၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ - စာတိုက်မဲတွေဟာ မဲလိမ်မှု ဖြစ်စေနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ စာတိုက် မဲပေးမှု တိုးချဲ့ သတ်မှတ်ပေးဖို့ အစီအစဉ်တွေကို သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ရှုတ်ချလိုက်ပါတယ်။ စာတိုက်ကနေ မဲပေးတာဟာ မဲသမာမှုတွေ အများအပြား ပေါ်ပေါက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ မဲလိမ်မှုဖြစ်နိုင်တဲ့ အထောက်အထား ဘာတွေရှိပါသလဲ။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဒီနှစ် ရွေးကောက်ပွဲမှာ စံချိန်တင်လောက်တဲ့အထိ အမေရိကန် ပြည်သူအများအပြား စာတိုက်ကနေ မဲပေးကြမယ်လို့ မျှော်လင့်ရပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စာတိုက်ဝန်ဆောင်မှု လုပ်ငန်းတွေဟာ နောက်ထပ် မဲပြား အပို သန်းနဲ့ချီ ရိုက်နှိပ်နေရတာကြောင့် ဖိအားများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီစနစ်ဟာ လုံခြုံစိတ်ချမှု မရှိသလို၊ ကြိုးကိုင်ချယ်လှယ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက ပြဿနာများ
ဒီကိစ္စတွေဟာ သီးခြားဖြစ်စဉ်တွေ ဆိုပေမယ့် ရွေးကောက်ပွဲ မဲမသမာမှုကတော့ အင်မတန်မှ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်လို့ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် လေ့လာမှု အတော်များများမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လူသိရှင်ကြား ဟိုးလေးကျော်ဖြစ်ခဲ့တဲ့ ကိစ္စ အနည်းငယ်တော့ ရှိပါတယ်။
၂၀၁၈ မြောက်ကယ်ရိုလိုင်းနယ် ပဏာမ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က မဲပေးမှုမှာ ကြားဝင်နှောက်ယှက်တယ်ဆိုပြီး နောက်ပိုင်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပခဲ့ရပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲ မဲလိမ်မှု ဖြစ်စဉ် နှုန်းထားက အားလုံးခြုံကြည့်ရင် ၀.၀၀၀၉ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်လို့ ၂၀၁၇ ခုနှစ်မှာ လုပ်ခဲ့တဲ့ Brennan Center for Justice ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
နောက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အလန် ဝိုင်းစထရပ်ကလည်း "စာတိုက်ကနေ မဲပေးတာဟာ မဲမသမာမှုတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ ပူးပေါင်းကြံစည်မှု အယူအဆအတွက် အခြေခံ အကြောင်းအရင်း ဖြစ်လာနိုင်စရာ မရှိဘူး" လို့လည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီနှစ်အတွင်း မဲလိမ်လည်မှုတွေ ဖြစ်ခဲ့တယ်လို့ ပြောဆိုကြတဲ့ နေရာတွေရဲ့ အသေးစိတ် ဥပမာ တချို့ကို ကြည့်ကြရအောင်ပါ။
ဗာဂျီးနီးယားပြည်နယ်
အောက်တိုဘာလ လလယ်တုန်းက လုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်က "ဗာဂျီးနီးယားပြည်နယ်မှာ လုပ်ခဲ့တဲ့ စာတိုက် မဲပြား ၅၀၀,၀၀၀ ကျော်ဟာ မှားယွင်းခဲ့တယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကတော့ မဲမသမာမှုဖြစ်အောင် လုပ်လိုတဲ့ ရည်ရွယ်ချက် မရှိသလို အဲဒီအမှားကိုလည်း ပြင်ဆင်ပြီးပြီလို့ တုံ့ပြန်ပြောဆိုပါတယ်။
"ပုံနှိပ်တဲ့အပိုင်းမှာ အမှားအယွင်းရှိခဲ့တာကြောင့် ဗာဂျီးနီးယား မဲဆန္ဒရှင်တွေအားလုံး အဆင်ပြေစေဖို့အတွက် သတင်းပတ်တွေနဲ့ချီ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတယ်" လို့ ဗာဂျီးနီးယားပြည်နယ် မဲဆန္ဒရှင် သတင်းအချက်အလက်မျှဝေရေး စင်တာ (CVI) က ပြောပါတယ်။
ရွေးကောက်ပွဲနေ့မှာ မဲလာရောက်မပေးနိုင်သူတွေရဲ့ မဲပြားတွေကို မဲပေးဖို့ မှတ်ပုံတင်ထားကြတဲ့ မဲဆန္ဒရှင် ၃၀၀,၀၀၀ လောက်က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြန်ပို့ပေးခဲ့ကြတယ်လို့လည်း CVI က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အိုဟိုင်းယိုး
"အိုဟိုင်းယိုး ပြည်နယ်မှာတော့ မဲပြား ၅၀,၀၀၀ လောက် မှားယွင်းခဲ့သလို မဲလိမ်မှုတွေ ရှိခဲ့တယ်" လို့ သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ရေးသားထားပါတယ်။
နောက်ပြီး အိုဟိုင်းယိုးပြည်နယ် ဖရန်ကင်ကောင်တီမှာ အောက်တိုဘာလ အစောပိုင်းတုန်းက မဲဆန္ဒရှင် ၅၀,၀၀၀ လောက်ဟာ စာတိုက်ကနေ မှားယွင်းတဲ့ မဲပြားတွေ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ မဲမသမာမှုလုပ်တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကလည်း အဲဒီလို မှားယွင်းရရှိခဲ့တဲ့ လူတိုင်းဆီကို မဲပြား အမှန်တွေ ပို့ပေးခဲ့ပြီး ဘယ်သူမှ နှစ်ကြိမ် မဲပေးတာမျိုး မဖြစ်အောင် စည်းကမ်းတွေ ချမှတ်ထားတယ်လို့ ပြောပါတယ်။
မဲပြား အမှားအယွင်းဖြစ်တာဟာ "ကြီးမားတဲ့ အမှားတခု" ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ သမ္မတ ထရမ့်ရဲ့ တွစ်တာပေါ်က ပြောဆိုချက်ကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ "ကျွန်တော်တို့ အဖွဲ့ဟာ ပါတီကြီး နှစ်ခုလုံးနဲ့ သက်ဆိုင်ပြီး ရွေးကောက်ပွဲတွေဟာလည်း တရားမျှတပါတယ်" လို့ ပြောပါတယ်။
"မဲအားလုံးကို ရေတွက်ပါမယ် "လို့လည်း ပြောပါတယ်။
- နယူးယောက်ခ်မှာတော့ တချို့ နာမည်တွေနဲ့ လိပ်စာတွေ မှားယွင်း ပုံနှိပ်မိခဲ့ပြီးနောက်ပိုင်း မဲပြား ၁၀၀,၀၀၀ ကို မဲဆန္ဒရှင်တွေထံ ပြန်လည်ပို့ပေးခဲ့ပါတယ်။
- မစ်ရှီဂန်မှာလည်း စာတိုက်မဲပြား ၄၀၀ လောက်ဟာ သမ္မတ ထရမ့်ဘက်ကနေ အတူ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတ မိုက်ခ် ပန့်စ်ရဲ့ နာမည်အစား Libertarian ပါတီက ဂျရမီ ကိုဟင်ရဲ့ နာမည်ကို မှားယွင်းရိုက်နှိပ်ထားပါတယ်။ သမ္မတ ထရမ့်ကတော့ ဒါဟာ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ စက်တာဘာလတုန်းက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ မက်ရှီကန်ပြည်နယ် နိုင်ငံခြားရေး ဝန်ကြီးကတော့ ဒါဟာ မှားယွင်းမှုတခုဖြစ်တယ်၊ အဲဒီမဲတွေကို လက်ခံရရှိခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူတွေဟာလည်း ချက်ချင်းပဲ မှန်ကန်တဲ့ မဲပြားတွေ ရရှိခဲ့ပြီးပြီ။ သူတို့ဆန္ဒမဲတွေ ရေတွက်နိုင်ဖို့အတွက်လည်း လမ်းညွှန်မှုတွေ ပေးခဲ့တယ်လို့ ပြောပါတယ်။
- ဝစ္စကွန်ဆင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲမှာ မဲမပေးနိုင်သူတချို့ရဲ့ မဲပြားတွေ ပါဝင်တဲ့ စာထုပ်ကို ဂရီးဘယ်လီမြို့အနီးက မြောင်းတခုထဲမှာ တွေ့ရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပေမယ့် ဘာကြောင့်အခုလို ဖြစ်ရလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အိမ်ဖြူတော်ကတော့ ဒါဟာ မဲမသမာမှုဖြစ်တယ်လို့ စွပ်စွဲပါတယ်။
- ပန်ဆယ်ဗေးနီးယားပြည်နယ်မှာလည်း စွန့်ပစ်ထားတဲ့ စစ်တပ် မဲ ၉ စောင်ကို ရှာတွေ့ခဲ့ပါတယ်။ အမေရိကန် တရားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အဲဒီထဲက မဲ ၇ စောင်ဟာ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ကို မဲထည့်ခဲ့ကြတယ်လို့ ပြောပါတယ်။
- နယူးဂျာဆီပြည်နယ်မှာတော့ ရွေးကောက်ပွဲ မဲ ၁၀၀ နီးပါးအပါအဝင် စာတိုက် ပစ္စည်း ရာနဲ့ချီကို အမှိုက်ပုံးတခုထဲ စွန့်ပစ်ခဲ့ပြီးနောက်ပိုင်း စာပို့လုပ်ငန်း ဝန်ဆောင်ပေးနေသူတဦး တရားစွဲဆိုခံထားရပါတယ်။
ဒါပေမဲ့ ဒါတွေအားလုံးက သီးခြားဖြစ်စဉ်တွေပါ။

ဓာတ်ပုံ ရင်းမြစ်, INC VIA Getty Images
စာတိုက်ကနေ မဲပေးတာဟာ လုံခြုံ စိတ်ချရတယ်ဆိုတဲ့ အထောက်အထား အများအပြားရှိနေပါသေးတယ်။
မဲဆန္ဒရှင် အတုအယောင်လုပ်တာ ဒါမှမဟုတ် မဲ ခိုးမှုတွေကနေ ကာကွယ်ဖို့အတွက် စည်းကမ်းချက်တွေကိုလည်း ချမှတ်ထားပါတယ်။
မဲတွေဟာ မှတ်ပုံတင်ထားတဲ့ ပြည်သူတွေရဲ့ လိပ်စာတွေကနေ ပေးပို့တာ ဟုတ်မဟုတ် အာဏာပိုင်တွေက စစ်ဆေးတာအပါအဝင် စာအိတ်ပေါ်မှာလည်း လက်မှတ်ရေးထိုးဖို့ လိုအပ်ပါတယ်။
ဒီသတ်မှတ်ချက်တွေကို စာတိုက်မဲပေးမှု အားလုံးမှာ ပြဋ္ဌာန်းထားပါတယ်။
မဲစုဆောင်းသိမ်းဆည်းမှု
အသက်အရွယ်ကြီးရင့်တာ ဒါမှမဟုတ် နာမကျန်းဖြစ်တာ စတဲ့ အကြောင်းပြချက်တွေကြောင့် မဲဆန္ဒရှင် အဖွဲ့တဖွဲ့ကိုယ်စား မဲတွေကို လူတယောက်က ပို့ပေးတာမျိုးကို ပြည်နယ် ၂၆ ပြည်နယ်မှာ တရားဝင် ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ လူတယောက်က မဲအရေအတွက် ဘယ်လောက်များများ ပို့ပေးနိုင်သလဲဆိုတာကတော့ အကန့်အသတ်တွေရှိပါတယ်။
ဥပမာ မင်နီဆိုးတားပြည်နယ်မှာဆိုရင် အဲဒီလို ကြားကနေ ဆောင်ရွက်ပေးတဲ့ အဖွဲ့ဟာ မဲအရေအတွက် သုံး မဲ ပဲ ကောက်ခံသိမ်းယူနိုင်ပါတယ်။
ဒီထက်မက အများအပြား လုပ်ခွင့်ပေးလိုက်ရင် "မဲစုဆောင်း သိမ်းဆည်းမှု" လို့ သိကြတဲ့ တရားမဝင် ပုံစံတခု ဖြစ်လာနိုင်ပါတယ်။
နောက်ပြီး တက္ကဆက် ပြည်နယ်နဲ့ မင်နီဆိုးတားပြည်နယ်တို့မှာ မဲစုဆောင်းသိမ်းဆည်းမှု မသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ သက်သေအထောက်အထားတော့ မပြနိုင်ပါဘူး။
ဒီစနစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မှာလား
အမှန်တကယ် မဲလိမ်လည်မှုတွေ ရှိတယ်ဆိုတဲ့ အထောက်အထား အနည်းငယ်ပဲ ရှိပေမဲ့ ရွေးကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမှုကို အရင်က မကြုံစဖူး ပိုတိုးပေးလိုက်တာကြောင့် အနာဂတ်မှာ လုပ်ဆောင်နိုင်တဲ့ ကိစ္စရပ်တွေ ရှိလာနိုင်ပါတယ်။
သမ္မတ ထရမ့်ကလည်း စာတိုက်မဲပေးတာကို ဆက်ပြီး ကန့်ကွက် ဖိအားပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံတလွှား စာတိုက်ကနေ မဲပေးတာဟာ မဲကွာဟချက်တွေ ရှိလာနိုင်ပြီး ပြဿနာအကြီးအကျယ် တက်နိုင်တယ်လို့ လူမှုကွန်ရက်ပေါ်က သန်းနဲ့ချီတဲ့ ပြည်သူတွေကို သူက သတိပေးခဲ့ပါတယ်။
"နိုဝင်ဘာလ ၃ ရက်နေ့မှာ အပြီးသတ် မဲအားလုံး ရရှိရမယ်" လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။
ဒါပေမဲ့ စာတိုက်မဲအများအပြားအပါအဝင် မဲတွေအားလုံး ရေတွက်တာဟာ ပိုပြီး အချိန်ယူရပါလိမ့်မယ်။
ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် ဘယ်သူနိုင်လဲဆိုတာ တိကျတဲ့ အဖြေတခု ထွက်လာနိုင်ဖွယ် မရှိသလို ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပိုင်းအတွင်းမှာလည်း ဘယ်သူအနိုင်ရမလဲဆိုတာ သိရဦးမှာ မဟုတ်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။









