ထိပ်တန်းရာထူးတွေမှာ အမျိုးသမီးတွေ အများကြီး ခန့်လို့ ဒဏ်တပ်ခံခဲ့ရတာကို ပဲရစ်မြို့တော်ဝန်က ပြန်သရော်လိုက်ပါတယ်

ပဲရစ်၊ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒဏ်ကြေးတပ် ခံရလို့ ဂုဏ်ယူ ပြုံးပျော်နေတဲ့ ပဲရစ်မြို့တော်ဝန် အန်း ဟီဒါလ်ဂို
ရေးသားခဲ့သည်။

ပဲရစ်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထိပ်တန်းရာထူးနေရာတွေမှာ အမျိုးသမီးတွေ အများကြီး ခန့်ခဲ့တာဟာ ဥပဒေ ချိုးဖောက်ရာ ကျတယ် ဆိုပြီး ဒဏ်ကြေး တပ်ခံခဲ့ရတဲ့ ပဲရစ်မြို့တော်ဝန် အန်း ဟီဒါလ်ဂို က " ဒါဟာ မ ဝါဒီ အဖြစ်လွန်သွားလို့ပေါ့နော်"ဆိုပြီး သရော်သလို ပြန်တုံ့ပြန်လိုက်ပါတယ်။

၂၀၁၈ ခုနှစ်မှာ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၅ ဦးကို ရာထူးတိုးပေးခဲ့တာဟာ ပြင်သစ်နိုင်ငံတဝန်း ကျား မ တန်းတူ အလုပ်ခန့်ထားဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ၂၀၁၃ ခုနှစ် ဥပဒေကို ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။

ဒီ့အတွက် ပဲရစ်မြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို လူထု ဝန်ဆောင်မှုလုပ်ငန်း ဝန်ကြီးဌာနက ဒေါ်လာငွေ တစ်သိန်း ကိုးထောင် ဒဏ်ကြေး ချမှတ်လိုက်ပါတယ်။

"ကျွန်မတို့ ဒဏ်ကြေး တပ်ခံလိုက်ရတယ် ဆိုတာကို ပျော်ပျော်ကြီး ထုတ်ဖော်ကြေညာချင်ပါတယ်"လို့ မစ်စ် ဟီဒါလ်ဂို က ပြောပါတယ်။

၂၀၁၃ ခုနှစ် ဥပဒေအရ လူထုဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အုပ်ချုပ်ရေးအပိုင်း ရာထူးတွေမှာ ကျား မ တစ်မျိုးတည်းကို ၆၀ ရာခိုင်နှုန်းထက်ကျော်ပြီး ခန့်ခွင့် မရှိတော့ပါဘူး။ ပဲရစ်မြို့တော်ဝန် မစ်စ် ဟီဒါလ်ဂိုကတော့ သူ့အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ရာထူး ၆၉ ရာခိုင်နှုန်းကို အမျိုးသမီးတွေပဲ ရွေးခန့်ထားခဲ့တာပါ။

"ဒီလိုဆိုတော့ ကျွန်မတို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ဗြုန်းဒိုင်းကြီး မ ဝါဒီ ဆန်လွန်းတဲ့ အုပ်ချုပ်ရေးအဖွဲ့ ဖြစ်သွားတာပေါ့"လို့ ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်တဲ့ ပဲရစ်မြို့တော်ဝန် မစ်စ် ဟီဒါလ်ဂိုက မြို့နယ်ကောင်စီ အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် အရွှန်းဖောက် ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်နိုင်ငံမှာ ထိပ်တန်းရာထူးနေရာတွေမှာ အမျိုးသမီးတွေကို အလုပ်ခန့်ထားမှုတွေက ဆက်နည်းပါးနေဆဲ ဖြစ်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေကို ပိုအလုပ်ခန့်မှသာ ကျား မ တန်းတူ ဖြစ်ရေး တိုးတက်လာမှာ ဖြစ်တယ်လို့လည်း သူက မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။

ဒီဒဏ်ကြေးဟာ တရားမျှတမှုမရှိဘဲ အန္တရာယ်များပြီး စိတ်ပျက်စရာကောင်းတဲ့ လက်လွတ်စပယ် လုပ်ရပ် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြင်သစ် လူထုဝန်ဆောင်မှုလုပ်ငန်း ဝန်ကြီး အမ်မီလီ ဒီ မွန်ရှယ်လင်း က ဒီဥပဒေကို ၂၀၁၈ ခုနှစ်ကတည်းက ပြင်ဆင် ပြောင်းလဲခဲ့ပြီး ဖြစ်တယ် ဆိုတာကို သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ တုံ့ပြန် ထောက်ပြခဲ့ပါတယ်။

ခြုံငုံကြည့်လို့ အမျိုးသား အမျိုးသမီး တန်းတူညီမျှမှုကို မထိခိုက်ဘူး ဆိုရင်တော့ အမျိုးသမီးအများကြီး ဒါမှမဟုတ် အမျိုးသား အများကြီးကို ရာထူးအသစ်တွေမှာ ခန့်တာကို ဒဏ်ကြေး မတပ်ဖို့ ၂၀၁၉ ခုနှစ်မှာ ပြင်ဆင် ပြဌာန်းခဲ့ပါတယ်။

လူထုဝန်ဆောင်မှုလုပ်ငန်းတွေမှာ အမျိုးသမီးတွေကို ဘယ်လို မြှင့်တင်မလဲ ဆိုတာကို ဆွေးနွေးဖို့ မစ်စ် ဟီဒါလ်ဂိုကို သူက ဖိတ်ခေါ်ခဲ့ပြီး ဒီဒဏ်ကြေးငွေကို ခိုင်မာတဲ့ လုပ်ရပ်တွေအတွက် အသုံးပြုမယ်လို့ ပြောပါတယ်။