၂၀၂၀ အမေရိကန်ရွေးကောက်ပွဲညမှာ ဘာတွေစောင့်ကြည့်သင့်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြမယ့် အမေရိကန်ပြည်သူတွေရဲ့ မဲတွေကြောင့် ဒေါ်နယ် ထရမ့် ဒါမှမဟုတ် ဂျိုးဘိုင်ဒန် တစ်ဦးဦးက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က အိမ်ဖြူတော်မှာ သမ္မတ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲ ကျင်းပတဲ့နေ့ရဲ့ ညပိုင်းမှာ ဘယ်လို ခန့်မှန်းရခက်တဲ့ ရလဒ်တွေ ထွက်လာနိုင်သလဲဆိုတာကို စောင့်ကြည့်ရာမှာ အာရုံစိုက် ဂရုထားရမယ့် အပိုင်းတွေ ရှိပါတယ်။
အဓိက အမှတ်ထားသင့်တဲ့ အချက်တချို့
• အမေရိကန်သမ္မတ အဖြစ် အရွေးခံရဖို့အတွက် တစ်နိုင်ငံလုံးက မဲအရေအတွက် စုစုပေါင်းမှာ အများဆုံးရဖို့ မလိုဘဲ ပြည်နယ်တစ်ခုစီမှာ လူဦးရေအလိုက် သတ်မှတ်ထားတဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ဝင်မဲ electoral college vote အများစု ရဖို့သာ (တစ်နည်းအားဖြင့် ပြည်နယ်တစ်ခုချင်းစီမှာ အနိုင်ရဖို့သာ) လိုအပ်ပါတယ်။
• ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲကို မဲပေးမယ့်သူတွေထဲမှာ ယခင်ရွေးကောက်ပွဲတွေမှာထက် စာတိုက်ကတစ်ဆင့် မဲပေးမယ့်သူ သန်းနဲ့ချီ ပိုများနိုင်ပြီး ဒီစာတိုက်မဲတွေကို တချို့ပြည်နယ်တွေမှာ ရွေးကောက်ပွဲ စလုပ်တဲ့နေ့ မတိုင်ခင်အထိ ရေတွက်မထားတဲ့အတွက် မဲရေတွက်မှု ပုံမှန်ထက် နောက်ကျမှာကတော့ ကျိန်းသေသလောက် ရှိနေပါတယ်။
• အခုလို မကြုံစဖူး များပြားနိုင်တဲ့ စာတိုက်မဲတွေကြောင့် ရွေးကောက်ပွဲ ပြီးပြီးချင်းမှာ အသာရနေတဲ့ ယူဆရတဲ့ သမ္မတလောင်းရဲ့ အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။
အဓိက အမှတ်ထားသင့်တဲ့ အသုံးအနှုန်းတချို့
• ရှေ့ဆောင်နွားလား ပြည်နယ် (bellwether state - သိုးအုပ်ဦးဆောင် ချူတပ်သိုး) လို့ ရွေးကောက်ပွဲဆိုင်ရာ အမည်နာမ ပေးထားတဲ့ ပြည်နယ်တွေ အမေရိကန်နိုင်ငံမှာရှိပြီး ဥပမာအားဖြင့် အိုဟိုင်းယိုးနဲ့ မစ်ဆိုရီ တို့လို ပြည်နယ်တွေဆိုရင် လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပါတီဖြစ်တဲ့ ရီပတ်ဘလီကန် ပါတီပဲ အနိုင်ရတာ များလေ့ရှိတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
• မဲရုံအထွက် စစ်တမ်း (exit poll) ဆိုတဲ့ အသုံးအနှုန်းကတော့ လူအများကြားဖူးပြီးသား အသုံးအနှုန်းဖြစ်နိုင်ပြီး မဲရုံမှာ မဲပေးပြီးထွက်လာသူတွေကို ဘယ်သူ့ကို မဲပေးခဲ့သလဲဆိုတာ စစ်တမ်းကောက်ယူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုထွက်လာသူတိုင်းကို စစ်တမ်းကောက်ယူဖို့ မဖြစ်နိုင်တဲ့အတွက် စစ်တမ်းထဲဝင်တဲ့ လူအရေအတွက်က အနည်းစု ဖြစ်တာကြောင့် တကယ့် တရားဝင်ရလဒ်နဲ့တော့ ကွာခြားနိုင်ပါတယ်။
• သမ္မတရွေးချယ်ရေးအဖွဲ့ဝင် (electoral college) ဆိုတာကတော့ ပြည်နယ်တစ်ခုစီမှာ လူဦးရေအလိုက် သတ်မှတ်ပေးထားတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင် လျာထားချက်ကို ဆိုလိုတာ ဖြစ်ပြီး ပြည်နယ်တစ်ခုချင်းစီမှာ အနိုင်ရလိုက်တဲ့ သမ္မတလောင်းက အဲဒီသက်ဆိုင်တဲ့ ပြည်နယ်ရဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင် လျာထားချက်နေရာ အားလုံးကို ရသွားလေ့ရှိရာမှာ ပြည်နယ်အလိုက် အနိုင်ရမှုနဲ့ သမ္မတ ရွေးချယ်တဲ့စနစ်လို့လည်း ဆိုပါတယ်။ ဒီစနစ်အရ တစ်နိုင်ငံလုံးအတွက် သမ္မတရွေးချယ်ရေးအဖွဲ့ လျာထားချက်နေရာ ၅၃၈ နေရာ ရှိရာမှာ သမ္မတလောင်းတဦး သမ္မတဖြစ်လာဖို့ဆိုရင် နေရာ ၂၇၀ မှာ အနိုင်ရဖို့ လိုပါတယ်။
• ကနဦးခန့်မှန်းချက်နဲ့ အနိုင်ရပြည်နယ် ခန့်မှန်းချက် (projection v calling) ဆိုတဲ့ အသုံးအနှုန်းတွေကိုလည်း သိမှတ်ထားဖို့ အရေးကြီးပါတယ်။ ကနဦး ခန့်မှန်းချက်ဆိုတာကတော့ ရွေးကောက်ပွဲ မတိုင်ခင် လနဲ့ချီပြီး ကောက်ယူထားတဲ့ လူထုသဘောထား စစ်တမ်းတွေရယ်၊ ရွေးကောက်ပွဲနေ့ မဲရုံအထွက် စစ်တမ်းတွေရယ်၊ ရွေးကောက်ပွဲနေ့ည ကနဦး ရေတွက်ပြီးစီးတဲ့ မဲအရေအတွက်တွေရယ်ကို စုပေါင်းခန့်မှန်းတာ ဖြစ်ပါတယ်။ ဒီလို ခန့်မှန်းချက်အပေါ် မူတည်ပြီး အနိုင်ပြည်နယ် ဟုတ်မဟုတ်ကို ရွေးကောက်ပွဲနေ့ညမှာတင် မှန်းဆလေ့ ရှိကြပါတယ်။
• ယိမ်းနွဲ့နိုင်ခြေ ရှိသော သို့မဟုတ် တိုက်ပွဲဝင် အကြိတ်အနယ် ဖြစ်လေ့ရှိသော ပြည်နယ်များ (swing states or battleground states) ဆိုတာကတော့ ဘယ်နိုင်ငံရေးပါတီဘက်ကို ယိမ်းတယ်လို့ ယတိပြတ် ပြောလို့မရတဲ့ ပြည်နယ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
• ပြည်နယ်အနီ နဲ့ ပြည်နယ်အပြာ ဆိုတဲ့ အသုံးအနှုန်းတွေ ဆိုတာကတော့ အနီဆိုရင် ရီပတ်ဘလီကန်ပါတီ ထောက်ခံမှု ပိုများတဲ့ ပြည်နယ်ကို ဆိုလိုတာ ဖြစ်ပြီး အပြာကတော့ ဒီမိုကရက်ထောက်ခံမှုများတဲ့ ပြည်နယ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ဘယ်သမ္မတလောင်းက နိုင်တယ်ဆိုတာ ဘယ်လို သိရမှာလဲ
စာတိုက်မဲများနိုင်တဲ့ ဒီနှစ် ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရသူ သိရဖို့ နှောင့်နှေးနိုင်တယ် ဆိုတာက ပြည်နယ်အသီးသီးရဲ့ စာတိုက်မဲရေတွက်မှု နည်းဥပဒေတွေ မတူညီမှုကြောင့်လည်း တစ်ကြေင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဖလော်ရီဒါနဲ့ အရီဇိုးနားလို ပြည်နယ်တွေမှာ လာမယ့် နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲနေ့မတိုင်ခင် ရက်သတ္တပတ်နဲ့ ချီပြီး စာတိုက်မဲတွေကို စတင် စိစစ်ရေတွက်မှု ပြုလုပ်လေ့ရှိပြီး ဝစ္စကွန်ဆင်နဲ့ ပန်ဆယ်လ်ဗေးနီးယားလို ပြည်နယ်တွေမှာတော့ အသီးသီး ရရှိတဲ့ စာတိုက်မဲတွေကို ရွေးကောက်ပွဲနေ့ရောက်မှ စတင် စိစစ်ရေတွက်တဲ့ နည်းဥပဒေ အသုံးပြုမှု ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်အသီးသီးက စာတိုက်မဲကို ဘယ်အချိန်အထိ နောက်ဆုံးထားပြီး လက်ခံမယ်ဆိုတဲ့ သတ်မှတ်ချက်ကလည်း မတူညီတဲ့ အခြေအနေ ရှိနေရာမှာ ဥပမာအားဖြင့် ဂျော်ဂျီယာ လို ပြည်နယ်မှာ ဆိုရင် ရွေးကောက်ပွဲနေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ ရောက်လာတဲ့ စာတိုက်မဲတွေကိုသာ လက်ခံပေမဲ့ အိုဟိုင်းယိုး လို ပြည်နယ်မှာတော့ ပို့လိုက်တဲ့ စာတိုက်မဲက နိုဝင်ဘာလ ၃ ရက်နေ့ နေ့စွဲနဲ့ ပို့လိုက်ကြောင်း မှန်ကန်ဖို့ပဲ လိုအပ်တဲ့ သတ်မှတ်ချက်ကလည်း ရှိနေပါတယ်။
ဒီလို အခြေအနေတွေကြောင့် ဘယ်သမ္မတလောင်းက ရွေးကောက်ပွဲနေ့ညမှာ အနိုင်ရနိုင်သလဲ ဆိုတာကို ခန့်မှန်းဖို့က မဖြစ်နိုင်သလောက် ခဲယဉ်းနေတယ်လို့ ဆိုနိုင်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် နယ်နမိတ်အရ စံတော်ချိန် အမျိုးမျိုးရှိတဲ့ အမေရိကန်နိုင်ငံမှာ နောက်အကျဆုံး အနောက်ဘက်ကမ်းခြေက ပြည်နယ်တွေက ဒေသစံတော်ချိန် ည ၁၁ နာရီလောက်ဆိုရင် ပြည်နယ်အားလုံးကိုခြုံပြီး အနိုင်ရတဲ့ သမ္မတလောင်း ခန့်မှန်းချက် ထွက်လာလေ့ ရှိပါတယ်။
၂၀ဝ၈ အမေရိကန် အထွေထွေ ရွေးကောက်ပွဲတုန်းကဆိုရင် အဲဒီ အချိန်လောက်မှာတင် မှန်ကန်အောင် ခန့်မှန်းနိုင်တဲ့ အနိုင်ရ သမ္မတလောင်း ခန့်မှန်းချက် ထွက်ပေါ်ခဲ့ပြီး ၂၀၁၂ ရွေးကောက်ပွဲမှာ ဆိုရင်လည်း အဲဒီ အမေရိကန် အနောက်ဘက် ကမ်းခြေက ပြည်နယ်တွေရဲ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ လောက်မှာ မှန်ကန်တဲ့ အနိုင်ရ သမ္မတလောင်း ခန့်မှန်းချက် ထွက်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ဆိုရင်တော့ ဒေါ်နယ်ထရမ့်က ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ အနိုင်ရကြောင်း ခန့်မှန်းကြေညာနိုင်တဲ့ အဲဒီ အမေရိကန် အနောက်ဘက် ကမ်းခြေ ဒေသစံတော်ချိန် နိုဝင်ဘာလ ၄ ရက်နေ့ မနက် ၁ နာရီ ၃၅ ရောက်တဲ့ အချိန်ကျမှ ဒေါ်နယ်ထရမ့်က ဟီလာရီ ကလင်တန်ကို အနိုင်ရကြောင်း သေချာခဲ့ပါတယ်။
ပြည်နယ်အသီးသီးရဲ့ ရွေးကောက်ပွဲ ရလဒ် သတင်းပို့မှု ပုံစံ ခြားနားမှု
တချို့ပြည်နယ်တွေမှာ လူကိုယ်တိုင်လာပေးတဲ့ မဲတွေကို အရင် ရေတွက်တဲ့အတွက် အဲဒီပြည်နယ်အတွင်း ထောက်ခံမှုများတဲ့ သမ္မတလောင်းက အသာရနေတဲ့ ပုံစံမျိုး ထွက်လာနိုင်တဲ့ အခြေအနေလည်း ရှိနေတာကို ရွေးကောက်ပွဲည သတင်းပို့မှုတွေမှာ သတိထား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အခုလို လူကိုယ်တိုင်လာပေးတဲ့ မဲတွေကြောင့် ဒေါ်နယ်ထရမ့် အသာရနိုင်တယ်လို့ ယူဆတဲ့ သူ့ကို ထောက်ခံတဲ့သူတွေက အခုလို ဒီမဲတွေကို အရင်ဆုံး ရေတွက်မှုအပေါ်ထောက်ခံတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေဘက်က စာတိုက်က မဲပေးမှု များနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိတာကြောင့် ရွေးကောက်ပွဲနေ့မတိုင်ခင် စာတိုက်မဲတွေ ရရှိထားတဲ့ ပြည်နယ်တွေမှာ ဂျိုးဘိုင်ဒန်က ကနဦး အသာရနေတဲ့ ခန့်မှန်းချက်မျိုးလည်း ထွက်လာနိုင်ပါတယ်။
အနိုင်ရပြည်နယ်ခန့်မှန်းချက် ဘယ်လို ထုတ်ပြန်သလဲ
အနိုင်ရပြည်နယ် ခန့်မှန်းချက်ကို အမေရိကန် သတင်းဌာနတွေက ထုတ်ပြန်ရာမှာ ရွေးကောက်ပွဲ မတိုင်ခင် လနဲ့ချီပြီး ကောက်ယူထားတဲ့ လူထုသဘောထား စစ်တမ်းတွေရယ်၊ ရွေးကောက်ပွဲနေ့ မဲရုံအထွက် စစ်တမ်းတွေရယ်၊ ရွေးကောက်ပွဲနေ့ည ကနဦး ရေတွက်ပြီးစီးတဲ့ မဲအရေအတွက်တွေရယ်ကို စုပေါင်းပြီး အဲဒီ သတင်းဌာနတစ်ခုချင်းစီက ပုံစံချထားတဲ့ တွက်ချက်မှု ပုံစံအမျိုးမျိုးအရ တွက်ချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။
အခုလို ထုတ်ပြန်ရာမှာ ပြည်နယ်အားလုံးအတွက် ခန့်မှန်းချက်တွေ ထွက်လာပြီဆိုရင် ဘယ်သမ္မတလောင်းက နိုင်မလဲ ဆိုတဲ့ ခန့်မှန်းချက်ပါ ထွက်လာတတ်ပြီး တကယ်တမ်း မဲရေတွက်မှု အတိအကျ ထွက်တဲ့ကာလကတော့ ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်နဲ့ချီပြီး ကြာမှ ထွက်လာလေ့ရှိပါတယ်။
ဒီတစ်ခါ ရွေးကောက်ပွဲကတော့ စာတိုက်မဲတွေကြောင့် ပုံမှန် ကြာချိန်ထက်ကို ပိုပြီး မဲရရှိမှု အတိအကျ ထုတ်ပြန်နိုင်ဖို့ ကြာမြင့်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာဆိုရင် ဟီလာရီ ကလင်တန်ရရှိတဲ့ မဲအရေအတွက် စုစုပေါင်းဟာ ဒေါ်နယ်ထရမ့် အနိုင်ရတာ သေချာသွားတဲ့ အချိန်နောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပပြီး တစ်လကျော် ကြာတဲ့အထိ ဒေါ်နယ်ထရမ့်ထက် ပိုပို များလာခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဘာ့ကြောင့် စာတိုက်မဲတွေက ရွေးကောက်ပွဲ ရလဒ်ထွက်ဖို့ နှောင့်နှေးစေမှာလဲ
လာမယ့် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲထက် စာတိုက်မဲ အရေအတွက်က နှစ်ဆလောက်အထိ များနိုင်တဲ့အတွက် အမေရိကန် စာတိုက်ဌာနက မနိုင်မနင်း ဖြစ်နိုင်ခြေ ရှိနေပြီး ဒီဌာနကတော့ သူတို့ ဒီလို မဖြစ်စေရဘူးလို့ တုံ့ပြန်ထားပါတယ်။
အထက်မှာ ဖော်ပြခဲ့သလိုပဲ တချို့ပြည်နယ်တွေက ရွေးကောက်ပွဲနေ့မှာ ပို့လိုက်တဲ့ စာတိုက်မဲမှန်ရင် ဘယ်လောက်ပဲ နောက်ကျ ရောက်ရောက်၊ ထည့်သွင်းရေတွက်ပေးမယ် ဆိုတဲ့ အခြေအနေကြောင့် မဲရရှိမှု အတိအကျထွက်လာဖို့က ပိုပြီး ကြာမြင့်နိုင်ပါတယ်။
စာတိုက်မဲတွေကို ရေတွက်မှုကလည်း လူကိုယ်တိုင် လာပေးထားတဲ့ မဲတွေလို ချက်ချင်း ရေတွက်လိုက်လို့ မရပဲ မှန်ကန်မှု ရှိမရှိကိုလည်း ဖွင့်ဖောက် စစ်ဆေးရမှာ ဖြစ်တဲ့အတွက် ဒီလို ပိုပြီး ကြာမြင့်နိုင်တာ ဖြစ်ပါတယ်။
ရှင်းရှင်းလင်းလင်း အနိုင်ရတယ်လို့ မှန်းလို့ရတဲ့ သမ္မတလောင်း ထွက်မလာရင် ဘယ်လို ဖြစ်မလဲ
ရွေးကောက်ပွဲညမှာတင် ရှင်းရှင်းလင်းလင်း အနိုင်ရတယ်လို့ မှန်းလို့ရတဲ့ သမ္မတလောင်း ထွက်မလာဘူးဆိုရင် တရားဝင် မဲရရှိမှု အရေအတွက် တိတိကျကျ ထွက်လာဖို့ ရက်သတ္တပတ်တွေနဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။
ဒါ့အပြင် ယခုကတည်းက ရှိနေတဲ့ စာတိုက်မဲဆိုင်ရာ အငြင်းပွားမှုတွေကြောင့် တရားစီရင်ရေးအပိုင်းက ကြားဝင် ဆုံးဖြတ်ပေးရတာမျိုးလည်း ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲ တုန်းကလို ဖြစ်လာနိုင်ပါတယ်။
ဘယ်ပြည်နယ်တွေကို အဓိကထား စောင့်ကြည့်သင့်သလဲ
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ မဲရုံပိတ်ချိန်က ရွေးကောက်ပွဲနေ့ ဒေသစံတော်ချိန် ည ၇ နာရီခွဲ ဖြစ်ပြီး ဒီပြည်နယ်မှာ မဲစောစော လာပေးသူ များတဲ့အတွက် ဒီပြည်နယ်မှာ အနိုင်ရနိုင်တဲ့ သမ္မတလောင်း ခန့်မှန်းမှု စောစောနဲ့ မှန်မှန်ကန်ကန် ထွက်လာနိုင်ပါတယ်။
ဒီလို ထွက်လာနိုင်တဲ့အတွက် အဲဒီပြည်နယ်မှာ အနိုင်ရတယ်လို့ ခန့်မှန်းခံရတဲ့ သမ္မတလောင်းက အခြေအနေကောင်းတယ်ဆိုပြီး ယူဆထားနိုင်ပါတယ်။
အကြိတ်အနယ် ယှဉ်ပြိုင်ရလေ့ရှိတဲ့ ဖလော်ရီဒါ ပြည်နယ်ဟာ အမေရိကန်နိုင်ငံ အရှေ့ပိုင်းမှာရှိပြီး စံတော်ချိန်အရ အနောက်ပိုင်းက ပြည်နယ်တွေထက် မဲရုံပိတ်ချိန် စောတဲ့အတွက် လူကိုယ်တိုင်လာပေးတဲ့ မဲအရေအတွက်နဲ့ စာတိုက်မဲ အရေအတွက်ပါ များနိုင်တဲ့ ဒီပြည်နယ်ရဲ့ အခြေအနေကြောင့် ခန့်မှန်းရလဒ် စောစောထွက်တာက အနိုင်ရ ခန့်မှန်းခံရတဲ့ သမ္မတလောင်းအတွက် အားသာမှုတစ်ခု ဖြစ်စေနိုင်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ ကတည်းကစပြီး စာတိုက်မဲတွေကို စတင်ရေတွက်နေပြီ ဖြစ်တဲ့ အရီဇိုးနားပြည်နယ်မှာတော့ စာတိုက်မဲ ပိုများနိုင်တဲ့ အခြေအနေကြောင့် ဂျိုးဘိုင်ဒန် အသာရနေတဲ့ ခန့်မှန်းချက် ထွက်လာနိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိထားပြီး ထရမ့်က ၂၀၁၆က ဒီပြည်နယ်မှာ နိုင်ခဲ့သလို အခုတစ်ကြိမ်မှာ မနိုင်လောက်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ မဲရုံပိတ်တဲ့ အိုဟိုင်းယိုး ပြည်နယ်မှာဆိုရင်တော့ ရွေးကောက်ပွဲနေ့မှာ ကနဦး ရရှိထားတဲ့ ကြိုတင်မဲ ရလဒ်ကို ထုတ်ပြန်လေ့ရှိပေမဲ့ နောက်ပိုင်းမှာတော့ မဲ အားလုံး ရေတွက်ပြီးမှ အပြီးသတ် ထုတ်ပြန်လေ့ရှိပါတယ်။
ဒီပြည်နယ်မှာ အခုလို မဲအားလုံး ရေတွက်ပြီးစီးဖို့ နိုဝင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထား လုပ်ရမှာဖြစ်ပြီး အိုဟိုင်းယိုးရဲ့ ထူးခြားချက်ကတော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အမေရိကန်ရွေးကောက်ပွဲ အားလုံးနီးပါးမှာ ဒီပြည်နယ်မှာ အနိုင်ရသူက တစ်နိုင်ငံလုံးမှာလဲ အနိုင်ရသူ ဖြစ်လာတတ်တဲ့ ထုံးစံ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် ည ၈ နာရီမှာ ပိတ်ပြီး မဲရလဒ် ခန့်မှန်းချက်လည်း စောစော ထွက်နိုင်ခြေရှိတဲ့ အမေရိကန် အရှေ့ပိုင်းက ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်မှာလည်း သမ္မတလောင်း နှစ်ဦး အကြိတ်အနယ် ဖြစ်နိုင်ပါတယ်။
အကြောင်းရင်းကတော့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ဟာ ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ရလေ့ရှိတဲ့ ပြည်နယ် ဖြစ်တဲ့အပြင် ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့ မွေးရပ်ပြည်နယ်လည်း ဖြစ်သလို ထရမ့်ကလည်း ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ တစ်ရာခိုင်နှုန်းနဲ့ ကပ်ပြီး ဟီလာရီ ကလင်တန်ကို အနိုင်ရထားတဲ့ ပြည်နယ် ဖြစ်နေလို့ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ အလယ်ပိုင်းလောက်က ပြည်နယ်တွေဖြစ်တဲ့ ဝစ္စကွန်ဆင်နဲ့ မစ်ရှီဂန်ပြည်နယ်တွေမှာ ဆိုရင်လည်း သမ္မတလောင်း နှစ်ဦး အကြိတ်အနယ်ရှိနိုင်ပါတယ်။
အကြောင်းကတော့ ဒီမိုကရက်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ဝစ္စကွန်ဆင် ပြည်နယ်အတွင်း သိပ်မကွာလှဘဲ ရီပတ်ဘလီကန်ကို ရှုံးနိမ့်ထားတာ ဖြစ်သလို မစ်ရှီဂန်ပြည်နယ်မှာ ဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က ဟီလာရီ ကလင်တန်ကို မဲ အရေအတွက် ဝ.၂၃ % အသာ (၂၂၇၉၅၄၃ မဲ - ၂၂၆၈၈၃၉ မဲ) နဲ့ ကပ်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။














