ရွေးကောက်ပွဲနီးလာချိန်အပြိုင်အဆိုင်ကြဲရမယ့်ပြည်နယ်တွေကိုသွားပြီး ဘိုင်ဒန်နဲ့ထရမ့်တို့မဲဆွယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတဲ့အချိန်မှာ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ နိုင်ငံ အနှံ့ကိုအပြေးအလွှား ခရီးသွားကာ မဲဆွယ်နေကြပါတယ်။
အသက် ၇၄ နှစ်အရွယ် ရီဘတ်ပလီကန် သမ္မတ ထရမ့်က ပါတီ နှစ်ခုအကြား သူမသာ ကိုယ်မသာ အမြဲအကြိတ်အနယ် ပြိုင်ရတဲ့ ပြည်နယ် ငါး ပြည်နယ်ကို သွားရောက်ခဲ့သလို သူ့ကိုပြိုင်မယ့် အသက် ၇၇ နှစ်အရွယ် ဒီမိုကရက်တစ် ဂျိုးဘိုင်ဒန်ကလည်း သူတင်ကိုယ်တင်ပြိုင်ရမယ့် ပင်ဆယ်ဗေးနီးယား ပြည်နယ်က မဲဆွယ်ပွဲတစ်ခုမှာ မိန့်ခွန်းသွားပြောခဲ့ပါတယ်။
အင်္ဂါနေ့ သမ္မတရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးကောက်တဲ့ နိုင်ငံတလွှားက လူထုစစ်တမ်းတွေမှာ အရင်တုန်းက ဒုတိယသမ္မတဖြစ်ဖူးခဲ့တဲ့ မစ္စတာ ဘိုင်ဒန်က သိသိသာသာရှေ့ကပြေးနေပါတယ်။
ဒါပေမဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးသွားနိုင်တဲ့ အဓိကပြည်နယ်တွေမှာတော့ သူ့ကို လူကြိုက်များတာ က ပွတ်ကာသီကာရယ်ပါ။
ကြိုတင်မဲပေးသူပေါင်း သန်း ၉၀ ကျော်ရှိလာနေတဲ့ ဒီရွေးကောက်ပွဲဟာ ရာစုနှစ်အတွင်း မဲပေးသူ အများဆုံးဖြစ်မယ့် အမေရိကန်ရွေးကောက်ပွဲဖြစ်လာမယ်လို့ တွက်ဆနေကြပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေက ပြည်နယ်အလိုက်မဲပေးကြရတာဖြစ်ပြီး အဲဒီပြည်နယ်တွေမှာ သတ်မှတ်ထားတဲ့ သူတို့အခေါ် အီလက်တိုရယ် ကောလိပ် မဲ (electoral college vote)ပေးသူတွေကို ရွေးရပါတယ်၊တစ်နိုင်ငံလုံးအီလက်တိုရယ် ကောလိပ် မဲ အနည်းဆုံး ၂၇၀ မဲ ရမှ သမ္မတအဖြစ်ရွေးချယ်ခံရမှာပါ။ စုစုပေါင်း electoral collegeမ မဲအရေအတွက်က ၅၃၈ မဲရှိပြီး ပြည်နယ်တွင်းက လူဦးရေ အနည်းအများအလိုက် သက်ဆိုင်ရာ ပြည်နယ်က ပေးပိုင်ခွင့်ရှိတဲ့ electoral college မဲ အရေအတွက်က ကွဲပြားသွားပါတယ်။
ဒီစနစ်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒရှင်မဲ ရရှိမှု များပေမဲ့လည်း ရွေးကောက်ပွဲမှာ ရှုံးနိုင်ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမဲအရေအတွက်နဲ့ ကြည့်ရင် မစ္စ ကလင်တန်က များပေမယ့် electoral college မဲမှာ ထရမ့်ကများတဲ့အတွက် ထရမ့်က အနိုင်ရရှိသွားတာပါ။
ဒီရွေးကောက်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ဆက်လက်ဖြစ်ပွားနေချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲပါ။ အမေရိကန်တလွှားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ဒီရောဂါနဲ့ သေဆုံးမှုက ကမ္ဘာ့ဘယ်နိုင်ငံမဆိုထက် များနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တစ်ရက်ထဲအတွင်း ရောဂါဖြစ်သူအသစ် ရှစ်သောင်းတစ်ထောင် ရှိပါတယ်။
ဗိုင်းရပ်စ်ရောဂါဆိုင်ရာ ထိပ်တန်းကျန်းမာရေးပညာရှင် ဒေါက်တာ အန်တိုနီ ဖောင်ချီက ထရမ့်အစိုးရ ရဲ့ ကမ္ဘာ့ကပ်အရေး ကိုင်တွယ်ဆောင်ရွက်ပုံတွေကို အပြင်းအထန်ဝေဖန်နေခဲ့ပြီး အိမ်ဖြူတော်က လည်း သူ့ကို ဒေါထန်ထန်နဲ့ တနင်္ဂနွေနေ့က ပြန်တုံ့ပြန်ခဲ့ပါတယ်။
သမ္မတလောင်း နှစ်ယောက်က ဘာတွေကို စူးစိုက်လုပ်ကိုင်နေလဲ
တနင်္ဂနွေနေ့ အစီအစဥ်ကို သမ္မတထရမ့်က အပြည့်အကျပ် ဆွဲထားခဲ့ပြီး အိုင်အိုဝါ၊ မီချီဂန်၊ မြောက် ကယ်လိုရိုင်းနား၊ ဂျော်ဂျီယာ၊ ဖလော်ရီဒါ ပြည်နယ်တွေက မဲဆွယ်လူစုဝေးပွဲတွေကို သူ တက်ရောက် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
သူနိုင်ငံကိုဦးဆောင်တဲ့ကာလအတွင်း နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းက ပြန်လည်ရှင်သန်နိုးထ လာခဲ့တယ်လို့ မစ္စတာ ထရမ့်က မီချီဂန်ပြည်နယ်မှာ ဟစ်ကြွေးပါတယ်။
"နိုင်ငံ့စီးပွားရေးက စံချိန်တင် အမြန်ဆုံးနှုန်းနဲ့ တိုးတက်နေတာ"လို့ သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံစီးပွားရေးက ဒီနှစ် ဒုတိယ သုံးလပတ်ကာလမှာ ၃၁%က ကျဆင်းခဲ့ပေမဲ့ တတိယ သုံးလပတ်ကာလမှာတော့ စံချိန်တင် ၃၃% တက်လာတွေကို တွေ့ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကပ်ကြောင့်ဖြစ်လာတဲ့ စီးပွားရေးအပေါ် ဆိုးကျိုးရိုက်ခတ်မှုတွေက နှစ်ပေါင်း ၈၀ ကျော်ကာလ အတွင်း အမေရိကန်စီးပွားရေးကို အကြီးဆုံး ထိခိုက်ခဲ့တာကြောင့် ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့က နှစ်အတော်ကြာ အချိန်ယူရဦးမှာလို့ စီးပွားရေးပညာရှင်တွေက သတိပေးနေပါတယ်။
အိုင်အိုဝါပြည်နယ်မှာလုပ်တဲ့ မဲဆွယ်ပွဲမှာတော့ နယ်စပ်တွေကို လုံခြုံစိတ်ချရအောင်ကာပေးမယ် ဆိုတာနဲ့ တရားရုံးတွေမှာ ကွန်ဆာဗေးတစ် တရားသူကြီးတွေပိုများလာစေရမယ်ဆိုတာတွေကို မစ္စတာ ထရမ့်က ကတိပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ အရေးပြောရာမှာတော့ "အားလုံးအတွက် အကျိုးနည်းမယ့် ဘိုင်ဒန်ရဲ့ လော့ခ်ဒေါင်းလား၊ ကမ္ဘာ့ကပ်အဆုံးသတ်စေမယ့် လုံခြုံဘေးကင်းရတဲ့ ကာကွယ်ဆေးလား" စတဲ့ နှစ်ခုထဲက တစ်ခုကို ရွေးရမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။
ဒီလိုအချိန်မှာပဲ သူ့မွေးဇာတိပြည်နယ်လည်းဖြစ် ဒီမိုကရက်နဲ့ ရီဘတ်ပလီကန်တို့ အပြိုင်ကြဲရမယ့် ပြည်နယ်တစ်ခုလည်းဖြစ်တဲ့ ပင်ဆယ်ဗေးနီးယားကို မစ္စတာ ဘိုင်ဒန် သွားရောက်ခဲ့ပါတယ်။
ဖီလာဒဲလ်ဖီးယားမြို့မှာလုပ်ခဲ့တဲ့ လူထုမဲဆွယ်စုဝေးပွဲတစ်ခုမှာ မစ္စတာဘိုင်ဒန်က မြို့မှာရှိတဲ့ လူမည်း အသိုင်းအဝိုင်းကို ရည်ရွယ်မိန့်ခွန်းပြောကာ အမေရိကန်မှာ ရှိနေတဲ့ "လူမျိုးရေးခွဲခြားမှုကို စနစ်တကျလုပ်ဆောင်နေတာ"တွေကို တိုက်ဖျက်သွားမယ်လို့ ကတိပေးခဲ့သလို အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးတွေ နှိုင်းယှဥ်မှုအရ ပိုပြီး ထိခိုက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကိုလည်း နှိမ်နင်းသွားမယ်လို့ အာမခံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မစ္စတာဘိုင်ဒန်က လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေကို ဆွဲဆောင်တဲ့ရည်ရွယ်ချက်နဲ့ နယ်စပ်မှာ ရွှေ့ပြောင်းဝင်ရောက်သူမိသားစုတွေကို မိဘနဲ့ သားသမီးတွေ ခွဲပြီး ထိန်းသိမ်းထားတာ တွေကို သူမလိုလားကြောင်း တွစ်တာက တစ်ဆင့် စပိန်ဘာသာနဲ့ ရေးသား ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ပူတိုရီကိုမှာ ဟာရီကိန်း မာရီယာတိုက်ခတ်ခံရစဥ်တုန်းက သမ္မတ ထရမ့်က ဘာမှ သိပ်မကူညီခဲ့တာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
တနင်္လာနေ့မှာ သမ္မတလောင်းဟာ ပင်ဆယ်ဗေးနီးယား အနှံ့သွားမယ်လို့ မစ္စတာ ဘိုင်ဒန်ရဲ့ မဲဆွယ်အဖွဲ့ကပြောပြီး သူ့ကို လေဒီ ဂါဂါနဲ့ John Legendတို့လို ပေါ့ဂီတ အကျော်အမော်တွေ ကလည်း ဝန်းရံလိုက်ပါ မဲဆွယ်ပေးကြမယ်လို့ ဆိုပါတယ်။ မစ္စတာ ဘိုင်ဒန်ဟာ အိုဟိုင်းယိုးပြည်နယ် ကိုလည်း သွားပါလိမ့်မယ်။
မစ္စတာ ထရမ့်ကတော့ မြောက်ကယ်လိုရိုင်းနား၊ ပင်ဆယ်ဗေးနီးယား၊ မီချီဂန်၊ ဝစ်စ်ကွန်ဆင် စတဲ့ ပြည်နယ်တွေမှာ မဲဆွယ်တရားဟောပွဲတွေ လုပ်ဦးမှာပါ။

အရင်လိုပဲ ရွေးကောက်ပွဲညမှာ ရလဒ်အဖြေကို သိရမလား
အမေရိကန်သမ္မတရွေးကောက်ပွဲတိုင်းမှာ မဲပေးပြီးရင် မဲတိုင်းကိုရေတွက်လို့ပြီးတာ သေချာအောင် ရက်ပေါင်းအတော်ကြာကြာ စောင့်ရလေ့ရှိပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းတော့ ရွေးကောက်ပွဲပေးပြီး နောက်နေ့မနက် စောစောအချိန်မှာပဲ ဘယ်သူအနိုင်ရပြီဆိုတာ ရှင်းရှင်းလင်းလင်း သိရနိုင်ပြီ ဖြစ်ပါ တယ်။
၂၀၁၆ ရွေးကောက်ပွဲတုန်းက နယူးရော့ခ်မြို့အတွင်းတစ်နေရာမှာ ပျော်ရွှင်မြူးတူးနေကြတဲ့ သူ့ကိုထောက်ခံသူလူစုလူဝေးကြားက စင်မြင့်ကနေ ဒေသစံတော်ချိန် မနက် ၃ နာရီမှာ ဒေါ်နယ် ထရမ့်က သူ့အောင်ပွဲခံမိန့်ခွန်းကို မြွက်ကြွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ အဲဒီလောက် စောစောစီးစီး အဖြေသိရဖို့ သိပ်မလွယ်ဘူးလို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ ရက်တွေအတော်ကြာကြာစောင့်ရနိုင်တယ်၊ သီတင်းပတ် အတော် ကြာကြာတောင် ဖြစ်သွားနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စာတိုက်က တစ်ဆင့် ပေးတဲ့ မဲတွေ ရေတွက်အပြီးကို စောင့်ကြရဖို့ရှိတယ်လို့ သူတို့ကဆိုပါတယ်။
၂၀၀၀ ခုနှစ်တုန်းက ရွေးကောက်ပွဲအပြီး မဲရလဒ်က မသေမချာ မရှင်းမလင်းဖြစ်နေတာကြောင့် တရားရုံးချုပ်က အနိုင်ရသူကို အတည်ပြုပေးတဲ့အချိန်အထိ တစ်လလောက် စောင့်ခဲ့ရပါတယ်။
စာတိုက်ကတစ်ဆင့် ပို့ပေးတဲ့မဲတွေကို ဘယ်လိုနည်းလမ်းတွေသုံးပြီး ရေတွက်မယ်ဆိုတာ ပြည်နယ် အလိုက် တစ်ပြည်နယ်နဲ့တစ်ပြည်နယ် မတူကြပါဘူး။ ဒါကြောင့်မဲအရေအတွက် သတင်းပို့ချိန် တစ်ပြည်နယ်နဲ့တစ်ပြည်နယ် တူကြမှာမဟုတ်ပါဘူး။ တချို့ပြည်နယ်တွေမှာ ပြည့်စုံတဲ့ ရလဒ်ရဖို့ သီတင်းပတ်များစွာကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့က Axios သတင်းဌာနက သတင်းအရ အင်္ဂါနေ့ညမှာ သူရှေ့က ဦးဆောင်နေပြီဆိုရင် မစ္စတာ ထရမ့်က အောင်ပွဲရပြီလို့ ကြေညာမယ်လို့ သိရပါတယ်။
ဒီသတင်းကို ဒေါ်နယ်ထရမ့်က ငြင်းဆိုထားပေမဲ့ ရွေးကောက်ပွဲနေ့နောက်ရက်တွေမှာ မဲတွေ ဆက်ရေနေရဦးမယ် ဆိုရင် ဒါက "သိပ်မကောင်းတဲ့ ကိစ္စပဲ"လို့ သူက ပြောခဲ့ပါတယ်။
သမ္မတလောင်းတွေရဲ့ကတိစကားတွေက ဘယ်လိုကွဲပြားနေလဲ
ပြိုင်ဖက်နှစ်ယောက်ဟာ အဓိကကျတဲ့ အရေးကိစ္စတွေအပေါ် ကွဲပြားတဲ့ အမြင်တွေရှိနေကြ ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီလမှာ အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစဉ် မစ္စတာထရမ့်က အခုအချိန်ကစပြီး လုံခြုံဘေးကင်းရေးနဲ့ နိုင်ငံကို ဖွင့်ထားဖို့အတွက် အာရုံစိုက် လုပ်ကိုင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ကိုဗစ်ရောဂါ ကုသရေးနဲ့ ကာကွယ်ဆေးတွေ အမြန်ပေါ်ထွန်းဖို့ အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရန်ပုံငွေကို သူက ချမှတ် ပေးခဲ့ပါတယ်။
မစ္စတာဘိုင်ဒန်က နိုင်ငံတလွှားမှာ ကူးစက်ခံရသူတွေကို ခြေရာခံနောက်ကြောင်းလိုက်နိုင်မယ့် အစီအစဉ်ကို ထူထောင်မယ်၊ ပြည်နယ်တိုင်းမှာ ဗိုင်းရပ်စ်ပိုး ရှိ၊မရှိ ဆေးစစ်လို့ရမယ့် နေရာတွေ အနည်းဆုံး ၁၀ ခုထားမယ်၊ ဆေးစစ်တာကို အခမဲ့ဖြစ်စေရမယ်လို့ ဆိုပါတယ်။ နိုင်ငံတလွှား နှာခေါင်းစည်း မတပ်မနေရ သတ်မှတ်ဖို့ကိုလည်း သူက ထောက်ခံပါတယ်။
ရာသီဥတုပြောင်းလဲမှုအရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ပြည့်ဖြိုးမြဲအရင်းအမြစ် မဟုတ်တဲ့ လောင်စာတွေသုံးပြီး စွမ်းအင်ထုတ်လုပ်တာတွေကို ချဲ့ထွင်မယ်လို့ ဆိုပြီး ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ်က နုတ်ထွက်ထားတာ မှန်တယ်လို့ ဆိုပါတယ်။
မစ္စတာဘိုင်ဒန်က ပဲရစ်သဘောတူစာချုပ်သဘောတူညီချက်တွေကို အမြန်ပြန်လုပ်မယ်လို့ ဆိုပြီး ၂၀၅၀ ခုနှစ်မှာ အမေရိကန်ဟာ ကာဘွန်ထုတ်လွှင့်မှု သုည ဖြစ်အောင် ရည်မှန်းချက်ထားကာ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
စီးပွားရေးနဲ့ ပတ်သက်ပြီး မစ္စတာ ထရမ့်က ၁၀ လအတွင်း အလုပ်အကိုင် ၁၀ သန်း ပေါ်ထွန်းလာအောင် လုပ်မယ်လို့ ကတိပေးသလို၊ စီးပွားရေးလုပ်ငန်းငယ်ပေါင်း ၁ သန်း အသစ်ဖြစ်ထွန်းလာမယ်လို့ ဆိုပါတယ်။ ဝင်ငွေခွန်ဖြတ်တောက်မယ်၊ အမေရိကန်မှာ အလုပ်တွေ ရှိနေအောင် ကုမ္ပဏီတွေကို အခွန်ဆိုင်ရာ အထူးလျော့ပေါ့တဲ့အခွင့်အရေးတွေ ပေးမယ်လို့လည်း ဆိုပါတယ်။
မစ္စတာ ဘိုင်ဒန်က အများပြည်သူအတွက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဌာနတွေမှာ ရန်ပုံငွေပိုပေး နိုင်အောင် ဝင်ငွေများတဲ့လူတွေဆီက အခွန်တိုးကောက်မယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ ဝင်ငွေများသူလို့ ဆိုတဲ့နေရာမှာ တစ်နှစ်ကို ဒေါ်လာ လေးသိန်း အထက်ရသူများကို ဆိုလိုတာဖြစ်ကြောင်း ရှင်းလင်း ထားပြီး အနိမ့်ဆုံးလုပ်ခအဖြစ် တစ်နာရီ လုပ်ခ ၁၅ ဒေါ်လာ အထိ တိုးမြှင့်သတ်မှတ်သွားချင်ကြောင်း ပြောပါတယ်။








