အမေရိကန် ရွေးကောက်ပွဲ - သမ္မတထရမ့်က အနိုင်မဲတွေ ရအောင် ‘ရှာဖို့’ ဖုန်းပေါ်က ပြောကြားမှု ထွက်ပေါ်လာ

Donald Trump

ဓာတ်ပုံ ရင်းမြစ်, Reuters

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲမှာ ဂျော်ဂျီယာပြည်နယ်က ရလဒ်နဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်နိုင်နေတဲ့ ရလဒ်ကို ပြောင်းပြန်လှန်နိုင်မယ့် မဲတွေ 'ရအောင်ရှာဖို့'ဂျော်ဂျီယာရဲ့ ပြည်နယ်ရွေးကောက်ပွဲအရာရှိကို ပြောကြားခဲ့တဲ့ ဖုန်းစကားပြောသံ ထွက်ပေါ်လာပါတယ်။

''ကျွန်တော်ကတော့ မဲ ၁၁,၇၈၀ ရဖို့ပဲ ရှာချင်တယ်'' လို့ သမ္မတထရမ့်က ရီပတ်ဘလီကန် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဘရက် ရက်ဖင်စပါဂျာကို ပြောထားတဲ့အသံဖိုင်ကို ဝါရှင်တန်ပို့စ်သတင်းစာက ထုတ်ဖော်ခဲ့ပါတယ်။

မစ္စတာ ရက်ဖင်စပါဂျာကတော့ ဂျော်ဂျီယာရဲ့ မဲရလဒ်က မှန်ကန်ကြောင်း သမ္မတကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ဟာ ဂျော်ဂျီယာအပြင် တခြားအကြိတ်အနယ် ဖြစ်ခဲ့တဲ့ ပြည်နယ်တွေကိုပါ အနိုင်ရခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်က သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲ ၃၀၆ မဲရပြီး သမ္မတထရမ့်ကတော့ ၂၃၂ မဲ ရခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ နို၀င်ဘာ ၃ ရက်ကစလို့ သမ္မတထရမ့်ဟာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်လို့ စွပ်စွဲမှုတွေ လုပ်ခဲ့ပေမဲ့ အထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။

အမေရိကန်က ပြည်နယ် ၅၀ စလုံးကနေ ရွေးကောက်ပွဲရလဒ်တွေ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်ကလည်း ဒီမဲရလဒ်တွေကို ဇန်နဝါရီ ၆ ရက်နေ့ကျရင် တရားဝင်အတည်ပြုပေးဖို့ ရှိနေပါတယ်။

သမ္မတရွေးကောက်ပွဲအနိုင်ရ ဒီမိုကရက်တစ်ပါတီက မစ္စတာဘိုင်ဒန်ကလည်း ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတအဖြစ် စတင်တာ၀န်ယူဖို့ ရှိနေပါတယ်။

လက်ရှိ သက်ရှိထင်ရှားရှိနေသေးတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ၁၀ ဦးစလုံးကလည်း ရွေးကောက်ပွဲရလဒ်ကို မေးခွန်းမထုတ်ဖို့ ဝါရှင်တန်ပို့စ် သတင်းစာထဲမှာ ဆောင်းပါးအဖြစ်ရေးပြီး သမ္မတထရမ့်ကို တိုက်တွန်းထားပါတယ်။ မဲရလဒ် အငြင်းပွားမှုမှာ စစ်တပ်ပါဝင်လာဖို့ကို သမ္မတထရမ့် ထောက်ခံသူတချို့က ပြောကြားလာပြီးနောက် အဲဒီလို တိုက်တွန်းလွှာ ထွက်ပေါ်လာတာပါ။

ဖုန်းပေါ်ကနေ သမ္မတထရမ့် ဘာတွေ ပြောခဲ့လဲ။

ဝါရှင်တန်ပို့စ်က ထုတ်ပြန်တဲ့ အပိုင်းထဲမှာတော့ သမ္မတထရမ့်ဟာ ဂျော်ဂျီယာရွေးကောက်ပွဲအရာရှိကို စည်းရုံးတာ၊ ဖိအားပေးတာမျိုးတွေ ပါဝင်နေပါတယ်။

သမ္မတထရမ့်က မစ္စတာရက်ဖင်စပါဂျာကိုပြောပြားချက်ထဲမှာ သူဟာ ဂျော်ဂျီယာမှာ အနိုင်ရထားကြောင်း၊ ဒါကြောင့် ''မဲတွေ ပြန်တွက်ချက်တယ်လို့ ပြောရင် ဘာမှ အမှားမရှိကြောင်း'' ပြောထားတာတွေ ပါဝင်ပါတယ်။

မစ္စတာ ရက်ဖင်စပါဂျာကတော့ ''သမ္မတကြီး ကန့်ကွက်မှုမှာပါတဲ့ အချက်အလက်တွေက မှားနေပါတယ်'' လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

Joe Biden

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာ ဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတတာဝန် စထမ်းဆောင်ဖို့ရှိ

အသံဖိုင် နောက်ပိုင်းမှာတော မစ္စတာထရမ့်က မဲစာရွက်တွေ ဖျက်ဆီးခံထားရတယ်၊ ဖူလ်တန်ခရိုင်ကနေ မဲပေးတဲ့စက်တွေ ဖယ်ရှားခံထားရတယ်ဆိုတဲ့ ကောလာဟလတွေ ဖြစ်နေကြောင်း ပြောခဲ့ပါတယ်။ ဒီကောလာဟလတွေ မမှန်ဘူးလို့ မစ္စတာ ရက်ဖင်စပါဂျာရဲ့ ရှေ့နေက ငြင်းဆိုထားပါတယ်။

အဲဒီနောက် သမ္မတထရမ့်က ဥပဒေပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်။

''သူတို့ လုပ်ခဲ့တာတွေ၊ ခင်ဗျား သတင်းမပို့တာတွေကို ခင်ဗျား သိလား။ ဒါက ရာဇဝတ်မှုပဲ။ ဒီလို မဖြစ်စေရဘူး။ ဒါက ခင်ဗျားနဲ့ ခင်ဗျားရဲ့ရှေ့နေ ရိုင်ယန်အတွက် အန္တရာယ်ကြီးပါပဲ'' လို့ သမ္မတထရမ့်က ပြောပါတယ်။

အဲဒီနောက် သမ္မတက မဲနောက်ထပ် ၁၁,၇၈၀ မဲရဖို့ ပြောခဲ့ပါတယ်။ အဲဒီမဲကတော့ ဂျိုးဘိုင်ဒန်ရတဲ့ မဲထက် တစ်မဲသာမယ့် မဲအရေအတွက်ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်က ၂,၄၇၃,၆၃၃ မဲရခဲ့ပြီး သမ္မတထရမ့် ရှာခိုင်းတဲ့ မဲသာရခဲ့ရင် သမ္မတထရမ့်ဟာ မဲစုစုပေါင်း ၂,၄၇၃,၆၃၄ မဲ ရမှာ ဖြစ်ပါတယ်။

Georgia Secretary of State Brad Raffensperger on 7 Dec 2020

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂျော်ဂျီယာပြည်နယ် အတွင်း၀န် နဲ့ ရွေးကောက်ပွဲအရာရှိ မစ္စတာ ရက်ဖင်စပါဂျာ

သမ္မတထရမ့်က ''ခင်ဗျားအနေနဲ့ ဒါကို ပြန်လည်စစ်ဆေးနိုင်တယ်။ ဒါပေမယ့် အဖြေကို ရှာနေတဲ့သူတွေနဲ့ ပြန်စစ်ဆေးနိုင်တယ်။ အဖြေမလိုချင်တဲ့သူတွေနဲ့တော့ မဟုတ်ဘူး'' လို့ သမ္မတထရမ့်က ပြောပါတယ်။

မစ္စတာ ရက်ဖင်စပါဂျာကလည်း သူ့မှာရှိတဲ့ ကိန်းဂဏန်းတွေက မှန်ကန်တယ်လို့ ယုံကြည်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ်လာပြီးနောက် သမ္မတထရမ့်ကတော့ မစ္စတာ ရက်ဖင်စပါဂျာဟာ မဲမသမာမှုအကြောင်း အသေးစိတ်ကို ထုတ်မပေးခဲ့သလို ဘာတွေဖြစ်နေတယ်ဆိုတာ မစ္စတာ ရက်ဖင်စပါဂျာ မသိဘူးလို့ တွစ်တာကနေ ရေးခဲ့ပါတယ်။

မစ္စတာ ရက်ဖင်စပါဂျာကလည်း တွစ်တာကနေ ပြန်ရေးရာမှာ သမ္မတထရမ့် ပြောတာတွေက မှားနေသလို အမှန်တရားက ထွက်ပေါ်လာမှာပါ လို့ တုံ့ပြန်ခဲ့ပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

1px transparent line

အိမ်ဖြူတော်ကတော့ ဒီအသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေး ပြောတာတွေ မရှိသေးပါဘူး။

ဒုတိယသမ္မတအဖြစ် အရွေးခံရတဲ့ ဒီမိုကရက်တစ်ပါတီက ကာမလာ ဟဲရစ်ကတော့ သမ္မတထရမ့်ဟာ အာဏာအလွဲသုံးမှုကို လက်ရဲဇက်ရဲ လုပ်ဆောင်ခဲ့တယ်လို့ ဂျော်ဂျီယာက ဆီးနိတ်လွှတ်တော်အမတ်မဲဆွယ်ပွဲမှာ ပြောခဲ့ပါတယ်။

ဂျော်ဂျီယာမှာလည်း ဆီးနိတ်အမတ် ၂ ဦး ရွေးချယ်ပွဲရှိပြီး ဒီရလဒ်က ဆီးနိတ်ထဲမှာ ဘယ်ပါတီလွှမ်းမိုးမလဲဆိုတဲ့ အာဏာချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

2px presentational grey line
Analysis box by Anthony Zurcher, North America reporter
ဓာတ်ပုံ ပုံစာ, ဘီဘီစီ မြောက်အမေရိကဆိုင်ရာ သတင်းထောက် အန်တိုနီ ဇာခါရဲ့ သုံးသပ်ချက်

သမ္မတထရမ့်ဟာ သူ့ရဲ့သမ္မတသက်တမ်း နောက်ဆုံးသီတင်းပတ်တွေမှာ အာဏာကို ဆက်ရယူနိုင်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အခုနောက်ဆုံးကြိုးပမ်းမှုက ဂျော်ဂျီယာက ရွေးကောက်ပွဲအရာရှိကို အနိုင်မဲတွေ ရှာပေးဖို့အတွက် တောင်းဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့အတူ လုပ်ဆောင်ခဲ့ပါတယ်။

မဲမသမာမှု စွပ်စွဲချက်မှာ ခိုင်မာတဲ့ သက်သေမပြနိုင်ပေမယ့် သူက ဂရုမစိုက်ခဲ့ပါဘူး။ ဂျော်ဂျီယာမှာ မဲတွေ ရေတွက်တာတွေ၊ ပြန်ရေတွက်တာတွေ လုပ်ခဲ့ပြီး ထူးထူးခြားခြား ကွဲလွဲမှုတွေ မတွေ့ခဲ့ရပေမယ့် သူက ဂရုမစိုက်ခဲ့ပါဘူ။

တကယ်တော့ ဂျော်ဂျီယာမှာ သမ္မတထရမ့် အနိုင်ရခဲ့ရင်တောင် သူ သမ္မတဖြစ်ဖို့ မဲက မလုံလောက်သေးပါဘူး။

သမ္မတထရမ့်ရဲ့လုပ်ဆောင်မှုတွေဟာ သူ သမ္မတအာဏာ စွန့်လွှတ်ပြီးနောက်ပိုင်း အခြေအနေအတွက် လုပ်ဆောင်တာဖြစ်နိုင်သလို သူ့ရဲ့ ရန်ပုံငွေရှာဖွေမှုတွေကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူအနိုင်ရတယ်လို့ ယုံကြည်နေပုံလည်း ရသလို ဒီအတွက် နည်းလမ်းပေါင်းစုံ သုံးဖို့လည်း ဝန်မလေးတဲ့ပုံ တွေ့ရတယ်။

2px presentational grey line

ရွေးကောက်ပွဲရလဒ်ကို ဘယ်လို အတည်ပြုမလဲ။

ဆီးနိတ်ထဲမှာလည်း ရီပတ်ဘလီကန်ပါတီထဲမှာ မစ္စတာဘိုင်ဒန်အနိုင်ရတဲ့ ရလဒ်ကို အတည်ပြုမပြုဆိုတာ သဘောထားကွဲလွဲမှုတွေ ရှိပါတယ်။ အမတ် ၁၂ ဦးက ဇန်နဝါရီ ၆ ရက်နေ့ကျရင် မစ္စတာဘိုင်ဒန်ကို အတည်ပြုမပေးဘူးလို့ ပြောပါတယ်။

တက်ဒ် ခရုဇ် ဦးဆောင်တဲ့ အမတ် ၁၂ ဦးဟာ မဲမသမာမှုတွေကို စာရင်းစစ် လုပ်ဆောင်ဖို့အတွက် ရလဒ်အတည်ပြုပွဲကို ၁၀ ရက် နောက်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ted cruz

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မစ္စတာ တက်ဒ်ခရုဇ်ကတော့ စာရင်းစစ်ဆေးမှုကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုမြင့်တက်လာမယ်လို့

ဆီးနိတ်ဥက္ကဋ္ဌ ဖြစ်တဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်ကည်း ဒီပန်ကြားမှုကို ကြိုဆိုခဲ့ပါတယ်

ဒါပေမယ့် မစ် ရွမ်နေအပါအဝင် ရီပတ်ဘလီကန်အမတ် လေးဦးကတော့ သူတို့ဟာ မစ္စတာဘိုင်ဒန် အနိုင်ရမှုကို အတည်ပြုပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆီးနီတ်ထဲက ရီပတ်ဘလီကန် အမတ်အများစုခေါင်းဆောင် မစ်ချ် မက်ကောနယ်လ်ကလည်း မစ္စတာဘိုင်ဒန်ရဲ့ အနိုင်ရလဒ်ကို အသိအမှတ်ပြုထားပြီး ဒါကို မကန့်ကွက်ကြဖို့ တခြားရီပတ်ဘလီကန်တွေကိုလည်း တိုက်တွန်းထားပါတယ်။

အောက်လွှတ်တော်မှာလည်း မစ္စတာဘိုင်ဒန်ရဲ့ မဲရလဒ်တွေကို ကန့်ကွက်မယ့် ရီပတ်ဘလီကန်အမတ်တချို့ ရှိပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့မှာ ဘာတွေ ဖြစ်မလဲ။

အောက်လွှတ်တော်နဲ့ အထက်ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးဦးက ထောက်ခံမှုရထားတဲ့ ကန့်ကွက်မှုတွေကို ၂ နာရီကြာ ဆွေးနွေးငြင်းခုံဖို့ရှိပြီး အဲဒီနောက်မှာတော့ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကန့်ကွက်မှုတစ်ခုခုကို အတည်ဖြစ်ဖို့ကတော့ လွှတ်တော် နှစ်ရပ်စလုံးက အမတ်အများစုက ထောက်ခံအတည်ပြုဖို့ လိုပါတယ်။

ဆီးနိတ်မှာ ရီပတ်ဘလီကန်တွေက အများစုဖြစ်ပေမယ့် တချို့အမတ်တွေက ကန့်ကွက်ဖို့မရှိဘူးလို့ ပြောထားပါတယ်။

အောက်လွှတ်တော်မှာတော့ ဒီမိုကရက်တွေက အများစုဖြစ်ပါတယ်။ ။