အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ အမေရိကန်ရွေးကောက်ပွဲအပေါ် ကမ္ဘာတလွှား တုံ့ပြန်မှုများ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှု အမြဲတမ်း ရလေ့ရှိပါတယ်။
ဒီရွေးကောက်ကနေ ပေါ်ထွက်လာမယ့် ရွေးကောက်ခံ သမ္မတကလည်း ကမ္ဘာ့စင်မြင့်ထက်မှာ ခေါင်းဆောင်နေရာကနေ ဦးဆောင်ရလေ့ရှိပါတယ်။
တကယ်တော့ အမေရိကန်ပြည်သူတွေရဲ့ လေးနှစ်တစ်ကြိမ် မဲပေးရွေးချယ်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒကို အပြောင်းအလဲ ဖြစ်စေရုံသာမက အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ရန်သူတွေအပေါ် ချဉ်းကပ်မှုတွေကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။
ဒါကြောင့် အိမ်ဖြူတော်ထဲ ဝင်ရောက်အုပ်ချုပ်ခွင့်ရဖို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ ဒီပြိုင်ပွဲကို ကမ္ဘာတလွှား နိုင်ငံတွေက အနီးကပ် စောင့်ကြည်နေတာက အဆန်းတော့ မဟုတ်ပါဘူး။
ဘီဘီစီရဲ့ စောင့်ကြည့်လေ့လာရေးဌာနက သတင်းထောက်တွေက အမေရိကန် ရွေးကောက်ပွဲအပေါ် ကမ္ဘာ့မီဒီယာတွေရဲ့ တုံ့ပြန်မှုတွေကို စုစည်းထားပါတယ်။
တရုတ်
စီးပွားရေး အင်အား အားပြိုင်ရုံသာမက အရင်ကတည်းက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး အနေအထားတစ်ခုအထိ ရောက်ခဲ့ပါတယ်။
လက်ရှိအမေရိကန်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ သမ္မတလောင်းနှစ်ဦးလုံးကတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုအားကောင်းအောင် လုပ်ပါမယ်လို့ ကတိကဝတ်ပေးထားကြပါတယ်။
တရုတ်အစိုးရပိုင် သတင်းမီဒီယာကြီးကတော့ "သဘောထားကွဲလွဲမှု၊ တင်းမာမှု၊ မတည်ငြိမ်မှုတွေ ကြားက ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ အဓိကရုဏ်းတွေ၊ နာမည်ဖျက်မှုတွေနဲ့ ငွေကြေး နိုင်ငံရေးကို ဖျက်ဆီးပစ်ခဲ့တယ်" လို့ ရေးသားထားပါတယ်။
"ရွေးကောက်ပွဲရလဒ်ကို စောဒကတက်မှုတွေ၊ အငြင်းပွားမှုတွေ ရှိလာခဲ့ရင် မတည်ငြိမ်မှုတွေ ဖြစ်လာပြီး လူမှုအသိုင်းအဝန်းကြား အဓိကရုဏ်းတွေ ပေါ်ပေါက်လာမှာကို သတင်းမီဒီယာအများအပြားနဲ့ လူတွေက စိုးရိမ်နေကြတယ်" လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီမှာ အင်္ဂါနေ့တုန်းက ရေးသားထားပါတယ်။
"အမေရိကန် ရွေးကောက်ပွဲနေ့မှာ တင်းမာမှုတွေ၊ မတည်မငြိမ်ဖြစ်မှုတွေ ပေါ်ပေါက်ခဲ့တယ်" လို့ အစိုးရပိုင် Global Times သတင်းစာ ခေါင်းကြီးပိုင်းမှာ ဖတ်ရပါတယ်။
တစ်ချိန်တည်းမှာပဲ အစိုးရပိုင် စီစီတီဗီ ရုပ်သံ သတင်းဌာနကလည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေကြားက ရွေးကောက်ပွဲအလွန် အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေအကြောင်း အဓိကထားပြီး ရုပ်သံသတင်းတစ်ပုဒ် ပြသခဲ့ပါတယ်။
လက်တင်အမေရိကန်
လက်တင်အမေရိကန်က သတင်းမီဒီယာမှာတော့ လက်တင်နွယ်ဖွား အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမဲနဲ့ ဖလော်ရီဒါပြည်နယ်မှာ သမ္မတ ထရမ့် အောင်ပွဲထပ်ရခဲ့တာကို အဓိကထား ရေးသားထားပါတယ်။
"ဖလော်ရီဒါပြည်နယ်မှာ သမ္မတ ထရမ့်ရဲ့ အောင်ပွဲဟာ ဒီမိုကရက်တွေ အောင်ပွဲခံမယ့် မျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်တာဖြစ်တယ်" လို့ လူကြိုက်များ ထင်ရှားတဲ့ ဘရာဇီးလ် နေ့စဉ်သတင်းစာ Folha de Sao Palo ရဲ့ ခေါင်းစီးပိုင်းမှာ ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ဗစ်နီဇွဲလား၊ ကျုးဘား လက်တီနို နွယ်ဖွားတွေနဲ့ ဧဝံဂေလိအသင်းဝင်တွေက လက်ရှိ သမ္မတကို ထောက်ခံခဲ့ကြတယ်" လို့လည်း ရေးသားထားပါတယ်။
ဥရောပ
ရုရှားနိုင်ငံမှာတော့ အစိုးရပိုင် တီဗီသတင်းဌာနဖြစ်တဲ့ Rossiya 24 က ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကို ထုတ်လွှင့်ပြသနေပါတယ်။
" အသိရခက်ပြီး အလျင်အမြန်ပြောင်းလဲနေတဲ့ သတင်းနောက်ကို ဆက်လိုက်နေရတယ်" လို့ သတင်းကြေညာသူတစ်ဦးက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
၂၀၁၆ ရွေးကောက်ပွဲမှာ မစ္စတာ ထရမ့်ကို ထောက်ခံအောင် ရုရှားနိုင်ငံဘက်က ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ယူဆနေတဲ့အကြောင်းကိုလည်း မှတ်မိသင့်ပါတယ်။
ရုရှားဘက်ကတော့ ဒီစွပ်စွဲမှုကို တောက်လျှောက်ငြင်းဆန်ခဲ့တာပါ။
ဒါပေမဲ့ Rossiya 24 သတင်းကြေညာသူနှစ်ဦးကတော့ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ဘက်လိုက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဟာသလုပ်ခဲ့ပါတယ်။
ဥရောပတလွှား တခြားတနေရာက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာလည်း ရွေးကောက်ပွဲ မဲပေးမှုပြီးစီးသွားတဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ မရေရာမှုတွေ ရှိနေတဲ့အကြောင်း ရေးသားထားပါတယ်။
ဂျိုးဘိုင်ဒန် အပြတ်အသတ်အနိုင်ရမယ်လို့ အစောပိုင်းတုန်းက ခန့်မှန်းထားကြတဲ့ လေ့လာအကဲခတ်သူ အတော်များများ ထရမ့် ထပ်နိုင်ဦးမှာလားဆိုပြီး မေးခွန်းထုတ်လာကြတယ်လို့ ဂျာမနီ သတင်းစာ Bild က ဆိုပါတယ်။
"ဒီပြိုင်ပွဲဟာ ထင်ထားတာထက် ပိုပြီး အကြိတ်အနယ် ရှိတယ်။ ဒီမိုကရက်တွေ အလှည့်မရောက်သေးဘူး" လို့လည်း ပြင်သစ် Inter news သတင်းဌာနက ဆိုပါတယ်။
"ဒေါ်နယ်ထရမ့်ဟာ သူနိုင်မယ်လို့ တွက်ဆထားတဲ့ ပြည်နယ်တိုင်းလိုလိုမှာ အနိုင်ရခဲ့တယ်" လို့လည်း ပြောပါတယ်။
အီတလီ သတင်းစာကြီး Itl Giornale ကတော့ ပြည်တွင်း အဓိကရုဏ်းတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သတိပေးရေးသားထားပါတယ်။
"အမေရိကန်ဟာ မီးစွဲလောင်ခါနီးပြီ" လို့လည်း ရေးသားထားပါတယ်။
အရှေ့အလယ်ပိုင်း
ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ မသေချာ မရေရာမှုတွေအကြောင်း ဆော်ဒီ အစိုးရက ရန်ပုံငွေ ထောက်ပံ့တဲ့ Al Arabiya ရုပ်သံ သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။
မဲရလဒ်အဖြေသိရဖို့ ရက်အနည်းငယ် ကြာနိုင်တယ်ဆိုတာကိုလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အီဂျစ်သတင်းစာတွေမှာတော့ "သမိုင်းဝင်ရွေးကောက်ပွဲ" လို့ မီးမောင်းထိုး ရေးသားကြပါတယ်။
အီရန်အစိုးရပိုင် Press TV သတင်းဌာနကတော့ မဲရလဒ်တွေ ထွက်လာချိန်မှာ အမေရိကန် ရွေးကောက်ပွဲအထူးအစီအစဉ်တွေအကြောင်း တင်ဆက်ဖို့ စီစဉ်ထားတဲ့ ရုပ်သံလိုင်းအချိန်ကို လျှော့ချခဲ့ပါတယ်။
အီရန်အစိုးရပိုင် သတင်းဌာနတခုဖြစ်တဲ့ IRINN ကလည်း "အဓိကရုဏ်းတွေ ပေါ်ပေါက်လာမယ့် စိုးရိမ်မှုတွေကို အလေးမထားပဲ" ဒီရွေးကောက်ပွဲကို ကျင်းပခဲ့တယ် လို့ ပြောပါတယ်။








