အိန္ဒိယမှာ ကိုဗစ်ကူးစက်သူပေါင်း ၅ သန်း ကျော်ပြီ

ကျန်းမာရေးဝန်ထမ်းတွေဟာ ဒေသခံတွေရဲ့ အောက်ဆီဂျင် level ကို တိုင်းတာနေကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကျန်းမာရေးဝန်ထမ်းတွေဟာ ဒေသခံတွေရဲ့ အောက်ဆီဂျင် level ကို တိုင်းတာနေကြ
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅ သန်းကျော်သွားပြီလို့ အိန္ဒိယ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ အမေရိကန် ပြီးတဲ့နောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကမ္ဘာမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။

တခြားနိုင်ငံတွေထက်စာရင် အိန္ဒိယမှာ ပိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ပိုမိုမြန်ဆန်တယ်လို့ ယူဆရပါတယ်။

အင်္ဂါနေ့ မတိုင်ခင်ထိ ငါးရက်ဆက်တိုက် နေ့စဉ် ပိုးကူးစက်ခံရသူပေါင်း ၉၀,၀၀၀ ကျော်ခဲ့ပါတယ်။

ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ကုတင်တွေ မလုံလောက်၊ အောက်ဆီဂျင်တွေ ပြတ်လပ်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပြီး သေဆုံးသူဦးရေကလည်း အခုတော့ ၈၀,၀၀၀ ကျော် သွားပါပြီ။

ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ သေဆုံးမှု နှုန်းထားဟာ ဗိုင်းရပ်စ်ပိုး အများဆုံး ကူးစက်ခံခဲ့ရတဲ့ တခြားနိုင်ငံ အများစုထက်တော့ နည်းနေပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး စတင် ပျံ့နှံ့ခဲ့တဲ့ မတ်လနောက်ပိုင်း အလုပ်အကိုင် သန်းနဲ့ချီ ဆုံးရှုံးခဲ့ရတဲ့ တိုင်းပြည် စီးပွားရေးကို ပြန်လည် မြှင့်တင်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ နိုင်ငံတဝန်း ကန့်သတ်တားမြစ်ချက်တွေကိ အိန္ဒိယက အစိုးရက ဆက်လက်ဖြေလျှော့ခဲ့တာကြောင့် ပိုးတွေ့ရှိသူ ဦးရေကလည်း များလာခဲ့ပါတယ်။

ကျောင်းတွေ၊ ကောလိပ်တွေနဲ့ ရုပ်ရှင်ရုံတွေကို ဆက်လက် ပိတ်ထားဆဲ ဖြစ်ပေမယ့် အခုနောက်ဆုံးတော့ အားကစားခန်းမတွေကို ပြန်ဖွင့်ပေးလိုက်ပါပြီ။

အလုပ်ဌာန အများစုနဲ့ ဈေးတွေလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပါတယ်။

မြို့ကြီး အများအပြားမှာလည်း အဖျော်ယမကာ ဘားတွေနဲ့ စားသောက်ဆိုင်တွေကို အရက် ပြန်လည်ရောင်းချခွင့် ပြုထားပါတယ်။

ဒါကြောင့် အဲဒီနေရာတွေမှာ လူပိုစည်လာနိုင်ပါတယ်။

ဒီအခြေအနေထိ ဘယ်လို ရောက်သွားခဲ့တာလဲ

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စတင် ဖြစ်ပွားခဲ့တဲ့ အစောပိုင်း ကာလတွေမှာ အိန္ဒိယနိုင်ငံဟာ တင်းကြပ်တဲ့ လော့ခ်ဒေါင်းချ ကန့်သတ်မှုတွေကြောင့် ဗိုင်းရပ်စ်ပိုးကို အတိုင်းအတာတခုထိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ မြို့ငယ်လေးတွေနဲ့ ကျေးလက်ဒေသတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မမြင့်တက်ခင်မှာ ဒေလီမြို့တော်နဲ့ မွန်ဘိုင်းမြို့လို လူဦးရေ အင်မတန် ထူထပ်တဲ့ မြို့ ကြီးတွေမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခဲ့ပါတယ်။

ပိုးကူးစက်ရသူဦးရေ မြင့်တက်နေပေမယ့်လည်း မတ်လနဲ့ ဇွန်လကြားမှာ စောစီးစွာ လော့ခ်ဒေါင်းချ ကန့်သတ်မှုတွေကြောင့် အထိနာခဲ့ရတဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့အတွက် အစိုးရက ကန့်သတ်တားမြစ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

စီးပွားရေး လုပ်ငန်းတွေလည်း ပြန်လည် လည်ပတ်ခဲ့သလို ဒေသခံတွေလည်း အလုပ်ခွင်ထဲ ပြန်ဝင်ခဲ့ကြတာကြောင့် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ဦးရေက ထိုးတက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တစ်ပတ်ထဲမှာတင် ပိုးတွေ့ရှိသူပေါင်း ၆၀၀,၀၀၀ ရှိခဲ့ပါတယ်။

India Covid trajectory

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူပေါင်း ၉၀,၁၂၃ ဦးကို ထည့်ပေါင်းလိုက်ရင် အိန္ဒိယမှာ ကိုဗစ် လူနာပေါင်း ၅,၀၂၀,၃၅၉ ဦးထိ ရှိလာခဲ့ပါတယ်။

နိုင်ငံတဝန်း နေရာစုံမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတယ်ဆိုပေမယ့် ပိုးတွေ့ လူနာအများစုက ပြည်နယ် ငါးပြည်နယ်က ဖြစ်ပါတယ်။

အန်ဒရာ ပရာဒက်ရှ် ၊ တာမီ နာဒူ ၊ ကာနာတကာ၊ မဟာရက်ရှ်တာ ပြည်နယ်နဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ အူတာ ပရာဒက်ရှ် ပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားသူ ၆၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

အခုလို ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဦးရေ များလာတာကလည်း ပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ခဲ့တာကြောင့်လည်း တစိတ်တပိုင်း ပါပါတယ်။

အိန္ဒိယမှာ နေ့စဉ် လူ ၁ သန်းကျော်ကို ဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးပေးနေခဲ့တာပါ။

အောက်ဆီဂျင်တွေ ပြတ်လပ်မှု

ပိုးတွေ့ရှိသူ ဦးရေ များလာတာနဲ့အတူ အောက်ဆီဂျင်ဓာတ်ငွေ့ လိုအပ်မှုကလည်း ပိုတိုးလာခဲ့ပါတယ်။

ဆေးရုံတွေနဲ့ စောင့်ရှောက်ရေး စင်တာတွေမှာ ဒီလအတွင်း နေ့စဉ် အောက်ဆီဂျင်ဓာတ်ငွေ့တန်ချိန်ပေါင်း ၂,၇၀၀ အထိ အသုံးပြုခဲ့တယ်လို့ အိန္ဒိယနိုင်ငံတဝန်း စက်ရုံသုံး ဓာတ်ငွေ့တွေ ထုတ်လုပ်တဲ့ အဖွဲ့အစည်း ရဲ့ သတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဆေးရုံကြီးတွေဟာ အောက်ဆီဂျင်ဓာတ်ငွေ့တွေအပေါ် မှီခိုနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆေးရုံကြီးတွေဟာ အောက်ဆီဂျင်ဓာတ်ငွေ့တွေအပေါ် မှီခိုနေရ

ဒါပေမဲ့ ဧပြီလအတွင်းမှာတော့ အောက်ဆီဂျင် ဓာတ်ငွေ့ ၇၅၀ တန်ချိန်သာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုပ် အလုပ်ရုံ အများအပြားလည်း ပြန်လည် လည်ပတ်လာနေတာကြောင့် စက်ရုံသုံး အောက်ဆီဂျင် ဓာတ်ငွေ့ ဝယ်လိုအားကလည်း ထိုးတက်လာခဲ့တယ်လို့ အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ပြောပါတယ်။

ဒါကြောင့် စက်ရုံတွေ ပြန်လည် လည်ပတ်ဖို့သာမက လူနာတွေ ဝေဒနာ မခံစားစေရဖို့အတွက်လည်း အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်လုပ်မှုကို အိန္ဒိယမှာ တိုးချဲ့ လုပ်ကိုင်ဖို့ လိုနေပြီလို့ အိန္ဒိယ အခြေစိုက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်လုပ်တဲ့ စက်ရုံအများစုဟာ မြို့ကြီးတွေနဲ့ လူဦးရေ ထူထပ်တဲ့ မြို့တွေ အနီးတဝိုက်မှာပါ။ ဒါကြောင့် ကိုဗစ်-၁၉ လူနာတွေ ပြည့်နေတဲ့ ဝေလံခေါင်ဖျားတဲ့ နေရာတွေဆီကို အောက်ဆီဂျင် ဓာတ်ငွေ့တွေ ပံ့ပိုးပေးနိုင်ဖို့အတွက် အေးခဲထားတဲ့ ဓာတ်ငွေ့သိုလှောင်ကန်တွေ ပါတဲ့ အထူး ကုန်တင်ယာဉ်တွေကို အသုံးပြုရပါတယ်။ အိန္ဒိယမှာ အဲဒီလို အထူးကုန်တင်ယာဉ် ၁,၅၀၀ သာ ရှိပါတယ်။

ဥပမာအားဖြင့် ဒေလီမြို့တော်နဲ့ နေရာအတော်များများမှာ အောက်ဆီဂျင် ဓာတ်ငွေ့ထုတ်လုပ်တဲ့ စက်ရုံတွေ မရှိပါဘူး။ ဒါကြောင့် ဓာတ်ငွေ့အထောက်အပံ့တွေ အားလုံးကို အနီးဝန်းကျင်က ဒေသတွေကနေ ပို့ပေးခဲ့ကြရတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ သေဆုံးသူ နှုန်းထား ဘာကြောင့် နည်းနေတာလဲ

အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဦးရေ ၈၂,၀၆၆ ယောက် ရှိခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နေ့စဉ် သေဆုံးသူ အရေအတွက် ၁,၀၀၀ ဝန်းကျင် ရှိပါတယ်။

လူဦးရေနဲ့ တွက်ကြည့်ရင်တော့ ဒီအရေအတွက်ဟာ ကမ္ဘာမှာ ပဉ္စမမြောက် အများဆုံး ဖြစ်ပြီး လူဦးရေ ၁ သန်းမှာ လူ ၆၀ လောက် သေဆုံးခဲ့တာပါ။ နောက်ပြီး အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာတွေထဲမှာ ဒီပိုးကြောင့် သေဆုံးသွားသူ အရေအတွက် ၁.၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အမေရိကန်မှာတော့ ၃ ရာခိုင်နှုန်းလောက် ရှိပြီး ဗြိတိန်မှာတော့ ၁၁ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။

အခုလို သေဆုံးသူများတာဟာ လူငယ်လူဦးရေ များတာကြောင့်လို့ ဗိုင်းရပ်စ်ပိုး ထိန်းချုပ် ကာကွယ်တားဆီးရေးတွေ လုပ်ဆောင်နေတဲ့ ပညာရှင်အများစုက သုံးသပ်ကြပါတယ်။ လူငယ် လူဦးရေ များပြားတဲ့ တခြား တောင်အာရှ နိုင်ငံတွေမှာဆိုရင် အိန္ဒိယနိုင်ငံထက်တောင် သေဆုံးသူ ဦးရေ နည်းပါးတာကိုလည်း တွေ့ရပါတယ်။

တချို့ပြည်နယ်တွေမှာတော့ သေဆုံးသူဦးရေကို လျှော့ပြောနေကြတယ်လို့ ကျွမ်းကျင်ပညာရှင် တချို့က သုံးသပ်ကြပါတယ်။

တချို့လက်တဆုပ်စာ ပြည်နယ်တွေမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတွေကို နဂိုရှိပြီးသား ရောဂါအခံကြောင့် သေဆုံးသွားကြတာလို့ ယူဆမှုတွေ ရှိနေတဲ့အကြောင်း သူတို့က ဆိုပါတယ်။

ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေနဲ့ သေဆုံးသူဦးရေ ပိုမိုတွက်ဆထားတာ မရှိဘဲ သေဆုံးသူနှုန်းထား လျှော့တွက်နေကြတယ်ဆိုတာကို တိုင်းတာဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာကြောင့် အိန္ဒိယ စိန်လုပ်ငန်း ထိခိုက်