ကိုဗစ်-၁၉ ကြောင့် အမျိုးသမီးတွေထက် အမျိုးသားတွေ ဘာကြောင့်ပိုအသက်ဆုံးရှုံးရတာလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
- ရေးသားသူ, လီယိုနာဒို ပူဂျိုး
- ရာထူးတာဝန်, ဘီဘီစီ ဘရာဇီးဘာသာဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ထူးဆန်းတဲ့ ကူးစက်ရောဂါတမျိုးအကြောင်း သိရှိသူ အနည်းငယ်ပဲ ရှိခဲ့တဲ့အချိန်မှာ မျိုးဗီဇပညာရှင် ရှရွှန်း မိုလမ် ဟာ ဘာဖြစ်လာနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ တွစ်တာပေါ်မှာ ခန့်မှန်းတွက်ဆချက်တခု လုပ်ခဲ့ပါတယ်။
"အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝူဟန်ဗိုင်းရပ်စ်ပိုးသစ်နဲ့ အမျိုးသားတွေ ဘာကြောင့် ပိုပြီး သေဆုံးသလဲ" လို့ အသက် ၄၃ နှစ်အရွယ် ကနေဒါနွယ်ဖွား နယူးယောက်ခ်မှာ နေထိုင်သူ ဒေါက်တာ မိုလမ်က မေးခဲ့ပါတယ်။
ဒေါက်တာ မိုလမ်ဟာ ရှားပါး မျိုးဗီဇ အခြေအနေတွေကို စူးစမ်းလေ့လာနေတာ ဆယ်စုနှစ် ၂ ခု ရှိခဲ့ပါပြီ။
သူရဲ့ မှန်းဆချက် မှန်ကန်ခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့တခုဖြစ်တဲ့ Global Health 50/50 ရဲ့ အစီရင်ခံစာအရ သတင်းအချက်အလက် ကောက်ခံလို့ရတဲ့ နိုင်ငံအများစုမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကြောင့် အမျိုးသမီးတွေထက် အမျိုးသားတွေ ပိုပြီး သေဆုံးနေပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မာလာဝီ နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာ ကိုဗစ်ကြောင့် သေဆုံးသူ လေးပုံသုံးပုံကျော်ဟာ အမျိုးသားတွေ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့မှာလည်း ဒီပမာဏနီးပါး ရှိပါတယ်။
တူရကီ၊ ဆားဘီးယား၊ ကာဂစ္စတန် နဲ့ ဟောင်ကောင်တို့မှာတော့ အမျိုးသား သေဆုံးမှုနှုန်းထားဟာ ၆၂% နီးပါး ရှိပါတယ်။
ကိုဗစ်ကြောင့် သေဆုံးမှု အများဆုံး နိုင်ငံတွေမှာတော့ အမျိုးသားသေဆုံးမှုနှုန်းထားဟာ အမေရိကန်မှာ ၅၄%၊ ဘရာဇီးမှာ ၅၈%၊ မက္ကဆီကိုနဲ့ အိန္ဒိယနိုင်ငံတွေမှာ ၆၄% ရှိပါတယ်။
ဒါပေမဲ့ ပိုးကူးစက်ခံရမှုနှုန်းထားကတော့ အမျိုးသားနဲ့ အမျိုးသမီးကြား အတူတူလောက် ရှိတာကို တွေ့ရပါတယ်။
ဒါဆို ဘာကြောင့် အမျိုးသားတွေဟာ ကိုဗစ်-၁၉ ကြောင့် ပိုပြီး သေဆုံးရတာလဲ။ ဘယ်အရာတွေက အမျိုးသမီးတွေကို ဒီရောဂါပိုးကနေ ရှင်သန်လွတ်မြောက်စေခဲ့တာပါလဲ။
ကိုယ်ခံအား ပိုမိုကောင်းမွန်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသက်ငယ်ရွယ်စဉ်ကတည်းက အမျိုးသားနဲ့အမျိုးသမီးကြား အသက်ရှင်ကျန်ရစ်မှု ကွာခြားတာ ရှိခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာ အမျိုးသမီး အယောက် ၁၀၀ မွေးဖွားလာရင် အမျိုးသား ၁၀၅ ဦး မွေးဖွားလာပါတယ်။ တနှစ်တနှစ်မှာ အမျိုးသားဦးရေ မွေးဖွားနှုန်းက ပိုမိုများပြားတယ်ဆိုတဲ့ သဘောပါ။
ဒါပေမဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ပထမဆုံး မွေးနေ့ကို ပိုပြီး ရောက်နိုင်ခြေရှိပါတယ်။ ကလေးအရွယ်မှာကတည်းက မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုပြီး အသေအပျောက်နည်းပါတယ်။
နိုင်ငံတိုင်းနီးပါးလိုလိုမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ယေဘုယျအားဖြင့် ၆ နှစ်ကနေ ၈ နှစ်အထိ ပိုမို အသက်ရှည်ကြပါတယ်။
အမျိုးသားတဦးဟာ အသက် ၁၀၀ ထိ နေနိုင်ရင် အသက် ၁၀၀ ထိရှည်တဲ့ အမျိုးသမီး ၄ ဦး ရှိပါတယ်။
"ဟိုးအရင်ကတည်းက အမျိုးသမီးတွေက ပိုပြီး အသက်ရှည်ရှည်နေနိုင်တယ်ဆိုတာ အမြဲတမ်း ပြသခဲ့ပြီးသားပါ။ ကိုဗစ်-၁၉ က ထပ်မံ သက်သေပြလိုက်တာပါ" လို့ ကိုဗစ်-၁၉ ကြောင့် ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးနဲ့ လူဦးရေအပေါ် သက်ရောက်မှုတွေကို လေ့လာနေတဲ့ ဂျိုဆေး အယ်စတာကီယို ဂျီနီစ် အဲဗက်စ် José Eustáquio Diniz Alves က ဘီဘီစီကို ပြောပါတယ်။
"ဒါဟာ အရင်ကတည်းက ရှိခဲ့တဲ့ အခြေအနေတရပ်ပါပဲ" လို့လည်း သူယူဆတဲ့အကြောင်း ပြောပါတယ်။
ဒါတင်မကပါဘူး။
ကူးစက်ရောဂါတွေကို ခုခံတိုက်ဖျက်ရာမှာ အမျိုးသမီးတွေဟာ ကိုယ်ခံအား ပိုမိုအားကောင်းပြီး ကင်ဆာလိုမျိုး ရောဂါတွေကို အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေက ပိုမိုအဖြစ်နည်းတယ် ဆိုတာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။
အသစ်ထွက်ပေါ်လာတဲ့ လေ့လာမှုအရ မသန်စွမ်းဖြစ်မှု၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုနဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေမှာ အမျိုးသမီးတွေက ပိုမို ခုခံနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
၂၀၀၃ ခုနှစ် Sars ဆားစ် ကူးစက်ရောဂါ ပြန့်ပွားချိန်အတွင်း ဟောင်ကောင်မှာ သေဆုံးခဲ့တဲ့ လူပေါင်း ၂၉၉ ယောက်မှာ ၅၇% ဟာ အမျိုးသားတွေ ဖြစ်တယ်လို့လည်း လေ့လာမှုတခုမှာ ဖော်ပြထားပါတယ်။
၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးမှာလည်း အမျိုးသားတွေ ပိုပြီး သေဆုံးခဲ့ပါတယ်။
ဘာကြောင့်အခုလို မမျှမတ ဖြစ်ရတာပါလဲ။
ဒေါက်တာ မိုလမ်ရဲ့ ယူဆချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသမီးတွေဟာ ပိုမိုခုခံအားကောင်းတယ်ဆိုတဲ့ ယူဆချက်ဘက်က အဓိက ရပ်တည်သူတဦးကတော့ ဒေါက်တာမိုလမ်ဖြစ်ပါတယ်။
မျိုးဗီဇပိုင်းဆိုင်ရာ အမျိုးသမီးတွေရဲ့ ပိုမိုအသာရမှုအကြောင်း ရေးသားထားတဲ့ "The Better Half : On the Genetic Superiority of Women " ဆိုတဲ့ သူ့ရဲ့ အရောင်းရဆုံးစာအုပ်မှာ ဒေါက်တာ မိုလမ်က အမျိုးသားနဲ့ အမျိုးသမီးကြား အပြုအမူ အနေအထိုင် ကွာခြားတယ်ဆိုပေမယ့် အမျိုးသမီးတွေဟာ ဇီ၀ဗေဒပိုင်းဆိုင်ရာမှာ အမျိုးသားတွေထက် ပိုမို အားကောင်းတယ်ဆိုတဲ့ အထောက်အထားကို ဖော်ပြခဲ့ပါတယ်။
ဥပမာအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ဆရာဝန်ဆီ ပုံမှန် သွားပြတယ်၊ ဆေးလိပ်သိပ်မသောက်ဘူး၊ လက်ခဏခဏ ဆေးကြပါတယ်။
မတူတာကတော့ အမျိုးသားတွေဟာ အန္တရာယ်များတဲ့ အပြုအမူတွေကို ပိုပြီး လုပ်ကြတယ်။ သူတို့ခံစားနေရတဲ့ ရောဂါတွေကိုလည်း သွားရောက်မစစ်ဆေးကြတာ များပါတယ်။
ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှာ အမျိုးသမီးတွေ ပိုမိုရှင်သန်ရတာ အကြောင်းအရင်းတွေ ပေါင်းစပ်မှုတခုအပေါ်မှာ မူတည်တယ်လို့ ယူဆသူတွေထဲမှာ အယ်စတာလီယို အဲဗက်စ်လည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Alex Tran
"သေဆုံးမှုနှုန်းထားဟာ ဇီ၀ဗေဒပိုင်းဆိုင်ရာ အကြောင်းအရင်းထက် လူမှုရေးဆိုင်ရာ အကြောင်းအရင်းတွေကြောင့် ဖြစ်တယ်" လို့ သူက ဆိုပါတယ်။
ဒါတွေကို နားလည်သဘောပေါက်ရင် ကမ္ဘာ့ကပ်ရောဂါကြီးမှာ အမျိုးသမီးတွေက ဘာကြောင့် ပိုမိုရှင်သန်ကြသလဲဆိုတာ ရှင်းပြဖို့ ကြိုးပမ်းချက်တွေဟာ "ရာနှုန်းပြည့်နီးပါး ကျိုးကြောင်းဆီလျော်ပါတယ်" လို့ ဒေါက်တာ ဒေါက်တာ မိုလမ်က ပြောပါတယ်။
ဒါပေမဲ့ နောက်ထပ် ရှင်းလင်းချက်တွေကိုလည်း လေ့လာဖို့ လိုတယ်လို့ ဆိုပါတယ်။
X ခရိုမိုဆုမ်းရဲ့ စွမ်းဆောင်ရည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူသားတွေရဲ့ ဆဲလ်တခုချင်းစီးမှာ ဗီဇဆောင်မျှင် ခရိုမိုဆုမ်း ၂၃ စုံစီ ပါလေ့ရှိပါတယ်။ စုစုပေါင်း ခရိုမိုဆုမ်း ၄၆ ခု ပါပါတယ်။
အဲဒီထဲက ခရိုမိုဆုမ်း အတွဲ ၂၂ စုံဟာ အမျိုးသားရော အမျိုးသမီးမှာပါ အတူတူ ဖြစ်ပါတယ်။
မတူတာကတော့ ၂၃ စုံမြောက် ခရိုမိုဆုမ်းပါ။ အဲဒါကို လိင်ပိုင်းဆိုင်ရာ ခရိုမိုဆုမ်းလို့လည်း ခေါ်ပါတယ်။
အမျိုးသမီးတွေဟာ X ခရိုမိုဆုမ်း ၂ ခု ပါပြီး အမျိုးသားတွေကတော့ X ခရိုမိုဆုမ်း တခု၊ Y ခရိုမိုဆုမ်း တခု ပါပါတယ်။
တည်ဆောက်ပုံအရ X ခရိုမိုဆုမ်းဟာ Y ခရိုမိုဆုမ်းထက် ပိုကြီးပြီး ပိုရှုပ်ထွေးပါတယ်။
X ခရိုမိုဆုမ်းမှာ မျိုးဗီဇ ၁,၁၅၀ ပါဝင်ပြီး Y ခရိုမိုဆုမ်းမှာတော့ ၆၀ နဲ့ ၇၀ ကြားပဲ ပါပါတယ်။
ဒါပေမဲ့ X ခရိုမိုဆုမ်းနှစ်ခုပါတာဟာ X နဲ့ ပတ်သက်တဲ့ ပရိုတိန်း အများအပြားကို အမျိုးသမီးတွေက နှစ်ဆထုတ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။
ဇီ၀ဖြစ်စဉ်အတွက် အမျိုးသမီးဆဲလ်တွေဟာ X ခရိုမိုဆုမ်းတခုကိုသာ ရွေးချယ်ပါတယ်။
ဒုတိယ X ခရိုမိုဆုမ်းဟာ အလျင်းသင့်သလို ငြိမ်သက်နေတတ်ပါတယ်။
ဆဲလ်တိုင်းကတော့ တူညီတဲ့ X ခရိုမိုဆုမ်းကို ပိတ်မထားပါဘူး။
ဒါဟာလည်း အမျိုးသမီးတွေအတွက် အားသာချက်တခု ဖြစ်စေပါတယ်။
အမျိုးသားတဦးဟာ သူ့ရဲ့ X ခရိုမိုဆုမ်းမှာ မျိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတမျိုး ဖြစ်ရင် ဒီရောဂါပိုးဟာ ပြသဖို့ ပိုပြီး ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတဦးမှာ အလားတူရောဂါဖြစ်ရင် ကျန်းမာတဲ့ X ခရိုမိုဆုမ်းနဲ့အတူ ဆဲလ်တွေက မျိုးဗီဇ မှန်ကန်မှုရှိအောင် ပြသနိုင်ပါသေးတယ်။
အမျိုးသမီးတွေ နာမကျန်းဖြစ်ရင် သူတို့တွေဟာ ရောဂါပိုးဒဏ်ကို ခံစားရတာ အမျိုးသားတွေလောက် မပြင်းထန်ပါဘူး။
တခြား အချက်အလက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသမီးတွေရဲ့ အဆုတ်တွေဟာ ပိုပြီး စောစီးစွာ ဖြစ်တည်လာတဲ့အတွက်ကြောင့် မွေးကင်းစမှာ အထူးကြပ်မတ် ကုသခံရတာကြုံရင် အမျိုးသမီးတွေက ပိုမို ရှင်သန်ကြတယ်လို့ တခြား လေ့လာမှုတွေမှာ ဖော်ပြပါတယ်။
ဒီအချက်ကလည်း မွေးကင်းစအရွယ်မှာ သေဆုံးမှုအဖြစ်များဆုံး အချက်တချက်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ မဖြစ်ပွားအောင် သူတို့ကို ကာကွယ်ပေးပါတယ်။
ဒါပေမဲ့ အမျိုးသားနဲ့ အမျိုးသမီးကြား ခြားနားချက်တွေအကြောင်း ရှင်းပြဖို့ တခြား အချက်အလက်တွေလည်း ရှိပါတယ်။ ဥပမာ ဟော်မုန်းဓာတ်တွေအကြောင်းပါ။
အမျိုးသားလိင်အင်္ဂါကထွက်တဲ့ ဟော်မုန်းဓာတ် အများအပြားဟာ တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ကိုယ်ခံအား ပိုမိုကျဆင်းမှုနဲ့ ဆက်စပ်နေပါတယ်။
အမျိုးသမီးတွေရဲ့ အီစတြိုဂျင် ဟော်မုန်းကတော့ နာကျင်ရောင်ရမ်းမှု လျှော့ချပေးတာနဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ခုခံအားကို ပိုမိုအားကောင်းစေပါတယ်။
အမျိုးသမီးတွေဟာ X ခရိုမိုဆုမ်း နှစ်ခုရှိတဲ့အတွက်ကြောင့် X နဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ကူးစက်မှုနှုန်း ပိုနည်းပါတယ်။
ဒီအချက်ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မှာ အမျိုးသမီးတွေ ထိခိုက်သေဆုံးမှု နည်းတာ ဘာကြောင့်လဲဆိုတဲ့ အဖြေတခု ဖြစ်လာနိုင်တယ်လို့ တချို့သုတေသီတွေက ယူဆနေကြပါတယ်။
ကျား၊မ ကွဲပြားမှုဟာ အန္တရာယ်တခုလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုးထက် ပိုတယ်ဆိုတာ စတင်ကူးစက်ပျံ့နှံ့ကတည်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ပိုးဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာ စနစ်နဲ့ ကျောက်ကပ်တို့ကို ထိခိုက်ပျက်စီးစေရုံသာမက အနံနဲ့ အရသာလည်း ပျောက်ပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးမှာ အမျိုးသား၊ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုဟာ အန္တရာယ်ရှိတဲ့ အချက်တချက်ဖြစ်တယ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ လေ့လာမှုတခု လုပ်ဖို့ လိုတယ်လို့ သုတေသီတွေက ပြောပါတယ်။
ဗိုင်းရပ်စ်ပိုးဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူတွေရော၊ သိပ်မခံစားခဲ့ရသူတွေ အများအပြားရဲ့ မျိုးဗီဇ အချက်အလက် ရှာဖွေဖော်ထုတ်ခြင်းလုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။
မျိုးဗီဇအကြောင်းအရင်းတွေတင် မကပဲ အသက်အရွယ်၊ ရောဂါအခံရှိတာ၊ အပြုအမူအနေအထိုင်နဲ့ လူမှုစီးပွားရေး အခြေအနေ၊ အထူးသဖြင့် ဆင်းရဲမွဲတေမှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။








