် အခုပြိုင်နေကြတဲ့ နေရာ နှစ်နေရာစလုံးကို ဒီမိုကရက်တစ်ပါတီက ရဖို့လိုနေတဲ့အချိန်မှာ ရာထူးက ဆင်းရတော့မယ့် ဒေါ်နယ်ထရမ့်ရဲ့ ရီဘတ်ပလီကန် ပါတီကတော့ တစ်နေရာသာ လိုအပ်ပါတယ်။

ဒီမိုကရက်တစ် ဆီးနိတ်အမတ်လောင်း မစ္စတာ အော့ဆော့ဖ်က ယှဉ်ပြိုင်ဖက် လက်ရှိ ရီဘတ်ပလီကန် ဆီးနိတ်အမတ် ဒေးဗစ် ပါဒူးကို အနိုင်ရနေပြီလို့ ကြေညာနေပေမယ့် ပြိုင်ပွဲက သူမသာ ကိုယ်မသာ ဖြစ်နေပါတယ်။

ဘယ်တော့ မဲရလဒ်ကို သိရမလဲ

နောက်ဆုံး ရလဒ်တွေက ဂျော်ဂျီယာ စံတော်ချိန် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ထွက်မယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်ရှိ ရေပြီးသမျှ မဲအရေအတွက်တွေကတော့ သိပ်မကွာဘဲ ပွတ်ကာသီကာ ရှိနေပါတယ်။ မစ္စတာ ဝေါနော့ခ်က မဲ ၅၀.၆%၊ လက်ရှိ ဆီးနိတ်အမတ် ကယ်လီ လက်ဖလာက မဲ ၄၉.၄% ရပြီး မစ္စတာ ဝေါနော့ခ် နိုင်မယ်လို့ တွက်ချက်နေကြပါတယ်။

ဘီဘီစီအပါအဝင် သတင်းဌာနတွေကို ရွေးကောက်ပွဲ ရလဒ်တွေ ပေးတဲ့ Edison Researchက မစ္စတာ အော့ဆော့ဖ်က မဲ ၅၀.၂%၊ မစ္စတာ ပါဒူးက ၄၉.၈% ရမယ်လို့ ခန့်မှန်းပါတယ်။

ရီဘတ်ပလီကန်က လက်ရှိ ဂျော်ဂျီယာ ဆီးနိတ်အမတ်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရီဘတ်ပလီကန်က လက်ရှိ ဂျော်ဂျီယာ ဆီးနိတ်အမတ်တွေ

ဆီးနိတ်လွှတ်တော်မှာ အသာရရေးက ဘာကြောင့် အရေးပါတာလဲ

အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ကို ရီပတ်ဘလစ်ကန်တွေက ထိန်းချုပ်ထားတာ ၂၀၁၄ ခုနှစ် ကတည်းကပါ။

ဥပဒေတွေ အတည်ပြုဖို့၊ အစိုးရအဖွဲ့ခန့်အပ်တာ အတည်ပြုဖို့၊ တရားရုံးချုပ် တရားသူကြီးတွေ ခန့်အပ်ဖို့ စတာတွေ အတွက် ဆီးနိတ်လွှတ်တော်မှာ သဘောတူညီချက်ရဖို့က အင်မတန် အရေးကြီးပါတယ်။

အခုလက်ရှိ ဆီးနိတ် အမတ်နေရာ ၁၀၀ မှာ ရီဘတ်ပလီကန်တွေက ၅၂ နေရာ ရထားတာမို့ ဒီနှစ်နေရာကို ဒီမိုကရက်တွေ ရခဲ့ရင် လွှတ်တော်ထဲမှာ ၅၀-၅၀ ဖြစ်သွားမှာပါ။

တကယ်တမ်း အတိအကျ ပြောရရင် လက်ရှိမှာ ဆီးနိတ်မှာ ဒီမိုကရက် အမတ် ၄၆ ယောက်နဲ့ အများအားဖြင့် ဒီမိုကရက်ဘက်ယိမ်းတဲ့ တစ်သီးပုဂ္ဂလ အမတ် နှစ်ယောက် ရှိနေတာပါ။ ဒါကြောင့် ဒီမိုကရက်ဘက်က ဒီနှစ်နေရာကို ရရင် ၅၀-၅၀ လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒါကြောင့် မဲညီမျှနေတဲ့အခါ တက်လာမယ့် ဒီမိုကရက် ဒုသမ္မတ ကာမလာ ဟဲရစ် ရဲ့မဲနဲ့ အဆုံးအဖြတ်မဲ ပေးဖို့ ဖြစ်လာပါလိမ့်မယ်။

အဲဒါက မစ္စတာဘိုင်ဒန် အဓိက ဆောင်ရွက်မယ့် ကိစ္စတွေ ဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဥ်းတွေ စတဲ့ အရေးကိစ္စတွေ ဆီးနိတ်ကို ကျော်ဖြတ်ဖို့ အရေးပါလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်လို့ နှစ်နေရာလုံးကို ဒီမိုကရက်တွေ အနိုင်ရခဲ့ရင် ၂၀၀၈ သမ္မတ ဘားရက် အိုဘားမား လက်ထက်နောက်ပိုင်း အိမ်ဖြူတော်၊ ဆီးနိတ်နဲ့ အောက်လွှတ်တော်တို့အားလုံးကို ဒီမိုကရက်တွေ ပထမဆုံး ပြန်ထိန်းချုပ်နိုင်တော့မှာပါ။

တကယ်လို့ ရီဘတ်ပလီကန်တွေကပဲ ဆက်အနိုင်ရသွားမယ်ဆိုရင်တော့ နောက်ထပ်နှစ်နှစ်အတွင်း သဘောထားကွဲနေတဲ့ အစိုးရတစ်ရပ်ကိုပဲ ဆက်တွေ့ရနိုင်ပြီး ဥပဒေပြုရေး ရှေ့မတိုးနောက်မဆုတ်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။