ရိုဟင်ဂျာ ရွှေ့ပြောင်းမှု - ရေလယ်ကျွန်းသစ် အကျဥ်းထောင်လိုပဲလို့ ဒုက္ခသည်တွေပြော

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, ဘာဆန် ချားကျွန်းငယ်ပေါ်မှာ နေအိမ် တစ်ထောင်ကျော်ကို ရိုဟင်ဂျာတွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောက်လုပ်ပေးခဲ့
    • ရေးသားသူ, အက္ကဘာ ဟော့စိန်
    • ရာထူးတာဝန်, ဘီဘီစီ ဘင်ဂါလီဌာန
  • ရေးသားခဲ့သည်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေမှာ နောက်ထပ် ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ရင်ဆိုင်ရပြန်ပါပြီ။

သူတို့ခိုလှုံနေရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီးဖြစ်တဲ့ ကော့က်ဆက်စ် ဘဇား ဒုက္ခသည်စခန်းတွင်းမှာ အကြမ်းဖက်မှုတွေနဲ့ အတူ မူးယစ်ဆေးနဲ့ လူမှောင်ခိုကူးမှုတွေက တစ်နေ့တခြား တိုးလာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို သူတို့ဆန္ဒမပါဘဲ ဝေးလံခေါင်သီတဲ့ ဘာဆန် ချား ကျွန်းငယ်တစ်ခုမှာ ပြောင်းရွှေ့ နေရာချထားမှုတွေ စလုပ်နေပါပြီ။

အဲဒီကျွန်းငယ်ကို ဘီဘီစီက သီးသန့် သွားရောက်ခွင့် ရခဲ့ပြီး ရိုဟင်ဂျာတွေရဲ့ မရေမရာဘဝတွေ အကြောင်း စုံစမ်း သတင်းယူခွင့်ရခဲ့ပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန်ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကော့က်ဆက်စ် ဘဇား ဒုက္ခသည်စခန်း

ဒုက္ခသည်စခန်းကနေ ထွက်ပြေး

အသက် ၅၅ နှစ်အရွယ် ရာရှီဒါ ခါတွန် ဟာ သူ့သားသမီးတွေဆီက ဘာသံမှ မကြားတာ ၆ လလောက် ရှိခဲ့ပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မဖြစ်သေးခင် အခုနှစ် ဖေဖော်ဝါရီလတုန်းက ရာရှီဒါ ခါတွန်ရဲ့ အသက် ၁၇ နှစ်အရွယ် သမီးနဲ့ ၂၂ နှစ်အရွယ် သားတို့ဟာ အန္တရာယ်များတဲ့ ခရီးလမ်းတစ်ခုကို သွားဖို့ ရွေးခဲ့ကြပါတယ်။

ကောင်းမွန်တဲ့ အနာဂတ် ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ သူ့သားနဲ့ သမီးဟာ တခြား ရိုဟင်ဂျာ အယောက် ၂၀၊ ၃၀ လောက်နဲ့အတူ မလေးရှားနိုင်ငံဆီ ငါးဖမ်းစက်လှေငယ် တစ်စင်းနဲ့ ၁၀ ရက်ကြာ ခရီးစခဲ့ကြပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန်ချားကျွန်း
ဓာတ်ပုံ ပုံစာ, ရာရှီဒါ ခါတွန်ရဲ့ သမီးနဲ့ သားတို့ဟာ ပိုကောင်းတဲ့ အနာဂတ်ဘဝအတွက် ဒုက္ခသည်စခန်းကနေ ထွက်ခွာသွားခဲ့ကြ

ခါတွန်နဲ့ သူ့မိသားစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီး ဖြစ်တဲ့ ကော့က်ဆက်စ် ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံ နေထိုင်နေကြတာပါ။

မွတ်ဆလင်ထုံးစံ ခေါင်းကို ပုဝါခြုံထားတဲ့ ခါတွန် က ဝါးအကာ၊ ပလတ်စတစ် အမိုးနဲ့ ယာယီတဲလေးထဲမှာ ထိုင်ရင်း ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ခဲ့စဉ်အတွင်း မောင်တောမြို့နယ်မှာ ရှိတဲ့ သူတို့ရွာကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် သူတို့မိသားစု ဘယ်လို ထွက်ပြေးခဲ့ ကြရသလဲ ဆိုတာကို ပြန်ပြောပြခဲ့ပါတယ်။

"စနစ်တကျ ပြုလုပ်တဲ့ လူမျိုးတုံး ရှင်းလင်းမှု" အဖြစ် ကုလသမဂ္ဂက ဖော်ညွှန်းပြောဆိုနေတဲ့ မြန်မာ့တပ်မတော်ရဲ့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်း စစ်ဆင်မှုတွေအတွင်း ရိုဟင်ဂျာ မွတ်ဆလင် ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပုံကို သူက ပြန်ပြောပြခဲ့ပါတယ်။ အဲဒီ စစ်ဆင်မှုအတွင်း လူ တစ်သောင်းလောက် သေဆုံးခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်း ၃ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ပြောနေပါတယ်။

သူတို့မိဘတွေ အစဉ်အဆက် နေလာခဲ့တဲ့ မြန်မာနိုင်ငံဘက်ခြမ်းက ရွာဆီ ပြန်သွားနေနိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘဲ ယာယီတဲလေးတွေမှာပဲ နှစ်နဲ့ချီ နေလာခဲ့ရအပြီးမှာ ခါတွန်ရဲ့ သားသမီးတွေဟာ အခွင့်အလမ်းလည်းမရှိ၊ အကြမ်းဖက်မှုတွေလည်း တိုးလာနေတဲ့ ဒုက္ခသည်စခန်းကနေ အမြန်ဆုံး လွတ်မြောက်ဖို့ နည်းလမ်း ရှာလာခဲ့ကြပါတယ်။

ဒီတော့ မွတ်ဆလင်တွေ အများစု နေထိုင်တဲ့ မလေးရှားနိုင်ငံဆီ ထွက်ပြေးဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန်ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုနှစ် ဖေဖော်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်စခန်းပတ်လည်မှာ သံဆူးကြိုးတွေ စတင်ကာရံခဲ့

"မလေးရှားမှာ နေနေတဲ့ ကျွန်မရဲ့ ဆွေမျိုးတစ်ယောက်က မနှစ်က လှမ်းဖုန်းဆက်ပါတယ်။ မလေးရှားအမျိုးသား အတော်များများက ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုချင်ကြတယ် ဆိုပြီး သူက ပြောလာပါတယ်"

"ကျွန်မသမီးကို ဟိုမှာ အိမ်ထောင်ချပေးနိုင်မယ်၊ ကျွန်မသားလည်း အလုပ်ကောင်းကောင်းရမယ်၊ စိတ်ချပါ ဆိုပြီး သူက ပြောပါတယ်"

ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားကို စက်လှေနဲ့ သွားတဲ့ ခရီးလမ်းကြောင်းဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်တွေ အသုံးအများဆုံး လမ်းကြောင်း ဖြစ်လာနေပါပြီ။ ဒါပေမဲ့ ဒီလမ်းဟာ အန္တရာယ် ထူပြောတဲ့ ခရီးလမ်းတစ်ခု ဖြစ်ပါတယ်။

ခါတွန်ရဲ့ သမီးနဲ့သား ထွက်သွားတဲ့ သီတင်းပတ်အတွင်းမှာပဲ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ နောက်ငါးဖမ်းလှေတစ်စင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းနားမှာ တိမ်းမှောက်သွားခဲ့ပါတယ်။ လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ကြားဖြတ် တားဆီးခံခဲ့ရ

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန်ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ စက်လှေတွေကို မလေးရှား ကမ်းရိုးတန်းနားမှာ အာဏာပိုင်တွေက မကြာခဏဆိုသလို လိုက်လံတားဆီးလေ့ရှိ

ခါတွန်ရဲ့ သမီးနဲ့ သားကတော့ ပင်လယ်ပြင်ထဲမှာ ၁၀ ရက် ကြာခဲ့ပြီးတဲ့နောက် မလေးရှား ကမ်းစပ်နားကို ရှောရှောရှူရှူ ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့စက်လှေကို မလေးရှားရေတပ်က ခြေရာခံ လိုက်လာပြီး တားဆီးခဲ့ပါတယ်။

မလေးရှားအာဏာပိုင်တွေက ကမ်းကပ်ခွင့် မပြုခဲ့တဲ့အတွက် သူတို့ စက်လှေလေးဟာ ကပ္ပလီပင်လယ်ပြင်ထဲမှာ တစ်လကြာ မျောပါနေခဲ့ပါတယ်။ နောက်ဆုံးမှာ ဒေသခံ သတင်းမီဒီယာတွေနဲ့ လူ့အခွင့်အရေး အုပ်စုတွေရဲ့ ဖိအားပေးမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်တွေက ကြားဝင် ဖြေရှင်းပေးခဲ့ပါတော့တယ်။

ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ခါတွန် ဆီကို နံပါတ်မဖော်ပြထားတဲ့ ဖုန်းတစ်ခုနဲ့ သူ့သမီးက ဆက်လာပါတယ်။

"ကျွန်မသမီးရဲ့ အသံက အရမ်းကို ကြောက်ရွံ့နေတဲ့ အသံပါ။ သူ့ကို ဘာဆန် ချား ဆိုတဲ့ ကျွန်းစုတစ်ခုကို ခေါ်သွားကြတော့မယ်လို့ ငိုယိုပြီး ပြောပြပါတယ်"

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန်ချားကျွန်း
ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်မှာ ဘာဆန် ချားကျွန်းသစ်လေးမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက နေအိမ်အဆောက်အဦတွေ စတင်ဆောက်လုပ်ခဲ့

မလေးရှားနိုင်ငံထဲ ဝင်ခွင့် ငြင်းဆိုခံရတဲ့ တခြား ဒုက္ခသည်ရာပေါင်းများစွာနဲ့အတူ ခါတွန်ရဲ့ သမီးနဲ့ သားဟာလည်း ဒုက္ခသည်စခန်းဆီ ပြန်လာခွင့် မရတော့ဘဲ ဘင်္ဂလားပင်လယ်အော်မှာ ရှိတဲ့ ဘာဆန် ကျွန်းငယ်လေးဆီ အပို့ခံခဲ့ရပါတယ်။

အဲဒီအချိန်ကပဲ သူ့သမီးနဲ့ ခါတွန် နောက်ဆုံးဖုန်းပြောခွင့် ရခဲ့တာပါ။

ဘာဆန် ချား ကျွန်းငယ်

ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းနားက ကီလိုမီတာ ၆၀ အကွာမှာ တည်ရှိတဲ့ ဘာဆန် ချား ကျွန်းငယ်လေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးလောက်ကမှ ပင်လယ်ထဲကနေ ပေါ်ထွန်းလာတာပါ။ အဲဒီကျွန်းဟာ ပင်လယ်ရေပြင်အထက် ၂ မီတာနီးပါးပေါ်မှာ ရှိပြီး ဟိမဝန္တာဒေသက မြစ်တွေဆီကနေ ပင်လယ်ထဲ စီးလာတဲ့ နုန်းအနည်တွေ စုပြီး ဖြစ်ပေါ်လာတဲ့ ကျွန်းလေး ဖြစ်ပါတယ်။

အဲဒီကျွန်းပေါ်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမေရိကန်ဒေါ်လာ သန်း ၃၅၀ အကုန်ခံပြီး မြို့သစ်တစ်ခုကို ၃ နှစ်ကြာ ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က လက်ရှိ ဒုက္ခသည်စခန်းတွေအတွင်းက ပြဿနာတွေ လျော့ကျသွားအောင် ဒုက္ခသည် တစ်သိန်းကျော်ကို အဲဒီကို ပြောင်းရွှေ့ နေရာချထားဖို့ ဖြစ်ပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, လူ ၄ ဦး နေနိုင်တဲ့ အိမ်ပေါင်း ၁၄၄၀ နဲ့ လှိုင်းဒဏ် တားဆီးဖို့ တံတိုင်းကြီး တစ်ခုကို ၂၀၁၈ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒီစီမံကိန်းကို ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက အကြိမ်ကြိမ် ကာကွယ် ပြောခဲ့ပြီး ကော့က်ဆက်စ် ဘဇား ဒုက္ခသည်စခန်းမှာ ဆက်နေထိုင်လို့ မဖြစ်တော့တဲ့ ဒုက္ခသည် သိန်းပေါင်းများစွာရဲ့ အခြေအနေကို နားလည်ပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

"ဒီအကြပ်အတည်း ပြဿနာကြီးဟာ အခုအခါ ဒေသတွင်း ခြိမ်းခြောက်မှု အန္တရာယ်တစ်ခု ဖြစ်လာနေပါပြီ။ လူတွေ တဖြည်းဖြည်း ပြည့်ကျပ်လာနေပြီး ပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးလာနေတဲ့အပြင် အဲဒီနေရာက ကျန်းမာရေးနဲ့ လုံခြုံရေးပိုင်းမှာလည်း စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်လာနေပါပြီ"လို့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက မနှစ်တုန်းက ကုလသမဂ္ဂ ညီလာခံမှာ ပြောသွားခဲ့ပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ရှိဒုက္ခသည်စခန်းတွေမှာ အခြေအနေတွေ တစ်နေ့တခြား ဆိုးဝါးလာနေပြီလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြော

ဒါပေမဲ့လည်း ရိုဟင်ဂျာ အတော်များများအတွက်ကတော့ ဒီကျွန်းငယ်ကို အကျဉ်းထောင်တစ်ခုလို မှတ်ယူနေကြပြီး အဲဒီကျွန်းမှာ လက်ရှိနေထိုင်နေတဲ့ ခါတွန်ရဲ့ သမီးနဲ့ သား အပါအဝင် ဒုက္ခသည် ၃၀၆ ဦး စလုံးဟာ သူတို့ သဘောဆန္ဒ မပါဘဲ အဲဒီမှာ နေရာချ ခံခဲ့ရတာပါ။ လောလောဆယ် ဘယ်သူမှ အဲဒီကျွန်းကနေ အပြင်ကို ထွက်ခွင့် မရပါဘူး။

အဲဒီဒုက္ခသည် ၃၀၆ ဦးထဲက အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

သတင်းသမားတွေကို သွားရောက် သတင်းယူခွင့်ပြု

ရိုဟင်ဂျာတွေကို သူတို့သဘောဆန္ဒ မပါဘဲ အဲဒီကျွန်းမှာ ပြောင်းရွှေ့ နေရာချနေတာကို ရပ်တန့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဖိအားပေး ပြောဆိုမှုတွေကြောင့် အခုအခါ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒီကျွန်းဟာ ကျယ်ဝန်း ခေတ်မီတဲ့ နေအိမ်တွေ ရှိပြီး ဒုက္ခသည်စခန်းတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေ နေထိုင်ဖို့ သင့်လျော်တဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ် ဆိုတာကို အကြီးအကျယ် ကြော်ငြာနေပါတယ်။

ဘီဘီစီ အပါအဝင် သတင်းထောက်အဖွဲ့ငယ် တစ်ခုကိုလည်း အဲဒီကျွန်းပေါ်မှာ ဆောက်ထားတဲ့ နေအိမ် အဆောက်အဦတွေကို လိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရေတပ်နဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ စောင့်ကြည့်မှုအောက်မှာ အကွက်ချ စီစဉ်ပြီး ပြသခဲ့တာပါ။

ရေတပ် သင်္ဘောတစ်စင်းပေါ်မှာ ၃ နာရီကြာ လိုက်ပါခဲ့ရအပြီးမှာ သတင်းထောက် အဖွဲ့ငယ်ကို ဘင်္ဂလားဒေ့ရှ် ရေတပ် တပ်မှူးကြီး အဗ္ဗဒူလာ အယ်လ် မာမမ် ချောင်ဒရီက ဆောက်လုပ်ပြီးခါစ အိမ်ခြေ အဆောက်အဦတွေကို လိုက်ပြခဲ့ပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, သတင်းထောက်အဖွဲ့ကို တပ်မှူးကြီး ချောင်ဒရီက ကျွန်းပေါ်မှာ လိုက်လံပြသ

ခေါင်မိုးအနီရောင်တွေနဲ့ ရာပေါင်းများစွာ အတန်းလိုက် ဆောက်ထားတဲ့ အိမ်သစ်တွေ အားလုံးဟာ လူမနေဘဲ လွတ်နေတာကို အံ့သြစရာ တွေ့ခဲ့ရပါတယ်။ အိမ်တိုင်း၊ လမ်းထောင့်တိုင်းရဲ့ အပေါ်မှာတော့ လုံခြုံရေး ကင်မရာတွေနဲ့ မပြတ် စောင့်ကြည့်နေပါတယ်။

ဆောက်လုပ်နေဆဲ စာသင်ကျောင်း နှစ်ခု၊ ဗလီကျောင်းတစ်ခု၊ ကုတင် ၄၀ ဆန့်ဆေးရုံ နှစ်ခုနဲ့ ဆေးခန်း နှစ်ခုကိုတော့ ရေတပ်အရာရှိတွေက စိတ်အားထက်သန်စွာနဲ့ လိုက်ပြခဲ့ကြပါတယ်။

"ဒီအခြေခံအဆောက်အဦတွေကို ပတ်ဝန်းကျင် မပျက်စီးစေဘဲ ဆောက်လုပ်ခဲ့တာပါ။ နေရာထိုင်ခင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်။ ကော့က်ဆက်စ် ဘဇား ဒုက္ခသည်စခန်းမှာ မရတဲ့ လျှပ်စစ်မီးတွေလည်း ရပါလိမ့်မယ်။ အရေးအကြီးဆုံး တစ်ခုကတော့ ပညာရေးပါ။ ရိုဟင်ဂျာ ကလေးငယ်တွေအတွက် ပိုကောင်းမွန်တဲ့ ပညာရေး ပေးနိုင်မယ့် စာသင်ကျောင်းတွေ ဆောက်ထားပြီးပါပြီ" လို့ တပ်မှူးကြီး ချောင်ဒရီက ပြောပြပါတယ်။

စွပ်စွဲပြောဆိုမှုများ

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, ကျွန်းပေါ်မှာ စာသင်ကျောင်းနှစ်ခု၊ ဗလီကျောင်းတစ်ခု၊ ကုတင် ၄၀ ဆန့် ဆေးရုံ နှစ်ခုနဲ့ ဆေးခန်း နှစ်ခု ထားရှိမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြော

အခုနှစ် အစောပိုင်းတုန်းက Amnesty International အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်ခုထဲမှာ အဲဒီကျွန်းပေါ် ရောက်နေနှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည် ၃၀၆ ဦး ရင်ဆိုင်နေရတဲ့ အခြေအနေတွေအကြောင်း ဝေဖန် ရေးသားထားပါတယ်။

အဲဒီမှာ အနေအထိုင် ကျဉ်းကျပ်ပြီး သန့်ရှင်းမှု မရှိတဲ့ အခြေအနေတွေ၊ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အကန့်အသတ်နဲ့ပဲ ရတာတွေ၊ မိသားစုတွေဆီ ဆက်သွယ်ဖို့ ဖုန်း မရှိတာတွေ၊ ရေတပ်ကရော ဒေသခံ အလုပ်ကြမ်းသမားတွေကပါ လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်မှုတွေ၊ ငွေညှစ်ခြိမ်းခြောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေအားလုံးကို တပ်မှူးကြီး ချောင်ဒရီက ငြင်းဆိုခဲ့ပြီး "ဒီဒုက္ခသည်တွေကို ကျွန်တော်တို့ရဲ့ ဧည့်သည်တွေအဖြစ် ပြုစုစောင့်ရှောက်နေတာပါ၊ သူတို့ကို အစားကောင်းကောင်း ကျွေးထားပြီး နေရာထိုင်ခင်း အပြည့်အစုံ ပေးထားပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့လည်း အဲဒီကျွန်းပေါ်မှာ လက်ရှိ ရောက်နေတဲ့ ခါတွန်ရဲ့ သမီးနဲ့ သား အပါအဝင် ရိုဟင်ဂျာ ၃၀၆ ဦး ဘယ်မှာလဲ ဆိုတာကို စုံစမ်း မေးကြည့်တဲ့အခါမှာတော့ တပ်မှူးကြီး ချောင်ဒရီက သူတို့တွေထဲက ဘယ်သူမှ သတင်းထောက်တွေနဲ့ တွေ့လို့ မရဘူးလို့ ပြောပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, ကျွဲကျောင်းသမား တာဂျူလ် ဟက်က် ဟာ ဒီကျွန်းမှာ အလုပ်လုပ်နေတာ ၅ နှစ်ကြာ ရှိပြီ ဖြစ်

သတင်းထောက်အဖွဲ့ကို လှည့်လည် ပြနေရင်း အဆောက်အအုံလွတ်တွေကို ကျော်ပြီး ကွင်းပြင်ကျယ်တွေထဲ ရောက်လာတဲ့အချိန်မှာတော့ ကျွဲတွေ၊ ဆိတ်တွေ ရာပေါင်းများစွာ မြက်စားနေတာကို တွေ့လိုက်ရပါတယ်။

အဲဒီ ကျွဲတွေ ဆိတ်တွေကို ထိန်းကျောင်းနေသူကတော့ အသက် ၅၀ အရွယ် ကျွဲကျောင်းသမားကြီး တာဂျူလ် ဟက်က် ပါ။ လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး ဒီကျွန်းပေါ်မှာ တစ်လကို ဒေါ်လာ ၁၃၀ နဲ့ ကျွဲကျောင်းတဲ့ အလုပ်လုပ်နေတာ လို့ သူက ပြောပြပါတယ်။

"ကျွဲပိုင်ရှင်အတွက် ကျွဲ အကောင် ၁၀၀ လောက်ကို ပိုင်ရှင်ကိုယ်စား ကျွန်တော်က ကျောင်းပေးနေတာပါ။ ဒီကျွန်းဟာ မြက်ခင်းစိမ်းတွေနဲ့ ပြည့်နေတာ့ ကျွဲတွေအတွက် အရမ်းကောင်းပါတယ်။ မြေကြီးကလည်း မြေသြဇာ သိပ်ကို ကောင်းပါတယ်။ ဘာစိုက်စိုက် ဖြစ်တာချည်းပါပဲ" လို့ သူက ရှင်းပြပါတယ်။

ဘာဆန် ချားကျွန်းမှာ လူတွေ ရေရှည် လုံခြုံစိတ်ချစွာ နေနိုင်မလားဆိုတာ တရားဝင် စစ်ဆေးကြည့်ရှုမှု တစ်ခု လုပ်ဖို့ ကုလသမဂ္ဂကို အဲဒီကျွန်းပေါ် လာခွင့်ပြုပါ့မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကတိပြုထားတာ အတော်ကြာနေပါပြီ။

ဒါပေမဲ့ အဲဒီကျွန်းပေါ်မှာ လူတစ်သိန်းလောက်ကို နေရာချထားဖို့အတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ အသက်မွေးလမ်းကျောင်း အခွင့်အရေးတွေ ထောက်ပံ့ပေးနိုင်ပါ့မလားဆိုတာကို လာစစ်ဆေးဖို့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ခွင့်မပြုသေးပဲ ရှိနေဆဲပါ။

အခုအခါ အဲဒီကျွန်းပေါ်မှာ ဒုက္ခသည် ၃၀၆ ဦး ရောက်နေကြပြီ ဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့အနေနဲ့ ကျွန်းပေါ်ကို သွားပြီး သူတို့ရဲ့ အခြေအနေကို လေ့လာ ဆန်းစစ်နိုင်ဖို့က ပိုပြီးတောင် အရေးကြီးလာပြီလို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်မင်းကြီးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။ ကျွန်းပေါ် သွားခွင့်ပြုဖို့ အစိုးရဆီကို ပန်ကြားစာ ပို့ထားပြီး ဖြစ်ပေမဲ့ ဘာတုံ့ပြန်ချက်မှ မကြားရသေးဘူးလို့ ဆိုပါတယ်။

ဆိုင်ကလုန်းဒဏ် ရင်ဆိုင်ရနိုင်

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, သီးနှံပင်တွေ စိုက်ထားတဲ့ ဥယျာဉ်တဝိုက် သတင်းထောက်တွေကို ရေတပ်က လိုက်ပြခဲ့

ဒါ့အပြင် ပင်လယ်ရေပြင်အထက် ၂ မီတာလောက်မှာပဲ ပေါ်နေတဲ့ ဒီကျွန်းဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ မုတ်သုန်မိုးဒဏ်၊ လှိုင်းရေကြီးမှုဒဏ်တွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေ အကြီးအကျယ် ရှိနေတာကိုလည်း ရိုဟင်ဂျာ အတော်များများက စိုးရိမ်နေကြတာပါ။

တပ်မှူးကြီး ချောင်ဒရီကတော့ ဒီကျွန်းကို ကာကွယ်ဖို့ ၁၄ ကီလိုမီတာ ရှည်တဲ့ တံတိုင်းကြီး တစ်ခု ဆောက်ထားပြီးရုံတင်မက ဒီကျွန်းဟာ ဆိုင်ကလုန်းဒဏ် ခံရမယ့် အန္တရာယ် အရမ်းကို နည်းတယ်ဆိုတဲ့အကြောင်း ကျွမ်းကျင်သူတွေက ပြောထားတယ် ဆိုပြီး သတင်းထောက်တွေကို ကွန်ပြူတာ ရုပ်ပုံတွေနဲ့ သရုပ်ပြ ရှင်းလင်းပြောပြသွားခဲ့ပါတယ်။

"ဒီဒေသကို ဆိုင်ကလုန်းမုန်တိုင်း အကြီးအကျယ် မတိုက်တာ နှစ်ပေါင်း ၁၇၂ နှစ်လောက် ရှိနေပါပြီ။ တစ်နာရီ ကီလိုမီတာ ၂၆၀ နှုန်း လေပြင်းဒဏ် ခံနိုင်မယ့် ဆိုင်ကလုန်းဒဏ်ခံ ယာယီစခန်း ၁၂၀ ကိုလည်း ဆောက်ထားပြီး ဖြစ်ပါတယ် "လို့ ချောင်ဒရီက ပြောပါတယ်။

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, ဟိမဝန္တာဒေသက မြစ်တွေကနေ ပင်လယ်ထဲ စီးဆင်းလာတဲ့ နုံးအနည်အနှစ်တွေကနေ ဒီကျွန်း ဖြစ်ထွန်းလာတာလို့ ယူဆရ

တကယ်တမ်းမှာ ဒီကျွန်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကမှ ပေါ်ထွန်းလာတာမို့ လွန်ခဲ့တဲ့ ၁၇၂ နှစ်အတွင်း ဆိုင်ကလုန်း မုန်တိုင်းဒဏ် တစ်ခါမှ မခံရဖူးဘူး ဆိုတဲ့ ချောင်ဒရီရဲ့ ပြောဆိုချက်ကို အမှန်ယူဖို့ကတော့ ခက်လှပါတယ်။

ဒါပေမဲ့ ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်တွေမှာ ဘာဆန် ချားကျွန်းကို ဖြတ်ပြီး ဒါမှမဟုတ် အနားကနေကပ်ပြီး ဆိုင်ကလုန်းမုန်တိုင်း နှစ်ခု တိုက်ခတ်သွားခဲ့တဲ့ အထောက်အထားတွေကတော့ ချောင်ဒရီရဲ့ ပြောဆိုချက်တွေနဲ့ ဖီလာဆန့်ကျင် ဖြစ်နေပါတယ်။

ဒါ့အပြင် မုန်တိုင်းဗဟိုချက်ကနေ မိုင်အတော်များများအကွာက နေရာတွေမှာ ဆိုင်ကလုန်းဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ အထောက်အထား မှတ်တမ်းတွေ ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်စဉ် ပျမ်းမျှ ဆိုင်ကလုန်းမုန်တိုင်း အနည်းဆုံး တစ်ခု တိုက်ခတ် ခံရလေ့ ရှိတာမို့ ဘာဆန် ချားကျွန်းဟာလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ပြောနေသလို နောင်မှာ မုန်တိုင်းဒဏ်အန္တရာယ် နည်းမယ့်ပုံမျိုး မရှိဘဲ ပိုတောင် များဖို့ ရှိနေပါတယ်။

အိမ်တိုင်းဟာ နေပျော်တဲ့ အိမ် မဖြစ်ပါဘူး

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, ဒီကျွန်းပေါ်ကို ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့ တပ်မှူးကြီး ချောင်ဒရီ ရှင်းပြ

တပ်မှူးကြီးက လိုက်လံ ပြသခဲ့အပြီးမှာ ရေတပ်သင်္ဘောပေါ်ကို သတင်းထောက်တွေ ပြန်ရောက်လာခဲ့ကြပါတယ်။ အဲဒီကျွန်းကနေ ဘင်္ဂလားဒေ့ရှ် ပြည်မကြီးဆီ ပြန်ဖို့ နောက်ထပ် ၃ နာရီ ခရီးကြမ်းကို နှင်ခဲ့ရပါတယ်။

ဝေးလံခေါင်သီတဲ့ ဒီကျွန်းပေါ်မှာ သီးသန့်ခွဲထား ခံရမှာကို ရိုဟင်ဂျာ အတော်များများက စိုးရိမ် ကြောက်လန့်နေကြတာပါ။

ဘာဆန် ချားကျွန်းပေါ်က အိမ်တွေက ကောင်းပါတယ်။ ဒါပေမဲ့ အကျဉ်းထောင် တစ်ခုနဲ့ တူနေပါတယ် လို့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာ တစ်ဦးဖြစ်သူ နူရ် ဟော့စိန်က ပြောပါတယ်။

"ကော့က်ဆက်စ် ဘဇားမှာက အသိုင်းနဲ့ အဝိုင်းနဲ့ နေနေကြတာပါ။ ကျွန်းပေါ်မှာကတော့ လွတ်လပ်ခွင့်တွေလည်း ကန့်သတ်ခံရမယ်။ ရေတပ်ရဲ့ စောင့်ကြည့်မှုအောက်မှာလည်း နေကြရမှာပါ"

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကော့က်ဆက်စ် ဘဇား ဒုက္ခသည်စခန်းက ကလေးငယ်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်နားက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေအတွက် တချိန်ချိန်မှာ မြန်မာနိုင်ငံဘက်ခြမ်း ပြန်ကောင်း ပြန်နိုင်မယ် ဆိုတဲ့ စိတ်ဖြေသိမ့်စရာ တချို့ ရှိနေပါတယ်။ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းကို ပြောင်းရမယ် ဆိုရင်တော့ အိမ်ပြန်နိုင်ဖို့ အိပ်မက်က ပိုအလှမ်းဝေးသွားတော့မယ်လို့ ယူဆနေကြတာပါ။

ဘာဆန် ချားကျွန်း လေ့လာရေး ခရီးတစ်ခုကို လိုက်ပါခွင့် ရခဲ့တဲ့ ဒုက္ခသည်စခန်းက အမည်မဖော်လိုသူ လူကြီး တစ်ဦးကတော့ မြန်မာနိုင်ငံနယ်စပ်နဲ့ နီးနီးနားနားက ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် သိပ်ကို အရေးပါတယ်လို့ ရှင်းပြပါတယ်။

"ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီကျွန်း ကောင်းကြောင်း ကျွန်တော်တို့လို လူကြီးတွေကို လူသိရှင်ကြား ထုတ်ပြောစေလိုနေတာပါ။ ဒါပေမဲ့ အဲဒီကို ပြောင်းနေဖို့ ကျွန်တော်တို့က ပြောရင် လူတွေက ကျွန်တော်တို့ကို သစ္စာဖောက်တွေလို့ သတ်မှတ်ကြပါလိမ့်မယ်"

"အဲဒီကျွန်းကို ပြောင်းနေဖို့ စီမံကိန်းကို သူတို့က လုံးဝ ဆန့်ကျင်နေကြတာပါ။ အဆောက်အအုံ ဆောက်ထားတာ ဘယ်လောက်ကြီးပဲ လှနေလှနေ၊ ရိုဟင်ဂျာတွေအတွက်ကတော့ ကော့က်ဆက်စ် ဘဇားမှာ နေနေတာဟာ မြန်မာနိုင်ငံနားမှာ ဖြစ်တာမို့ သူတို့မူလနေခဲ့ဖူးတဲ့ နေရာနဲ့ ပိုအဆက်အစပ် ရှိတယ်လို့ ခံစားမိနေကြတာပါ"

ရိုဟင်ဂျာ၊ ဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဆန် ချားကျွန်း
ဓာတ်ပုံ ပုံစာ, ဘာဆန် ချားကျွန်းရဲ့ မီးပြတိုက် အနီးဝန်းကျင်

ခါတွန်အတွက် ဆိုရင်မှ ဒုက္ခသည်စခန်းကနေ ထွက်ခွာပြီး သူ့သားသမီးတွေ ရှိရာ ကျွန်းပေါ်ကို သွားနေဖို့က အတော်လေး အန္တရာယ်များလှပါတယ်။ သူက ဒုက္ခသည်စခန်းမှာ ယာယီအဖြစ်သာ နေနေတာပါ။ ၃ နှစ်ကြာခဲ့ပြီ ဖြစ်ပေမဲ့ သူ့မိသားစုအားလုံး မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်နိုင်ဖို့ကိုပဲ ရည်ရွယ်ထားဆဲ ဖြစ်ပါတယ်။

"ကျွန်မရဲ့ သားနဲ့ သမီးကို ဒီဒုက္ခသည်စခန်းကို အမြန်ဆုံး ပြန်လာစေချင်ပါတယ်။ ကျွန်မက ဘာ့ကြောင့် အဲဒီကျွန်းကို သွားရမှာလဲ။ မြန်မာနိုင်ငံက ဒီအနားလေးမှာ ရှိနေတာပဲ။ တကယ်လို့ တရားမျှမျှတတ လုပ်ပေးရင်တော့ ကျွန်မတို့ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်နိုင်မှာပဲ။ ဘာဆန် ချားကျွန်းကိုတော့ သွားမှာ မဟုတ်ပါဘူး"

ဓာတ်ပုံ-ဆာလ်မန် ဆာအိဒ်နဲ့ အက္ကဘာ ဟော့စိန်

ပရိုဂျူဆာ-ကလဲယာ ပရက်စ်