ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကို ဆင်းရဲတဲ့နိုင်ငံတွေက ဘယ်လိုပိုခံရတာလဲ

ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကို ဆင်းရဲတဲ့ နိုင်ငံတွေက ပိုခံရတဲ့အတွက် နိုင်ငံအချင်းချင်း ဆင်းရဲ ချမ်းသာ မညီမျှမှု ပိုကြီးလာနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကို ဆင်းရဲတဲ့ နိုင်ငံတွေက ပိုခံရတဲ့အတွက် နိုင်ငံအချင်းချင်း ဆင်းရဲ ချမ်းသာ မညီမျှမှု ပိုကြီးလာနိုင်
ရေးသားခဲ့သည်။

ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်ကို ဆင်းရဲတဲ့ နိုင်ငံတွေက ပိုခံရတဲ့အတွက် နိုင်ငံအချင်းချင်း ဆင်းရဲ ချမ်းသာ မညီမျှမှု ပိုကြီးလာနိုင်တာကို ဘီဘီစီရဲ့ စစ်တမ်း ကောက်ယူချက် အရ တွေ့ရပါတယ်။

အခုလို စစ်တမ်းကောက်ယူမှုကို နိုင်ငံ ၂၇ နိုင်ငံမှာရှိတဲ့ ဘီဘီစီနိုင်ငံတကာဌာနတွေအတွက် GlobeScan က ၂၀၂၀ ဇွန်လမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုက ကပ်ရောဂါအသွင်ဆောင်သွားပြီ ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုလိုက်တဲ့ ၂၀၂၀ မတ်လ ၁၁ ရက်နေ့က စပြီး ခြောက်လအထိ ကြာလာတဲ့အချိန်မှာ နိုင်ငံအသီးသီးက လူပေါင်း ၃၀ဝ၀ဝ နီးပါးကို ဘီဘီစီက စစ်တမ်းကောက်ယူချက်အရ အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဓိကအားဖြင့် အသွားအလာ ကန့်သတ်ပြီး ရုံးခန်း၊ ဆိုင်ခန်းတွေလည်း အားလုံး ပိတ်ထားလိုက်ရတဲ့ လော့ဒေါင်း အကျိုးဆက်ကြောင့် ဘဏ္ဍာရေးဝန်ပိတဲ့အတွက် အခုလို ဖြစ်ရတာလို့ ဆိုပါတယ်။

အင်ဒိုနီးရှားက ဖြေဆိုသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီစစ်တမ်းအရ အင်ဒိုနီးရှားက ဖြေဆိုသူ အများစုဖြစ်တဲ့ ၇၅ % နီးပါးက သူတို့အပေါ် ကြီးကြီးမားမား ထိခိုက်တယ်လို့ ဖြေဆိုကြ (အာရှမှာ အင်ဒိုနီးရှားက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု တတိယအများဆုံး နိုင်ငံဖြစ်နေ)

ဒီစစ်တမ်းက တွေ့ရှိရတဲ့ ကွာဟမှု ပုံစံများ

လက်ရှိ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ယေဘုယျအားဖြင့် လူငယ်တွေက အကြီးမားဆုံး အခက်အခဲတွေကို ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

ဒီစစ်တမ်းရဲ့ ရလဒ်မှာ လူမျိုးနဲ့ ကျားမ အလိုက် ကွဲပြားတဲ့ သက်ရောက်မှုတွေ ခံရတာကို တွေ့ရပြီး ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုခံရသလို၊ လူမျိုးရေးအရ ကြည့်မယ် ဆိုရင်လည်း အမေရိကန်နိုင်ငံအတွင်းမှာ လူမည်းတွေက လူဖြူတွေထက် ကိုဗစ်-၁၉ ကူးစက်မှု ပိုခံရတာကို တွေ့ခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုက နိုင်ငံတကာမှာ ကပ်ရောဂါအသွင်ဆောင်လာချိန်မှာ “ဒီဘေးဒဏ်ကို လူသူမရွေး ခံစားရတာပဲ” ဆိုပြီး လူအများပြောဆိုနေကြပေမဲ့ လက်တွေ့မှာတော့ ဘက်ပေါင်းစုံ မလွတ်ရအောင် အားနည်းမှု ရှိနေသူတွေက အခံစားရဆုံး ဖြစ်တယ်ဆိုတာ တွေ့ခဲ့ရတယ်လို့ GlobeScan ရဲ့ အမှုဆောင် အရာရှိချုပ် ခရစ်စ် ကိုလ်တာက ဘီဘီစီကို ပြောပါတယ်။

OECD အဖွဲ့ဝင် ၃၇ နိုင်ငံ တို့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ခံစားရပုံနဲ့ အခြားကမ္ဘာ့နိုင်ငံတွေ ခံစားရပုံ သိသိသာသာ ကွာခြားနေ
ဓာတ်ပုံ ပုံစာ, OECD အဖွဲ့ဝင် ၃၇ နိုင်ငံ တို့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ခံစားရပုံနဲ့ အခြားကမ္ဘာ့နိုင်ငံတွေ ခံစားရပုံ သိသိသာသာ ကွာခြားနေ

မညီမျှတဲ့ ကမ္ဘာကြီး

GlobeScan ရဲ့ စစ်တမ်းကောက်ယူအပြီး ထွက်လာတဲ့ ရလဒ်အရ ကမ္ဘာပေါ်မှာ အကြွယ်ဝဆုံးနိုင်ငံတွေထဲက အများစုပါဝင်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ OECD အဖွဲ့ဝင် ၃၇ နိုင်ငံ တို့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ခံစားရပုံနဲ့ အခြားကမ္ဘာ့နိုင်ငံတွေ ခံစားရပုံ သိသိသာသာ ကွာခြားနေတာကို တွေ့ရပါတယ်။

အဲဒီစစ်တမ်းအရ OECD အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက စစ်တမ်းဖြေဆိုသူ ၆၉% က ဒီကပ်ရောဂါအခြေအနေကြောင့် သူတို့ရဲ့ ဝင်ငွေ ကျသွားတယ်လို့ ပြောဆိုခဲ့ကြပြီး OECD အဖွဲ့ဝင် နိုင်ငံတွေက ဖြေဆိုသူ ၄၅% ကသာ သူတို့ရဲ့ ဝင်ငွေကျသွားတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဒီစစ်တမ်း ရလဒ်တစ်ခုလုံးကို ခြုံကြည့်မယ် ဆိုရင်လည်း လက်တင်အမေရိကလို့ခေါ်တဲ့ အလယ်နဲ့ တောင်အမေရိက နိုင်ငံတွေ၊ အာရှနဲ့ အာဖရိကတိုက်တွေက နိုင်ငံတွေက ဖြေဆိုသူတွေက ဥရောပနဲ့ မြောက်အမေရိကတိုက် နိုင်ငံတွေက ဖြေဆိုသူတွေထက် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးက သူတို့အပေါ် သိသိသာသာ သက်ရောက်မှု ရှိတယ်လို့ ပြောဆိုကြတာကို တွေ့ရပါတယ်။

အထူးသဖြင့် ကင်ညာ (၉၁%)၊ ထိုင်း (၈၁%)၊ နိုင်ဂျီးရီးယား (၈၀%)၊ တောင်အာဖရိက (၇၇%)၊ အင်ဒိုနီးရှား (၇၆%)နဲ့ ဗီယက်နမ် (၇၄%) တို့က ဒီကပ်ဘေးကြောင့် ဘဏ္ဍာရေးအရ ပိုပြီး ထိခိုက်မှု ခံရတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။

လက်ရှိ ကပ်ရောဂါဘေးကြောင့် အဲဒီ နိုင်ငံက ဝင်ငွေနည်းသူတွေ အနေနဲ့ ပိုပြီး ဝင်ငွေ နည်းလာတာကို တွေ့ရပေမဲ့ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ရုရှားနဲ့ ယူကေ အစရှိတဲ့ နိုင်ငံတွေမှာတော့ ဝင်ငွေနည်းသူတွေကို ထိခိုက်မှုထက် ဝင်ငွေများသူတွေကို ထိခိုက်မှုက ပိုများနေတာကို တွေ့ရပြန်ပါတယ်။

ဒီစစ်တမ်းအရ သက်ကြီးရွယ်အိုတွေထက် လူငယ်တွေက လက်ရှိ ကပ်ရောဂါဘေးကြောင့် အခက်အခဲတွေကြုံရတယ်လို့ ပြောဆိုမှု ပိုများ

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, ဒီစစ်တမ်းအရ သက်ကြီးရွယ်အိုတွေထက် လူငယ်တွေက လက်ရှိ ကပ်ရောဂါဘေးကြောင့် အခက်အခဲတွေကြုံရတယ်လို့ ပြောဆိုမှု ပိုများ

မျိုးဆက်ကွာဟမှုနဲ့အတူ ဒဏ်ခံရမှုလည်း ကွာဟတာကို တွေ့ရ

ဒီစစ်တမ်းအရ သက်ကြီးရွယ်အိုတွေထက် လူငယ်တွေက လက်ရှိ ကပ်ရောဂါဘေးကြောင့် အခက်အခဲတွေကြုံရတယ်လို့ ပြောဆိုမှု ပိုများပြီး အလုပ်အကိုင်၊ ပညာရေးနဲ့ လူလူချင်း ကူးလူး ဆက်ဆံဖို့တွေ အခွင့်အလမ်း နည်းပါးသွားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

၁၉၉၅ နောက်ပိုင်း နဲ့ ၂၀၁၀ ပြည့်လွန် အစောပိုင်း နှစ်တွေမှာ မွေးဖွားသူ မျိုးဆက် Z ရဲ့ ၅၅ % နဲ့ ၁၉၈၀ နောက်ပိုင်းကနေ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ မွေးဖွားသူ ထောင်စုနှစ်ပြည့်ကာလ မျိုးဆက် Millennials ၅၆% တို့က လက်ရှိ ကပ်ရောဂါဘေးဒဏ်ကို အတော်ခံရတယ်လို့ ပြောဆိုကြပါတယ်။

ဒါကို သက်ကြီးပိုင်းနဲ့ ချိန်ထိုးကြည့်မယ် ဆိုရင်တော့ ၁၉၆၅ နဲ့ ၁၉၈၀ အကြား မွေးဖွားသူ မျိုးဆက် X ရဲ့ ၄၉ % နဲ့ ဒုတိယ ကမ္ဘာစစ်ပြီးခေတ် မွေးနှုန်းတက်ချိန် မွေးလာသူ မျိုးဆက်လို့ ခေါ်တဲ့ ၁၉၄၆ ကနေ ၁၉၆၄ အတွင်း မွေးဖွားသူ Baby Boomers ၃၉ % တို့ကသာ လက်ရှိ ကပ်ရောဂါဘေးဒဏ်ကို အတော်ခံရတယ်လို့ ပြောဆိုကြပါတယ်။

ဘဏ္ဍာရေးအရ ထိခိုက်မှုမှာဆိုရင်တော့ သက်လတ်ပိုင်းလို့ ဆိုနိုင်တဲ့ မျိုးဆက် Z ရဲ့ ၆၃% အထိ ဝင်ငွေထိခိုက်တယ်လို့ ဖြေဆိုကြပြီး တစ်ဖက်မှာ Baby Boomer မျိုးဆက် ၄၂ % ကသာ အခုလို ဝင်ငွေ ထိခိုက်တယ်လို့ ဖြေဆိုကြပါတယ်။

ဒီစစ်တမ်းမှာ ပါဝင်ကြတဲ့ သက်ကြီးပိုင်း မျိုးဆက် ၅၆ % က လက်ရှိ ကပ်ရောဂါဘေးကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ နှစ်ခုစလုံး ထိခိုက်မှု မရှိဘူးလို့ ဖြေဆိုကြပြီး နိုင်ငံအသီးသီးက ပါဝင်ကြသူ အားလုံးရဲ့ ပျမ်းမျှ၃၉ % ကသာ အခုလို ထိခိုက်မှု မရှိဘူးလို့ ဆိုကြပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် နဲ့ ကမ္ဘာ့ကပ်ရောဂါများ

ဒီစစ်တမ်းရဲ့ အခြားအဓိက တွေ့ရှိမှုများ

ဆယ်ယောက်မှာ ခြောက်ယောက်နှုန်း နီးပါး ဖြစ်တဲ့ ၅၇ % က လက်ရှိ ကပ်ရောဂါဘေးကြောင့် ဘဏ္ဍာရေးအရ ထိခိုက်ခံရတယ်လို့ ဖြေဆိုကြပါတယ်။

အခုလို ဘဏ္ဍာရေးအရ ထိခိုက်ခံရရာမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုခံရတယ်လို့ ဖြေဆိုကြပါတယ်။ အခုလို ကွာဟမှု သိသာတဲ့ နိုင်ငံတွေကတော့ ဂျာမနီ ( မ ၃၂ % - ကျား ၂၄ %)၊ အီတလီ ( မ ၅၀ % - ကျား ၄၃ %)၊ ယူကေ ( မ ၄၅ % - ကျား ၃၈ %) တို့ ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းက ဖြေဆိုသူတွေထဲကဆိုရင် အမေရိကန် လူမည်း ၁၄ % က သူတို့ မိသားစုဝင် တစ်ဦးဦး ဒါမှ မဟုတ် သူတို့ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတယ်လို့ ပြောဆိုကြပြီး အမေရိကန် လူဖြူ ၇ % ကသာ အလားတူ ကူးစက်ခံရတယ်လို့ ဖြေဆိုကြပါတယ်။

ဒီစစ်တမ်းဖြေဆိုသူတွေထဲက သားသမီးရှိသူ ၅၇ % က ဘဏ္ဍာရေးအရ တော်တော် ထိခိုက်မှုဒဏ်ခံရတယ်လို့ ဖြေဆိုကြပြီး သားသမီးမရှိသူ ၄၁ % ကသာ အလားတူ ထိခိုက်မှု ဒဏ်ခံရတယ်လို့ ဖြေဆိုကြပါတယ်။

ဒီစစ်တမ်းမှာ ပါဝင်ဖြေဆိုကြတဲ့ နိုင်ငံတွေထဲက တူရကီနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ဖြေဆိုသူ ၇၅ % နီးပါးက တခြားနိုင်ငံက ဖြေဆိုသူတွေနဲ့ ယှဉ်ရင် အများဆုံးအနေနဲ့ သူတို့အပေါ် ကပ်ရောဂါဘေး ထိခိုက်မှု ကြီးကြီးမားမားခံရတယ်လို့ ဖြေဆိုကြပြီး အလားတူ ဖြေဆိုသူ အနည်းဆုံးနိုင်ငံကတော့ ဂျာမနီဖြစ်ပြီး ၁၀% ပတ်ဝန်းကျင်သာ ရှိပါတယ်။

ဒီစစ်တမ်းအတွင်း ပါဝင်တဲ့ နိုင်ငံတွေကတော့ အာရှတိုက် အတွင်းက တူရကီ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဆော်ဒီအာရေဗျ၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ ဂျပန်၊ အာဖရိကတိုက် အတွင်းက ကင်ညာ၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ လက်တင် အမေရိက ဒေသက မက္ကဆီကို၊ အာဂျင်တီးနား၊ ဘရာဇီး၊ မြောက်အမေရိကတိုက်က အမေရိကန်နဲ့ ကနေဒါ၊ ဥရောပက တူရကီ၊ စပိန်၊ အီတလီ၊ ရုရှား၊ ပြင်သစ်၊ ယူကေ၊ ဆွီဒင်၊ ဂျာမနီနဲ့ သြစတြေးလျတိုက်က သြစတြေးလျ နိုင်ငံတို့ ဖြစ်ပါတယ်။