ကိုဗစ်ကာကွယ်ဆေး - အောက်စဖို့ဒ် ကာကွယ်ဆေးနဲ့ စပွတ်နစ်ခ် ကာကွယ်ဆေးတွေကို ပေါင်းပြီး စမ်းသပ်မယ်

The Sputnik vaccine

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဖို့ ပိုပြီးအားကောင်းတဲ့ ကာကွယ်ဆေးဖြစ်လာနိုင်မလားဆိုတာကို သိရဖို့အတွက် ဗြိတိန်နဲ့ ရုရှားက ကျန်းမာရေးပညာရှင်တွေဟာ အောက်စဖို့ဒ်-အက်စတြာဇန်နကာ (Oxford-AstraZeneca) ကာကွယ်ဆေးနဲ့ စပွတ်နစ်ခ် (Sputnik) ကာကွယ်ဆေးတို့ကို ပေါင်းပြီး စမ်းသပ်ကြည့်ဖို့ရာအတွက် အဖွဲ့တစ်ခုကို ဖွဲ့လိုက်ပါတယ်။

ထုတ်လုပ်တဲ့နည်းပညာ ဆင်တူတဲ့ ကာကွယ်ဆေး နှစ်မျိုးကို ပေါင်းစပ်ခြင်းအားဖြင့် လူတွေမှာ ကိုယ်ခံအားကို ပိုပြီးတက်လာစေနိုင်ဖွယ် ရှိပါတယ်။

စမ်းသပ်မှုကို ရုရှားနိုင်ငံမှာ လုပ်မှာဖြစ်ပြီး အသက် ၁၈ နှစ်အထက် မိမိတို့ဆန္ဒအလျောက် စမ်းသပ်ခံမယ့် ဗော်လံတီယာတွေ ပါ၀င်မှာဖြစ်ပါတယ်။ လူဘယ်နှယောက် ပါဝင်စမ်းသပ်ကြမလဲဆိုတာတော့ မသိရသေးပါဘူး။

အောက်စဖို့ဒ်ကတော့ သူတို့ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရပြီး လူတွေနဲ့ စမ်းသပ်ကြည့်ရာမှာ အစွမ်းထက်တယ် ဆိုတဲ့ သူတို့ရဲ့ရလဒ်တွေကို မကြာခင်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီက သုတေသီတွေဟာ ဗြိတိန်က ဆေးဝါးဆိုင်ရာထိန်းချုပ်ရေးဌာနက အတည်ပြုချက်ကို စောင့်ဆိုင်းနေရင်း အသက်ကြီးတဲ့သူတွေကို ဒီကာကွယ်ဆေးထိုးပေးရင် အစွမ်းထက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့ ရလဒ်တွေကို စုဆောင်းနေကြပါတယ်။

2px presentational grey line

ကာကွယ်ဆေး နှစ်မျိုးထိုးတာက တစ်မျိုးပဲထိုးတာထက်ပိုကောင်းလား

Analysis box by James Gallagher, health and science correspondent
ဓာတ်ပုံ ပုံစာ, ဘီဘီစီ ကျန်းမာရေးနဲ့ သိပ္ပံသတင်းထောက် ဂျိမ်းစ် ဂယ်လက်ဂါရဲ့ သုံးသပ်ချက်

ကာကွယ်ဆေးနှစ်မျိုးကို ပေါင်းပေးတာက ဗိုင်းရပ်စ်ကို ကာကွယ်တဲ့ ကိုယ်ခံအားကို ပိုပြီးအားကောင်းအောင် သို့မဟုတ် ပိုကြာရှည်ခံအောင်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြတာပါ။

အောက်စဖို့ဒ်နဲ့ စပွတ်နစ်ခ် ကာကွယ်ဆေးတွေပေါင်းပေးရင် အကျိုးကျေးဇူးပိုများလာစေမယ့် အကြောင်းတွေကလည်း ရှိပါတယ်။

ဒီကာကွယ်ဆေး နှစ်မျိုးစလုံးက အန္တရာယ်မရှိတော့တဲ့ ဗိုင်းရပ်စ်အပိုင်းအစ (ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကုဒ် အစိတ်အပိုင်း)ကို ကာကွယ်ဆေးထဲမှာ ထည့်ထားပြီး လူ့ခန္ဓာထဲကို ထည့်သွင်း ပေးလိုက်တာပါ။

ပထမ (အမျိုးတူ) ကာကွယ်ဆေးတစ်လုံးထိုးပြီးတဲ့နောက် လူ့ခန္ဓာကိုယ်က အဲဒီ ဗိုင်းရပ်စ်အပိုင်းအစကို ခံနိုင်ရည်ရှိ ယဉ်ပါးသွားတဲ့အတွက် နောက်တစ်လုံး (အားမြှင့်ပေးဖို့ အတွက်ထိုးတဲ့) ထိုးပေးရာမှ ရတဲ့ အစွမ်းထက်မှုက ရလဒ်နည်းတာကို ကြုံရတတ်ပါတယ်။

ဒါကြောင့်မို့ အောက်စဖို့ဒ်က သူတို့ကာကွယ်ဆေးကို ထိုးရာမှာ ၂ လုံးစလုံးကို ပုံမှန်အတိုင်း အပြည့်ထိုးမယ့်အစား ပထမ ၁ လုံးနေရာမှာ တစ်ဝက်သာထိုးပြီး ဒုတိယ အလုံးကျမှ အပြည့်ထိုးတာမျိုးကို စမ်းကြည့်ခဲ့ရာမှာ ရလဒ်ပိုတက်လာတာကို တွေ့ကြရပါတယ်။

ပထမ ၁ လုံးကို ကာကွယ်ဆေး အမျိုးအစားတစ်ခုကိုသုံးပြီး ဒုတိယအလုံးကို တခြားအမျိုးအစားကို သုံးရင် အဲဒီအတွဲအစပ်ကာကွယ်ဆေးက ပိုပြီးရလဒ်ကောင်းနိုင်မယ်လို့ မျှော်လင့်ကြတာပါ။

2px presentational grey line
ရုရှားက စပွတ်နစ်ခ် ကာကွယ်ဆေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရုရှားက စပွတ်နစ်ခ် ကာကွယ်ဆေး

ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က AstraZeneca ကုမ္ပဏီနဲ့ တွဲဖက်ပြီးလုပ်နေတဲ့ ကာကွယ်ဆေး နဲ့ မော်စကိုမှာရှိတဲ့ Gamaleya Research Institute ကလုပ်ဆောင်နေတဲ့ ရုရှားတို့ရဲ့ စပွတ်နစ်ခ် ကာကွယ်ဆေးတို့ဟာ Sars-CoV-2 ဗိုင်းရပ်စ်ရဲ့ ပရိုတင်း အစွန်းချွန်ကနေ မျိုးဗီဇကုဒ်ကို ယူပြီး လုပ်ထားကြရာမှာ အတူတူပါ။

ဗြိတိန်၊ ကနေဒါ၊ ဘာရိန်း၊ ဆော်ဒီအာရေးဗီးယားမှာ အတည်ပြုထားသလို အမေရိကန်က ကျန်းမာရေး ပညာရှင်တွေ ထောက်ခံထားတဲ့ ဖိုင်ဇာ- ဘိုင်ယွန်တက်ခ် (Pfizer-BioNTech) ကာကွယ်ဆေးဖော်ထုတ်ပုံနဲ့ သူတို့ပြုလုပ်ပုံတွေ မတူပါဘူး။

စပွတ်နစ်ခ် ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုရဲ့ အစပျိုးရလဒ်တွေကလည်း ကောင်းမွန်တာကိုတွေ့ရပါတယ်။

ရုရှားဟာ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့အတွက် သြဂုတ်လအတွင်း အတည်ပြုခဲ့ပြီး ဒါဟာ ကမ္ဘာမှာ ပထမဆုံး အတည်ပြုတာ ဖြစ်ပါတယ်။ လူ ဒါဇင်အနည်းငယ်ကိုပဲ စမ်းသပ်ပြီးနောက် အတည်ပြုခဲ့တာဖြစ်ပါတယ်။ လူထုကို ထိုးပေးဖို့အတွက် အခု ရုရှားမှာ စတင်လုပ်ဆောင်နေပါပြီ။

AstraZeneca ကုမ္ပဏီက သူတို့ "ကမ္ဘာတစ်ဝန်းက အလုပ် တွဲဖက်လုပ်မယ့်သူတွေ၊ အစိုးရတွေ၊ သုတေသန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ရုရှားက Gamaleya Research Institute နဲ့ ဒီကာကွယ်ဆေးနှစ်မျိုး ပေါင်းထုတ်ရင် ပိုပြီး အာနိသင် ရှိလာမလားဆိုတာကို စူးစမ်း လေ့လာနေပါတယ်"လို့ ပြောပါတယ်။