အိန္ဒိယမှာ ဗလီဖြိုချမှုနဲ့ စွပ်စွဲခံရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တရားသေလွတ်မြောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၉၂ ခုနှစ်က ဗလီ တစ်ခု ဖြိုချဖျက်ဆီးခံခဲ့ရတဲ့အမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အိန္ဒိယ အာဏာရနိုင်ငံရေးပါတီက ထိပ်တန်းခေါင်းဆောင်တွေကို အထူးတရားရုံးက တရားသေလွှတ်ပေးလိုက်ပါတယ်။
အယုဒ္ဓယမြို့မှာ ၁၆ ရာစုခေတ်က တည်ခဲ့တဲ့ ဘာဘရီ ဗလီကို ဖြိုချဖျက်ဆီးဖို့ ဟိန္ဒူ လူအုပ်ကြီးကို လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒု ဝန်ကြီးချုပ်ဟောင်း လာလ် ခရစ်ရှ်နာ အက်ဒ်ဗာနီ နဲ့ BJP ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ အမ်အမ် ဂျိုရှီနဲ့ အူမာ ဘာတီတို့က ငြင်းဆိုခဲ့ပါတယ်။
ဗလီဖြိုချဖျက်ဆီးမှုကနေ အနည်းဆုံး လူ ၂၀၀၀ လောက် သေခဲ့ရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ဒီအဖြစ်ဟာ ဟိန္ဒူ လက်ျာ နိုင်ငံရေးပါတီတွေ အားကောင်းမြင့်တက်လာတဲ့အချိန်မှာ အထင်ကရဖြစ်ခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စု အဆင့် စုံစမ်းစစ်ဆေးတာတွေ၊ လွတ်လပ်တဲ့ ကော်မရှင်က စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပြီး သူတို့ရဲ့ တွေ့ရှိမှုတွေက ၂၀၁၈ တုန်းက ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းအတဲလ် ဘီဟာရီ ဗာ့ဂျ်ပါယီး အပါအဝင် BJPပါတီ ထိပ်တန်းခေါင်းဆောင်တွေ ဒီအမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကို ညွှန်ပြခဲ့ပါတယ်။
နောက်ဆုံးတော့ ၁၉၉၃ ခုနှစ်အတွင်းမှာ မစ္စတာ အက်ဒ်ဗာနီ ၊ မစ္စတာ ဂျိုရှီ နဲ့ မစ္စ ဘာတီတို့အပါအဝင် လူ ၄၉ ယောက်ကို အမှုစွဲတင်ခဲ့ပါတယ်။ အဲဒီထဲက ၁၇ ယောက်ကတော့ အခုအချိန်မှာ ကွယ်လွန်သွားပါပြီ။
ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်အရ အဲဒီ စွပ်စွဲခံရသူ အားလုံး တရားသေ လွတ်မြောက်သွားပါပြီ။ ဒီဖြိုချဖျက်ဆီးမှုကို စီစဉ် လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား လုံလုံလောက်လောက် မရှိဘူးလို့ တရားရုံးက ဆိုပါတယ်။ အခု တရားရုံးဆုံးဖြတ်ချက်ကို အယူခံ တင်ပြသွားမယ်လို့ All India Muslim Personal Law Board တရားရေး ဘုတ်အဖွဲ့က ပြောပါတယ်။
ဆုံးဖြတ်ချက်ချတဲ့ တရားရုံးထဲမှာ ဘီဂျေပီပါတီ ခေါင်းဆောင် ၃ ယောက် ရှိမနေခဲ့ကြပါဘူး၊ သူတို့က ဆုံးဖြတ်ချက်ကို ဗီဒီယို ကွန်ဖရင့် က တစ်ဆင့် ကြားနာခဲ့ကြတာပါ။ တရားရုံးထဲကို ဘယ် မီဒီယာကိုမျှ ဝင်ခွင့်မပေးခဲ့ပါဘူး။
ဒီတရားရုံးဆုံးဖြတ်ချက်ဟာ သမိုင်းတွင်မယ့် ဆုံးဖြတ်ချက်ဖြစ်သလို၊ အငြင်းပွားစရာတွေဖြစ်လာမယ့် ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဒီဆုံးဖြတ်ချက်ကြောင့် သန်း ၂၀၀ အရေအတွက်ရှိတဲ့ အိန္ဒိယရဲ့ လူနည်းစု မွတ်ဆလင်တွေ အတွက် မကျေနပ်စရာဖြစ်လာနိုင်သလို၊ သူတို့ကို ဘေးဖယ်ထားတယ်ဆိုတဲ့ အမြင်တွေကိုလည်း တိုးပွားလာနိုင်ကြောင်း ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Whatsappimage
ဒီဗလီရဲ့ မြေနေရာနဲ့ပတ်သက်ပြီး သမိုင်းဝင်တရားရုံးဆုံးဖြတ်ချက်တစ်ခု ထွက်ခဲ့ပြီးနောက် တစ်နှစ်အကြာမှာ အခု စီရင်ချက်ထွက်လာခဲ့တာပါ။ မနှစ်တုန်းက အိန္ဒိယရဲ့ အဆင့်အမြင့်ဆုံး တရားရုံးချုပ်က ဆယ်စုနှစ် ပေါင်းများစွာ အငြင်းပွားနေကြတဲ့ အဲဒီမြေနေရာပိုင်ဆိုင်မှုကို ဟိန္ဒူတွေပိုင်ဆိုင်စေလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။
ဗလီကို ဖြိုချဖျက်ဆီးတာဟာ "တရားဥပဒေစိုးမိုးမှုကို ကမ်းကုန်အောင် ချိုးဖောက်တဲ့ လုပ်ရပ်" လို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီး မွတ်ဆလင်တွေအတွက် အယုဒ္ဓယ မြို့အတွင်း နောက်ထပ် ဗလီဆောက်ဖို့အတွက် မြေနေရာတစ်ခုကို ပေးခဲ့ပါတယ်။
ဗလီကို ဖြိုချဖျက်ဆီးခဲ့တဲ့ ဟိန္ဒူတွေက အယုဒ္ဓယ မြို့မှာ မွေးဖွားခဲ့တယ်လို့ သူတို့ယုံကြည်ကြတဲ့ ရာမ နတ်ဘုရား အတွက် ရည်စူးဆောက်လုပ်ထားခဲ့ရာ ကျောင်းတော် အပျက်အစီးနေရာပေါ်မှာ ဗလီကို ဆောက်ခဲ့ကြတာလို့ ပြောပါတယ်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အဲဒီမြေနေရာမှာတည်ဆောက်မယ့် ဟိန္ဒူ ဘုရားကျောင်းတော် အတွက် ဩဂုတ်လအတွင်းမှာ အုတ်မြစ်ချပေးခဲ့ပါတယ်။ ဒါဟာ သူ့ ဘီဂျေပီပါတီက ပေးထားတဲ့ ကတိအတိုင်း လုပ်ဆောင်ပေးတာဖြစ်သလို၊ ဒီအဖြစ်က ဟိန္ဒူအမျိုးသားရေးဝါဒီတွေရဲ့ အခြေခံစခန်းကို ထောက်ခံပြလိုက်တဲ့ သင်္ကေတအထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဘာတွေဖြစ်ပျက်ခဲ့သလဲ
အဲဒီအချိန်က အဓိကအတိုက်အခံပါတီ ဘီဂျေပီအပါအဝင် ဟိန္ဒူလက်ျာ အဖွဲ့အစည်း ၃ ခုက ဘာသာရေး အခမ်းအနားတစ်ခုကိုလုပ်ဖို့ အဲဒီ ဗလီနေရာမှာ လူတွေကိုစုရုံးခဲ့ကြပါတယ်။
အဲဒီမြေနေရာအတွင်းမှာ ဟိန္ဒူဘုရားကျောင်း တစ်ကျောင်း စတင်တည်ဆောက်ဖို့ ဒီအဖွဲ့တွေက ကတိပေးခဲ့ကြပါတယ်။ ထို့အတူ အဲဒီအချိန်က အစိုးရနဲ့ တရားရုံးတွေကို သူတို့ ကတိပေးခဲ့တာကတော့ ဒါဟာ ဘာသာရေးအခမ်းအနားလုပ်တာသာဖြစ်တယ်၊ ဗလီကို ထိခိုက်ပျက်စီးစေတာမျိုး ဘာမှ လုပ်မှာမဟုတ်ဘူး ဆိုတာပါ။
အဲဒီ ဗလီ ဖျက်ဆီးခံရနေတာကို မျက်မြင်ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဘီဘီစီ သတင်းထောက် မာ့ခ် တာလီ က "လူစုလူဝေးကြီး တစ်စု၊ အရေအတွက် တစ်သိန်းခွဲလောက်ရှိမယ့် လူတွေလာစုဝေးခဲ့ကြတယ်၊ ဘီဂျေပီ နဲ့ လက်ျာဝါဒီ Vishwa Hindu Parishad - VHP ပါတီ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကို နားထောင်ခဲ့ကြတယ်" လို့ သတင်းထဲမှာ ထည့်ရေးခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အဲဒီနေရာမှာ ရှိနေတဲ့သူတွေထဲ အခု အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာ အက်ဒ်ဗာနီနဲ့ နဲ့ အခု အသက် ၈၆ နှစ်ရှိပြီ ဖြစ်တဲ့ မစ္စတာ ဂျိုရှီ တို့လည်း ပါဝင်ပါတယ်။ သူတို့ ၂ ယောက်စလုံး နောက်ပိုင်း ဘီဂျေပီ ဦးဆောင်တဲ့ အစိုးရမှာ ထင်ရှားတဲ့သူတွေ ဖြစ်လာခဲ့ကြပါတယ်။
၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တုန်းက ရိုက်ထားတဲ့ ဒီဓာတ်ပုံကိုကြည့်ရင် ၁၆ ရာစု ဘာဘရီ ဗလီကို ရာပေါင်းများစွာသော ဟိန္ဒူအခြေခံဝါဒီ လှုပ်ရှားသူတွေ ဖြိုမချလိုက်ခင် ၅ နာရီကြာ အချိန်လောက်က ဒီ ဗလီရဲ့ အမိုးပေါ်မှာ ဟိန္ဒူလူငယ်တွေ တက်ရပ်နေကြတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty images
ဗလီကို အကာအကွယ်ပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စည်းတားထားတဲ့နေရာဆီကို ထောင်ပေါင်းများစွာသော လူငယ်တွေဟာ ဂေါ်ပြားတွေ၊ တူတွေ၊ သံတုတ်တွေ၊ ပုဆိန်တွေ ကိုင်စွဲပြီးလာခဲ့ကြပြီးတဲ့နောက် သူတို့ဟာ ဗလီရဲ့ အလယ်အမိုးခုံးပေါ်ကို တက်ကာ ထုနှက်ဖြိုဖျက်ခဲ့ကြပါတယ်။
အဲဒီအချိန်က အဲဒီနေရာမှာ ရှိနေခဲ့တဲ့ ဓာတ်ပုံ သတင်းထောက် ပရာဗီးန် ဂျိန်း Praveen Jain က အကြမ်းဖက်ဆူပူနေကြတဲ့ လူအုပ်ကြီးက "ဖြိုချနေတဲ့အထောက်အထားတွေကို ဘယ်သူမှ မတွေ့ရအောင် အစဖျောက်တဲ့အနေနဲ့ သတင်းထောက်တွေကို တိုက်ခိုက်ကြတယ်၊ ဓာတ်ပုံ သတင်းသမားတွေရဲ့ ကင်မရာတွေကို ဖျက်ဆီးကြတယ်" လို့ ပြောပါတယ်။
နာရီပိုင်းအတွင်းမှာပဲ ဗလီဟာ မြေမှာ ပြားပြားဝပ်သွားပါတယ်။
အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ နာရီပိုင်းအတွင်း ဟိန္ဒူ - မွတ်ဆလင် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ အဆိုးဆုံးက မွမ်ဘိုင်းမှာ ဖြစ်ပြီး လူ ၉၀၀ လောက် သေကြေခဲ့ကြပါတယ်။
ဒီ ဗလီ ဖြိုချမှုဖြစ်စေခဲ့တဲ့ အဖြစ်တွေကို စုံစမ်းစစ်ဆေးဖို့ တရားရုံးချုပ် တရားသူကြီး အမ်အက်စ် လီဘာဟန် ဦးဆောင်တဲ့ ကော်မရှင်တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုက ၁၇ နှစ်ကြာမှ ပြီးဆုံးခဲ့ပြီး စာမျက်နှာ ၉၀၀ ပါ သူတို့ရဲ့ အစီရင်ခံစာကို အစိုးရထံ ၂၀၀၉ ခုနှစ်က တင်သွင်းခဲ့ပါတယ်။
အရင် ဝန်ကြီးချုပ်ဟောင်း အတဲလ် ဘီဟာရီ ဗာ့ဂျ်ပါယီးနဲ့ မစ္စတာ အက်ဒ်ဗာနီတို့အပါအဝင် ဘီဂျေပီ ထိပ်တန်း ခေါင်းဆောင်တွေကို အစီရင်ခံစာထဲမှာ အပြစ်ရှိကြောင်း ဖော်ပြထားပါတယ်။
ဒီဗလီ ဖြိုချမှု ဖြစ်အောင် ကြိုတင်ပြီး သေသေချာချာ ကြံစည်လုပ်ကိုင်ခဲ့ကြတာဖြစ်ကြောင်း၊ ဘီဂျေပီ ခေါင်းဆောင်တွေဟာ "အလယ်အလတ်အမြင်ရှိတဲ့ပုံ ဟန်ဆောင်နေသူများသာ" ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ပြောကြားချက်ကို အိန္ဒိယ မီဒီယာတွေက ရေးခဲ့ပါတယ်။
နိုင်ငံရေး သိပ္ပံပါရဂူ ဇိုယာ ဟာဆန် က ဒီ ဖြိုချဖျက်ဆီးမှုဟာ "ခေတ်သစ် အိန္ဒိယမှာ ဥပဒေကို ပေါ်ပေါ်ထင်ထင် အချိုးဖောက်ဆုံးအဖြစ်ပဲ" လို့ ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ ဘာတွေလုပ်ဆောင်ခဲ့လဲ
အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (Central Bureau of Investigation - CBI) က မျက်မြင်သက်သေပေါင်း ၈၅၀ ကို မေးမြန်းခဲ့သလို၊ အထောက်အထားပေါင်း ၇၀၀၀ ခန့်၊ သတင်းထောက်တွေမှတ်တမ်းတင်ထားတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယို တိတ်ခွေစတဲ့ အထောက်အထားပေါင်း ၁၀၀ လောက်ကိုလည်း လေ့လာခဲ့ကြတယ်လို့ ရှေ့နေတစ်ယောက်လည်းဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်တဲ့ အဂျီ နူရာနီ က သူ့ရဲ့ Destruction of the Babri Masjid: A National Dishonour စာအုပ်မှာ ရေးပါတယ်။
ဒီဖြိုချ ဖျက်ဆီးမှုဟာ ကြိုတင်စီမံဆောင်ရွက်ခဲ့တာလို့ ဗဟိုစုံစမ်းစစ်ဆေးရေးဌာနအနေနဲ့ လက်ခံမှတ်ယူထားပါတယ်။
ဘီဂျေပီ ခေါင်းဆောင်တွေ၊ သဘောထားတင်းမာတဲ့ ဟိန္ဒူ အဖွဲ့တွေ၊ ဗလီ ဖြိုချသူတွေ၊ သတင်းထောက်တွေကို တိုက်ခိုက်သူတွေကို ရဲ အမှုပေါင်း ၅၀ နီးပါးခန့် စွဲတင်ခဲ့ပါတယ်။ တရားခွင်ကို သက်သေ ၃၅၀ ယောက်ကိုလည်း တင်သွင်းနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘီဂျေပီပါတီက သူတို့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းကြပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်က အတိုက်အခံခေါင်းဆောင် နေရာမှာ ရှိနေတဲ့ မစ္စတာ အက်ဒ်ဗာနီ က ဗလီဖြိုမှုမှာ အကွက်ချစီစဉ်ခဲ့တာ ဖြစ်ကြောင်းနဲ့ တခြားခေါင်းဆောင်တွေက သူတို့ အလုပ်သမားတွေကို ဗလီဖြိုဖို့ ပြောခဲ့ကြတာဖြစ်ကြောင်း မွတ်ဆလင် ခေါင်းဆောင်တွေက စွပ်စွဲကြပါတယ်။
၂၀၀၃ မှာ ပြုလုပ်ခဲ့တဲ့ ဒေသဆိုင်ရာ တရားရုံးမှာ မစ္စတာ အက်ဒ်ဗာနီ ကို တရားသေလွှတ်ခဲ့ပြီး၊ မစ္စတာ ဂျိုရှီ အပါအဝင် တခြား ၇ ယောက်ကိုတော့ တရားရင်ဆိုင်ဖို့ အမိန့်ချခဲ့ပါတယ်။
နောက် ၂ နှစ်လောက်အကြာမှာတော့ အဲဒီ ဒေသဆိုင်ရာ တရားရုံးက မစ္စတာ အက်ဒ်ဗာနီ ကို တရားသေ လွှတ်ပေးခဲ့တာကို ပြည်နယ် တရားရုံးက ပယ်ချပြီး တရားပြန်စွဲခဲ့ပါတယ်။
၂၀၁၁ မှာတော့ တရားရုံးချုပ်က ဒီအမှုကို လပ်ခ်နောင်းမြို့က က အထူးတရားရုံးမှာ စီရင်ဖို့ လွှဲအပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စွပ်စွဲခံရသူတွေက သူတို့ကို စွဲတင်တဲ့အမှုတွေကို ငြင်းပယ် လျှောက်လဲခဲ့ပြီး အမှုစီရင်တာက အချိန်ကြာခဲ့ပါတယ်။
၂၀၁၇ ဧပြီလအတွင်းမှာတော့ အဲဒီ နိုင်ငံရေး ခေါင်းဆောင် ၃ ယောက် ဗလီဖျက်ဆီးတဲ့ အမှုကို တရားခွင်မှာ ရင်ဆိုင်ဖို့ တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။
ဘာသာရေးတင်းမာမှုတွေ ပိုဆိုးလာစေခဲ့
နာရန်ဒရာ မိုဒီ ဦးဆောင်တဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ ဘီဂျေပီ ပထမဆုံးအကြိမ် ၂၀၁၄ မှာ အာဏာရခဲ့အချိန်ကစပြီး လူမှုရေးအရ၊ ဘာသာရေးအရ ကွဲပြားလာမှုတွေကို အိန္ဒိယဟာ ပိုနက်နက်ရှိုင်းရှိုင်း တွေ့လာရပါတယ်။ တရားရုံးချုပ်က ဒီ မြေနေရာဟာ ဟိန္ဒူတို့ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ပေးလိုက်တဲ့ မနှစ်က တရားရုံးအမိန့်မချခင်ကာလအထိ အဲဒီ နေရာမှာ ဟိန္ဒူ ဘုရားကျောင်းဆောက်လုပ်ဖို့ တောင်းဆိုသံတွေ ပိုပိုပြီး ကျယ်ကျယ်လောင်လောင် ဖြစ်လာခဲ့ပါတယ်။
ဟိန္ဒူတွေက နွားကို အထွတ်အမြတ်ထားရာ သတ္တဝါအဖြစ်ခံယူကြတာမို့ နွားသတ်တာ၊ အမဲသားရောင်းတာတွေအပေါ် ကန့်သတ်ချက်တွေ ပိုများလာခဲ့ပါတယ်။ နွားသယ်ယူပို့ဆောင်တဲ့ သူတွေကို ကိုယ်ထူကိုယ်ထ ကင်းအဖွဲ့တွေက သတ်ဖြတ်မှုတွေလည်း ပေါ်လာပါတယ်။ နွားကုန်ကူးသူ အများစုက မွတ်ဆလင်တွေပါ။
မနှစ်ကလည်း အိန္ဒိယမှာ အငြင်းပွားစရာ ဥပဒေတစ်ခုကို ပြဌာန်းလိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ များစွာနဲ့ လှုပ်လှုပ်ခါခါဖြစ်နေခဲ့ပါတယ်။ အဲဒီ ဥပဒေက ဘေးပတ်ဝန်းကျင်နိုင်ငံ ၃ နိုင်ငံက မွတ်ဆလင် မဟုတ်သူတွေ အိန္ဒိယမှာ နိုင်ငံသားလျှောက်ရင် နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတဲ့ ဥပဒေပါ။ ဒီဥပဒေဟာ အဲဒီနိုင်ငံတွေထဲ လူနည်းစုဖြစ်နေတဲ့ သူတွေ ဖိနှိပ်ခံနေရတာကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာလို့ ဘီဂျေပီ အစိုးရက ပြောပါတယ်။
ဘိုးစဉ်ဘောင်ဆက်ကတည်းက အိန္ဒိယမှာနေခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေကို မပြနိုင်ဘူးဆိုရင် ဘေးပတ်ဝန်းကျင်နိုင်ငံက ခိုးဝင်လာတဲ့ သူအဖြစ် သတ်မှတ်တဲ့ အစိုးရရဲ့ သဘောထားကို လည်း မွတ်ဆလင်အများစုက ထိတ်လန့်ကြပါတယ်။ တချိန် သူတို့ကို နိုင်ငံမဲ့ဖြစ်အောင်လုပ်သွားမှာကို သူတို့က စိုးရိမ်နေကြပါတယ်။
မစ္စတာ မိုဒီ ကတော့ ဒီ ဥပဒေဟာ "ဟိန္ဒူ၊ မွတ်ဆလင်၊ ဆစ်ခ်၊ ဂျိန်းစ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာဝင် စတဲ့ သူတွေ အပါအဝင် အိန္ဒိယနိုင်ငံသားတွေ အားလုံးအတွက် ထိခိုက်စရာ ဖြစ်မှာမဟုတ်ဘူး" လို့ ဆိုပါတယ်။








