ကာမလာ ဟဲရစ် - နိုင်ငံရေးနယ်က အမျိုးသမီးတွေ ဘာတွေရင်ဆိုင်နေရလဲ

Kamala Harris

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

အထက်လွှတ်တော်အမတ် ကာမလာ ဟဲရစ် အမေရိကန် ဒုတိယသမ္မတအဖြစ်အရွေးချယ်ခံဖို့ ယှဉ်ပြိုင်တာကို ကြည့်ရင်း ကျားလား၊ မလား ဆိုတာခွဲကြည့်ကြတဲ့ လူတွေရဲ့ကြားက ရွေးကောက်ပွဲတွေမှာ အမျိုးသမီးတွေအဖို့ ရင်ဆိုင်ရတာတွေက ယှဉ်ပြိုင်ဘက် အမျိုးသားတွေနဲ့ မတူတာတွေရှိသလားဆိုတာ ဆန်းစစ်စရာပါ။

ဒီမှာ ရပ်ဂါ တက္ကသိုလ် (Rutgers University) အမေရိကန်အမျိုးသမီးနဲ့ နိုင်ငံရေး ဌာန ဒါရိုက်တာ ဒက်ဘီ ဝဲလ်ရှ် ရဲ့ သုံးသပ်ချက်တွေနဲ့ ဖော်ပြထားတဲ့ ဆောင်းပါးပါ။ သူက ဆယ်စုနှစ်တွေနဲ့ ချီပြီး နိုင်ငံရေးနယ်ပယ်က အမျိုးသမီးတွေ ရင်ဆိုင်ခဲ့ရတဲ့အရေးကိစ္စတွေ၊ ဘယ်လို ပြောင်းလဲနေတာတွေ စတာတွေကို အလေးထားပြောထားပါတယ်။

ဒေါသထိန်းချုပ်နိုင်စွမ်းတဲ့ပညာ

နိုင်ငံရေးလုပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ထားပြီး ခိုင်ခိုင်မာမာရပ်တည်တာ နဲ့ ရန်လိုတာ စတဲ့ နှစ်ခုအကြား ခြားထားတဲ့ စည်းပါးပါးလေးအပေါ်မှာ လျှောက်လှမ်းရတာပါ။

လက်ရှိ သတိမမူ ကျင့်သုံးနေကြတဲ့ ကျားမခွဲခြားမြင်တဲ့ အမြင်တွေကို လေ့လာထားတဲ့ သုတေသနတွေအရ ပြုမူလုပ်ဆောင်တာချင်း အတူတူမှာ ယောက်ျားသားတွေအနေနဲ့ ဒါဟာ သူ့အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ လုပ်တာလို့ ကောင်းချီးရပြီး အမျိုးသမီးတွေကတော့ ဒါက သူ့ကိုယ်သူ အများထက်ပိုတော်တယ်လို့ သတ်မှတ်ပြီး အပေါ်စီးက ဆက်ဆံတာလို့ မှတ်ယူကြတာတွေကို တွေ့ရပါတယ်။

လူနည်းစု အုပ်စုဝင်အမျိုးသမီးတွေအတွက် ကျားမခွဲတဲ့အမြင်အပြင် လူမျိုးရေးခွဲမြင်တာက ထပ်တိုးလာပါတယ်။ အမေရိကန်မှာ "ဒေါသကြီးတဲ့ လူမည်း မိန်းမ (angry black woman)" ဆိုတဲ့ စကားအသုံးအနှုန်းက သမိုင်းရှည်ကြာကတည်းက ပုံသေကားကျ ဖြစ်နေတာပါ။ အဲဒီအသုံးအနှုန်းက ၁၉ ရာစုအတွင်းကတည်းက ပေါ်ခဲ့တာဖြစ်ပြီး လူမည်းအမျိုးသမီးတွေကို မိန်းမမဆန်တဲ့၊ ကျိုးကြောင်းဆီလျော်မှု ရှိမရှိဆိုတာ အလေးမထား မစဉ်းမစားပြုမူတတ်တဲ့၊ ထောင်ထောင် ထောင်ထောင်နဲ့ ချိုကြွတတ်တဲ့ အမျိုးသမီးတွေအဖြစ် ပုံသေသတ်မှတ်လိုက်တာပါ။

"အမျိုးသမီးတွေဟာ သမ္မတ၊ ဒုတိယ သမ္မတ လုပ်နိုင်ဖို့ လိုအပ်တဲ့ ခိုင်မာမှုတွေ၊ အနိုင်မခံ အရှုံးမပေးတဲ့ ကြံ့ကြံ့ခံနိုင်မှုတွေ လုံလုံလောက်လောက်မရှိဘူးလို့ စွပ်စွဲခံနေရတာပါ၊ အဲဒီအချိန်မှာပဲ ကိုယ့်မှာ လုပ်နိုင်စွမ်းအားတွေ ရှိတယ်ဆိုတာကို ပြသရင် ဒေါသထွက်နေပြီလို့ မမြင်စေရအောင် ဘယ်လိုပြသမလဲ" လို့ မစ္စ ဝဲလ်ရှ်က အမေးထုတ်ရင်း ဒီအကြောင်းကို ရှင်းလင်းထားပြပါတယ်။

ဒုတိယ သမ္မတလောင်းတွေ စကားစစ်ထိုးတဲ့ပွဲမှာ မစ္စ ဟဲရစ်က ဒီစည်းပါးပါးပေါ်မှာ ကောင်းကောင်း လျှောက်ပြနိုင်ခဲ့တယ်လို့ ခံစားရတဲ့အကြောင်း မစ္စ ဝဲလ်ရှ်က ပြောပါတယ်။ ဒါပေမဲ့ မစ္စ ဟဲရစ်အနေနဲ့ သူ့ကို ကြားဖြတ်ပြောတာတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ တုံ့ပြန်ခဲ့တာတွေက သိပ်ကောင်းလှပေမဲ့ တစ်ခါတလေမှာ သူဘာမှ မပြောဘဲ ထိန်းထားတာကို တွေ့ရတယ်၊ အဲဒါဟာ သူများနဲ့ တိုင်ပင်ပြီးမှ ပြန်ပြောမယ်ဆိုတဲ့ တခြားအမျိုးသမီးတွေနဲ့ အတူတူလို သတ်မှတ်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီအမျိုးသမီး ဦးဆောင်လို့ ဖြစ်ပါ့မလား

မဲပေးသူတွေက ကျား၊ မ အဓိကမထားဘူး ဆိုတာတောင်မှာ မဲဆွယ်ပွဲတွေမှာ အမျိုးသားတွေ လုပ်ပြစရာမလိုတာတွေကို အမျိုးသမီးတွေနဲ့ သူတို့လည်း အဲဒါတွေ လုပ်နိုင်တယ်ဆိုတာကို သက်သေထူပြဖို့ လိုတယ်လို့ တချို့ သုံးသပ်သူတွေက ဆိုပါတယ်။

အမျိုးသားတွေဟာ စွမ်းဆောင်နိုင်မှုရှိတယ်လို့ အများကခံယူထားပြီး ဖြစ်တယ်၊ ဒီနေရာမှာ အမျိုးသမီးတွေကတော့ သူတို့ စွမ်းဆောင်နိုင်မှု ရှိတယ်ဆိုတာကို အများမြင်အောင် ပြသရပါဦးမယ်။

သြဂုတ်လအတွင်းက လုပ်ခဲ့တဲ့ Economist/YouGov လူထုစစ်တမ်းက လက်ရှိ ဒုတိယ သမ္မတဟာ မစ္စ ဟဲရစ်ထက် နည်းနည်း ပိုလူကြိုက်များတာကို တွေ့ရပါတယ်။ စစ်တမ်းထဲမှာ ပါဝင်တဲ့ အမေရိကန် ၄ ပုံ ၁ ပုံ က သူတို့ မစ္စ ဟဲရစ်နဲ့ ပတ်သက်ပြီး ဘယ်လို ယုံကြည်မှုရှိတယ် မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ဖြေကြပါတယ်။ မစ္စတာ ပန့်စ်ကိုတော့ စစ်တမ်းကို သဘောထားပေးသူ ၁၄ ရာခိုင်နှုန်း က အလားတူ အဖြေမျိုး ပေးပါတယ်။

ရုပ်မြင်သံကြားက တိုက်ရိုက်လွှင့်တဲ့ စကားစစ်ထိုးပွဲအပြီးမှာတော့ မဲဆန္ဒရှင်အများစုက မစ္စ ဟဲရစ် နိုင်တယ်လို့ မြင်ကြပါတယ်။ ဒါပေမဲ့ သမ္မတ ဘယ်သူဖြစ်ရင် ပိုကောင်းမလဲလို့ စစ်တမ်းကောက်ရာမှာတော့ အဖြေက တစ်မျိုး ဖြစ်လာပါတယ်။

မ ကိုယ်စားလှယ်လောင်းတွေက တန်းတူ သဘောထားခံရလား

YouGov လူထုစစ်တမ်းအရ တကယ်လို့ မစ္စတာ ထရမ့် သမ္မတအဖြစ်တာဝန်မယူနိုင်တဲ့အချိန်မှာ မစ္စတာ ပန့်စ်က သမ္မတ တာဝန်ကိုယူနိုင်မယ်လို့ ယုံကြည်တဲ့သူက ၅၆ ရာခိုင်နှုန်း ရှိပြီး အလားတူ အမေးမျိုးမှာ မစ္စ ဟဲရစ် ရတာက ၅၀ ရာခိုင်နှုန်း ပါ။ မစ္စတာ ပန့်စ်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ယုံကြည်သူ ၅၃ ရာခိုင်နှုန်း ရပေမဲ့ ၄၄ ရာခိုင်နှုန်း ကပဲ မစ္စ ဟဲရစ်ကို ထောက်ခံပါတယ်။

တချို့ စစ်တမ်းဖြေဆိုသူတွေအဖို့ လက်ရှိ ဒုသမ္မတဟာ အထက်လွှတ်တော်အမတ် တစ်ယောက်ထက် ပိုစွမ်းဆောင်ရည်ရှိတယ်လို့ မှတ်ယူကြနေကြတာပါ။ ဒါကြောင့် အမျိုးသမီး နိုင်ငံရေးသမားတွေဟာ အမျိုးသား နိုင်ငံရေးသမားတွေထက် သူတို့မှာ ပိုပြီး စွမ်းဆောင်ရည်တွေ ရှိတယ်ဆိုတာကို သက်သေပြဖို့ လုပ်နေရပါတယ်။ အဲဒီအကြောင်းကို နိုင်ငံရေးနယ်ပယ်က အမျိုးသမီးတွေအရေး ထောက်ခံပြောဆိုနေတဲ့သူတွေ တင်ပြလာနေရတာလည်း ကာလအတော်ရှည်ကြာ ရှိနေပါပြီ။

'Momala - မေမေ' အကောင်းဆုံး ဖြစ်ဖို့

ဒုတိယသမ္မတလောင်းအဖြစ် အရွေးချယ်ခံဖို့ ကမ်းလှမ်းချက်ကို သူလက်ခံတဲ့အချိန်မှာ မစ္စ ဟဲရစ်က ဒုတိယ သမ္မတရာထူးဟာ သိပ်ကို ကောင်းမွန်မှာပါလို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ 'Momala -မေမေ' အကောင်းဆုံး ဖြစ်ဖို့ လိုအပ်ပါတယ်။

အမေရိကန်ပြည်သူတွေကို မိတ်ဆက်စကားပြောတဲ့အခါ မစ္စ ဟဲရစ်က သူ့ရဲ့ မိသားစု ဘဝ ၊ သူ့အိမ်ထောင်ဖက်က ပါလာတဲ့ သားသမီး ၂ ယောက်ရဲ့ မိခင်ဘဝ နဲ့ မိသားစု တန်ဖိုးတွေကို အလေးထားပြောပြပါတယ်။

မစ္စ ဟဲရစ်က ကိုယ်စားလှယ်လောင်းတစ်ယောက်အဖြစ် သူ့အကြောင်းပြောပြရင် သူဟာ လူမျိုးမတူတဲ့ မိဘတွေကနေ မွေးဖွားလာတဲ့သူ၊ တစ်ဦးတည်း အိမ်ထောင်ကို ဦးစီးထိန်းကျောင်းရတဲ့ သူ့မိခင်ရဲ့ လက်မှာ ကြီးပြင်းခဲ့ရသူတဲ့သူ စတဲ့အကြောင်းတွေကို အသားပေးပြောတဲ့ အချက်တွေထဲမှာ ထည့်ပြောပါတယ်။

နိုင်ငံရေးနယ်ပယ်က အမျိုးသားတွေအဖို့ သူတို့မိသားစုအရေးအရာတွေကို ထုတ်ပြောပြတာက သူတို့ ဂုဏ်ရည်ပိုတက်သွားစေပါတယ်။

ဒါပေမဲ့ အမျိုးသမီးနိုင်ငံရေးသမားတွေအဖို့တော့ ဒီလို မိသားစုအရေး ထုတ်ပြောတာကို ဂုဏ်ရည်တက်စေတဲ့အရာအဖြစ် သတ်မှတ်ကြတာက သိပ်မကြာသေးဘူးလို့ မစ္စ ဝဲလ်ရှ်က ဆိုပါတယ်။

ဒါက အမျိုးသမီးတွေအဖို့ အတော်ခက်ခဲတဲ့ ကိစ္စပါလို့ သူက ပြောပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ သူတို့မှာ ကလေးမရှိဘူးဆိုရင်၊ ဒါမှမဟုတ် ကလေးတွေ အကြောင်းကို မပြောဘူးဆိုရင် "ဘာလို့ ကလေးမရှိတာလဲ၊ ဘာလို့ ကလေးတွေ အကြောင်းမပြောတာလဲ" ဆိုတာ ဖြစ်လာရော။ တခါ ကလေးတွေ အကြောင်းပြောပြီဆိုပါဦးတော့၊ တကယ်လို့ ကလေးတွေက ငယ်သေးတယ်ဆိုရင် "ဒီကလေးတွေကို ဘယ်သူက စောင့်ရှောက်မလဲ" ဆိုတဲ့ အမေးတွေက ပေါ်လာပြန်ရော။

တဖက်မှာတော့ အမျိုးသားတစ်ယောက်က သူ့မိသားစုအကြောင်းပြောရင်၊ အော် သူက "မိသားစုကို ဂရုစိုက်တတ်သူ" လို့ အမှတ်ပေးကြပြီး သူ့ကို ကလေးတွေ စောင့်ရှောက်ဖို့ လိုသလားလို့ ဘယ်သူမှ အမေးမထုတ်ကြသလို ဒီနိုင်ငံရေးအလုပ်ကို သူရွေးချယ်တာ၊ သူက ဦးစားပေးလိုက်တဲ့အပေါ် ဘယ်သူမှ စောကြောမနေကြပါဘူး။

ဆာရာ ပေလင်း ၂၀၀၈ ခုနှစ်မှာ ဒုတိယ သမ္မတအဖြစ် အရွေးခံရဖို့ မဲဆွယ်စဉ်မှာ မိသားစုအရေးနဲ့ ပတ်သက်လို့ အငြင်းအခုံဆွေးနွေးတာတွေကြုံခဲ့ရပါတယ်။ အဲဒီ အလာစကား ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ မိသားစုအရေးကို ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် မီဒီယာတွေနဲ့ တချို့ ဒီမိုကရက်တစ်ပါတီဝင်တွေက စေ့စေ့စပ်စပ် မေးမြန်းစောကြောကြပါတယ်။ အဲဒီအချိန်မှာ မစ္စ ပေလင်းဟာ ဒေါင်း ဆင်ဒရုမ်း (Down syndrome) ရှိတဲ့ ကလေးငယ်တစ်ယောက်အပါအဝင် ကလေး ၅ ယောက်ရှိပါတယ်။ သူ မိသားစုအရေးကို လျှစ်လျူရှုပြီး ဒုတိယ သမ္မတတာဝန်ကို ယူမှာလားဆိုပြီး ဝေဖန်သူတွေက မေးခဲ့ ပြောခဲ့ကြတာပါ။

ဆာရာ ပေလင်း ၂၀၀၈ ခုနှစ်တုန်းက ရီပတ်ပလီကန် ဒုတိယ သမ္မတလောင်းအဖြစ် မဲဆွယ်စဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆာရာ ပေလင်း ၂၀၀၈ ခုနှစ်တုန်းက ရီပတ်ပလီကန် ဒုတိယ သမ္မတလောင်းအဖြစ် မဲဆွယ်စဉ်

မိခင်တာဝန်ယူရမှုနဲ့ တွဲချိတ်ထားခံနေရတဲ့ အခြေအနေအောက်က အမျိုးသမီနိုင်ငံရေးသမားတွေ မလွတ်မြောက်နိုင်သေးပေမဲ့ ဒီလိုပုံသေကားကျ သတ်မှတ်ထားမှုတွေက ပြောင်းတော့ ပြောင်းလဲလာပါပြီ။

မကြာခင်အချိန်ကာလအတွင်းမှာဖြစ်ခဲ့တဲ့ တရားရုံးချုပ် တရားသူကြီးချုပ်အဖြစ် အမည်တင်သွင်းခြင်းခံရတဲ့ အေမီ ကော်နီ ဘားရက်ဟာ ကလေး ၇ ယောက်ရဲ့ မိခင်ဖြစ်ပြီး၊ ရီပတ်ပလီကန်တွေက ဒီလို မိခင်အတွေ့အကြုံတွေရှိတဲ့သူဟာ တရားမျှတမှုကို ပိုအလေးထားလိမ့်မယ်လို့ ထောက်ခံချီးကျူးကြပါတယ်။

မစ္စ ဟဲရစ်ဟာ အရွယ်ရောက်ပြီးသား ကလေးတွေရဲ့ မိခင်ဖြစ်တဲ့အတွက် သူများနဲ့ မတူ ထူးခြားတဲ့အခြေအနေမှာရှိတယ်၊ မဲပေးသူတွေက သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်စိတ်သန်ရာကို လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့သူ ဖြစ်စေလိုကြတယ်လို့ မစ္စ ဝဲလ်ရှ် က ဆိုပါတယ်။

"ဆိုတော့ သူဟာ ပုံမှန်လမ်းကို လျှောက်တဲ့သူလို့ပဲ မြင်ကြမှာပါ။"

ဆာရာပေလင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမျိုးသားတွေက သူ့အကြောင်း ဘာတွေပြောကြလဲ

ရုန့်ရင်းကြမ်းတမ်းတယ်၊ အစွန်းရောက်တယ်၊ မိုက်ရိုင်းတယ်၊ အန္တရာယ်များတဲ့ သတ္တဝါ စတဲ့ စကားလုံးတွေဟာ မစ္စတာ ထရမ့်က မစ္စတာ ဘိုင်ဒန်ရဲ့ လက်ရုံးဖြစ်လာတဲ့ မစ္စ ဟဲရစ်ကို ပုံခိုင်းနှိုင်းပြနေတဲ့ စကားလုံးတွေပါ။

မစ္စ ဟဲရစ်ရဲ့ ပြိုင်ဖက် မစ္စတာ ပန့်စ်ကတော့ အဲဒီလို စော်ကားတဲ အသုံးအနှုန်းတွေ မသုံးနှုန်းပေမဲ့ စကားစစ်ထိုးပွဲမှာတော့ သူလုပ်တဲ့ပုံက တစ်မျိုးပါ။

စကားဖြတ်ပြောဖို့လုပ်တာက စကားစစ်ထိုးပွဲမှာ လုပ်လေ့လုပ်ထ ရှိကြပါတယ်။ ဒါပေမဲ့ မစ္စ ဝဲလ်ရှ်ထောက်ပြတာကတော့ ကွဲပြားခြားနားတာကို ပြနိုင်တဲ့ နည်းတွေကို မစ္စတာ ပန့်စ်က သုံးခဲ့တယ် ဆိုတာပါ။

"သူက (ကြားဖြတ်ပြောတာကို) ယဉ်ယဉ်ကျေးကျေး လျစ်လျူရှုလိုက်တဲ့ပုံမျိုးလုပ်ပြီး ဆက်ပြောနေပါတယ်" လို့ သူက ပြောပါတယ်။

"တကယ်လို့ အမျိုးသမီးတစ်ယောက်က အလားတူ လျစ်လျူရှုတာမျိုးလုပ်ပြီး ဆက်ပြောနေမယ်ဆိုရင် ဒီအမျိုးသမီးက ပြောနေလိုက်တာ ခဏတောင် ပါးစပ်လေးပိတ်မထားနိုင်အောင်ပါပဲလားဆိုပြီး ဖြစ်လာပါလိမ့်မယ်"

ဘာတွေ ပြောင်းလဲလာခဲ့ပြီလဲ

၂၀၁၈ ခုနှစ်ကစတင်ပြီး အမျိုးသမီးတွေအနေနဲ့ ကြီးမားတဲ့ နိုင်ငံ့တာဝန်တွေကို ဆောင်ရွက်ရတာ ပိုများလာပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း အရွေးချယ်ခံဖို့ လုပ်ဆောင်ရာမှာ ပိုပြီးသက်တောင့်သက်တာဖြစ်လာပါတယ်လို့ မစ္စ ဝဲလ်ရှ်က ပြောပါတယ်။

"အမျိုးသမီးတွေအနေနဲ့ ငါတို့ ဘယ်လို လုပ်မှ ကောင်းမလဲ ဆိုတာမျိုးထက် ငါတို့ လုပ်တာက ဒီလိုမျိုးပဲ ဆိုတာမျိုးကို ပိုလုပ်လာပါတယ်"၊ " အမျိုးသမီးကိုယ်စားလှယ်လောင်း အတော်များများက သူတို့ကို မပြောနဲ့လို့ ရှောင်စေတဲ့ ကိစ္စတွေ ပြောလာကြတာကို ၂၀၁၈ မှာ တွေ့ခဲ့ရပါတယ်။"

အဲဒီ မပြောနဲ့လို့အကြံပေးကြတဲ့ အရေးကိစ္စတွေထဲမှာ ကလေးငယ်တွေရှိတဲ့အကြောင်း ပြောတာ၊ အိုးအိမ်မဲ့ဖူးတာ၊ ကိုယ့်ဘဏ္ဍာရေး အခြေအနေမကောင်းတာ စတာတွေ ပါဝင်ပါတယ်။

၂၀၁၇ ကို ပြန်ကြည့်ရင်လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က "သူများတွေက လူမျိုးရေးခွဲတာ၊ ကျားမ ခွဲခြားတာကို ကိုယ့်ပြဿနာလို့ မှတ်ယူလက်မခံပါနဲ့" လို့ အမျိုးသမီးတွေကို တိုက်တွန်းခဲ့ပါတယ်။

ကွန်ဒိုလီဇာ ရိုက်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်ဒိုလီဇာ ရိုက်စ်

KPMG ခေါင်းဆောင်မှု ထိပ်သီးအစည်းအဝေးမှာ မစ္စ ရိုက်စ်က "အမျိုးသမီးတွေကို ကျွန်မတို့ပြောလိုတာက - ဆိုပါတော့၊ ရှင် နေရာတစ်ခုကိုရောက်တဲ့အခါ၊ တစ်ယောက်ယောက်က ရှုတ်ချပြောဆို စော်ကားနှိမ့်ချတာ လုပ်ပြီဆိုပါတော့၊ အဲဒါကို ဂရုစိုက်မနေပါနဲ့။ ကိုယ့်အမြင်ကိုယ့်အတွေးကိုပဲ ပြောပစ်လိုက်ပါ"၊ "ရှင် ရသင့်တယ်လို့ မြင်တာတွေ မရထိုက်ဘူးလို့ အငြင်းပယ်ခံနေရတာကို ကြုံရင်၊ တကယ်မှာ ဒါတွေကို ရအောင်ယူနိုင်မယ့် နည်းတွေရှိတယ်၊ ကူညီမယ့်သူတွေရှိတယ်၊ ရှင် ရအောင်ယူဖို့ လုပ်ရမယ်"

ဂျရယ်ဒင်း ဖာရာရို ကအစ ဆာရာ ပေလင်း အလယ် ဟီလာရီ ကလင်တန် အဆုံး အတိတ်သမိုင်းတွေကို ထုဆစ်လာကြခဲ့ပြီလို့ မစ္စ ဝဲလ်ရှ်က ပြောပါတယ်။ အခုတော့ လူမည်းလည်းဖြစ်၊ အိန္ဒိယသွေးလည်းနှောတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒုတိယ သမ္မတလောင်းဖြစ်လာပါပြီ၊

"ဒါဟာ ကမ္ဘာမှာ သိပ်ကိုကြီးမားတဲ့ အရွေ့တစ်ခုပါ" လို့ မစ္စ ဝဲလ်ရှ်က ပြောပါတယ်။

"ဒုတိယသမ္မတဖြစ်လာနိုင်တဲ့ ကာမလာ ဟဲရစ် လိုလူကို အမျိုးသမီးတ ွေတွေ့လိုက်ရတဲ့အခါ သူတို့ဘဝမှာ သူတို့ဖြစ်ချင်တဲ့ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို တွေးမိကြမှာပါ။"