လူသူမနေတဲ့ ကုန်းခေါင်ခေါင်မှာ ပိတ်မိနေတဲ့ သြစတြေးလျ သားအဖကို ကယ်တင်နိုင်

အဖော်တွေအကူအညီလိုက်ရှာစဉ်မှာ အဖေဖြစ်သူနဲ့သားဟာ ပိတ်မိတဲ့နေရာမှာပဲနေခဲ့

ဓာတ်ပုံ ရင်းမြစ်, RACQ LIFEFLIGHT RESCUE HELICOPTER

ဓာတ်ပုံ ပုံစာ, အဖော်တွေအကူအညီလိုက်ရှာစဉ်မှာ အဖေဖြစ်သူနဲ့သားဟာ ပိတ်မိတဲ့နေရာမှာပဲနေခဲ့
ရေးသားခဲ့သည်။

ခရီးသွားအဖော်တွေက ၁၂ နာရီလောက် လမ်းလျှောက်ကာ အကူအညီပေးဖို့ ရှာဖွေရပြီးတဲ့နောက် အမျိုးသားတစ်ယောက်နဲ့ ၁၀ နှစ်အရွယ် သူ့သားဖြစ်သူတို့ကို သြစတြေးလျက လူသူဝေးတဲ့ လွင်တီးခေါင်ပြင် ကုန်းခေါင်ခေါင်နေရာတစ်နေရာကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်အတွင်း တနင်္ဂနွေနေ့တုန်းက ကားနဲ့ခရီးသွားကြရင်း သူတို့ရဲ့ကားဟာ ရေတွေကြီးနေတဲ့ လမ်းပေါ်မှာ သောင်တင်ခဲ့ ပါတယ်။

တစ်ညလုံးပိတ်မိနေကြပြီး နောက်နေ့မနက်မှာတော့ အဖွဲ့ထဲက ၃ ယောက်ဟာ အနီးဆုံးမြို့ဖြစ်တဲ့ မောင့် အိုင်စာကို အကူအညီရဖို့ ခြေကျင်လျှောက်ထွက်လာခဲ့ပါတယ်။ အဲဒီမြို့ဟာ ကားပိတ်မိနေတဲ့နေရာရဲ့ အနောက်ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာမှာ ရှိတာပါ။

သူတို့ ရဲဌာနတစ်ခုဆီကို သတင်းပို့နိုင်ခဲ့ပြီးတဲ့နောက် ကယ်တင်ရေး အစီအစဉ်တစ်ခု စတင်ခဲ့ပါတော့တယ်။

ပိတ်မိ သောင်တင်နေတဲ့ မိတ်ဆွေတွေရှိရာနေရာကို မြေပုံပေါ်မှာ ပြပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို သူတို့ အသိပေးနိုင်ခဲ့ပါတယ်။

နေဝင်ဖျိုးဖျချိန် မတိုင်မီမှာပဲ ရဟတ်ယာဉ်တစ်စီးနဲ့အတူ လိုက်ရှာခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ ကုန်းခေါင်ခေါင်အလယ်က ကားတစ်စီးရဲ့အမိုးပေါ်မှာ တက်ထိုင်နေကြတဲ့ သားအဖ ကို ရှာတွေ့ခဲ့ကြပါတယ်။

၂၄ နာရီလောက် စောင့်ဆိုင်းရပြီးတဲ့နောက် သားအဖ ၂ ယောက်ဟာ ဘေးမသီရန်မခဘဲ လွတ်မြောက်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, RACQ LIFEFLIGHT RESCUE HELICOPTER

ဓာတ်ပုံ ပုံစာ, ၂၄ နာရီလောက် စောင့်ဆိုင်းရပြီးတဲ့နောက် သားအဖ ၂ ယောက်ဟာ ဘေးမသီရန်မခဘဲ လွတ်မြောက်နိုင်ခဲ့

သူတို့ဟာ ကျန်းမာရေး ကောင်းမွန်တဲ့အနေအထားမှာရှိပြီး ဆေးဝါးကုသမှု တစုံတရာမလိုပါဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

"စိတ်ရွှင်လန်းစွာရှိနေတဲ့ သူတို့ကို မောင့် အိုင်စာ လေဆိပ်ကို သယ်ယူပို့ဆောင်ပေးခဲ့တယ်"လို့ RACQ LifeFlight Rescue ကယ်တင်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကယ်တင်ရေးအဖွဲ့က ရဟတ်ယာဉ်မှူး ရပ်ဆဲလ် ပရော့တာက ဒီသားအဖ ၂ ယောက်ဟာ သောက်ရေရအောင် လုပ်ထားတာ၊ နေရာတစ်ခုထဲမှာ နေနေတာတွေအပါအဝင် "မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ့် အရာတွေကို" လုပ်ဆောင်ထားတယ်လို့ ဆိုကာ ချီးမွမ်းခဲ့ပါတယ်။

"သူတို့ကို လာပြီးကယ်တင်မယ့်သူကို အချိန်အကြာကြီးစောင့်ဆိုင်းနေရပေမယ့် သူတို့ဟာ ကယ်တင်သူတွေ မရောက်လာမချင်း သူတို့ရဲ့ မော်တော်ကားနေရာမှာပဲ စောင့်ဆိုင်း နေခဲ့ကြတယ်"လို့လည်း သူက ပြောပါတယ်။

Aerial view of the stranded car on the flooded highway

ဓာတ်ပုံ ရင်းမြစ်, RACQ LIFEFLIGHT RESCUE HELICOPTER

ဓာတ်ပုံ ပုံစာ, အနီးဆုံးမြို့နဲ့ ကီလိုမီတာ ၅၀ အကွာ လူသူမရှိတဲ့နေရာမှာ သားအဖ ၂ ယောက် သောင်တင် ပိတ်မိနေခဲ့

ကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားဖို့ နာရီပေါင်းများစွာ လမ်းလျှောက်လာခဲ့ကြတဲ့ သူတို့အဖော် ၃ ယောက်လည်း ကျန်းမာရေး စောင့်ရှောက်စရာ မလိုအပ်ခဲ့ဘူးလို့ ကွင်းစလန် အရေးပေါ်ဌာနက ပြောပါတယ်။

သြစတြေးလျနိုင်ငံဟာ လောလောဆယ်အချိန်မှာ မိုးကြီး၊ ရေကြီးတာတွေဖြစ်စေတဲ့ လာနီညာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကို ကြုံနေရပြီး အထူးသဖြင့် ကွင်းစလန်ပြည်နယ်မှာ ပိုကြုံတွေ့ နေရပါတယ်။