နယ်စပ်မှာ အိန္ဒိယတပ်က 'ရန်စ' ပစ်ခတ်တယ်လို့ တရုတ်ကပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟိမဝန္တာတောင်တန်းပေါ်က အငြင်းပွားနေကြတဲ့ နယ်စပ်နေရာတခုကို အိန္ဒိယစစ်တပ်က တရားမဝင်ကျော်ဖြတ်လာပြီး ကင်းလှည့်နေတဲ့ သူတို့စစ်သားတွေကို "ရန်စ" တဲ့ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံက စွပ်စွဲပြောလိုက်ပါတယ်။
တရုတ်စစ်တပ်က သူတို့တပ်တွေအနေနဲ့ "တုံ့ပြန်တာတွေ မလုပ်မဖြစ် လုပ်ခဲ့ရတယ်" လို့ ပြောပြီး၊ အဲဒီတုံ့ပြန်လုပ်ဆောင်တာတွေက ဘာတွေလဲဆိုတာကိုတော့ သေသေချာချာ ရှင်းလင်းသွားတာ မရှိပါဘူး။
အိန္ဒိယက အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး တရုတ်တပ်တွေဟာ လာဒါ့ခ်နယ်စပ်ဒေသအတွင်း သူတို့တပ်တွေဆီကို ရင်ဆိုင်လာတွေ့တဲ့အခါမှာ သေနတ်တွေကို မိုးပေါ်ထောင်ပြီး ပစ်ခဲ့ကြတယ်လို့ စွပ်စွဲပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ၂ နိုင်ငံကြား ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ ဆိုးလာနေပါတယ်။
အိန္ဒိယတပ်တွေ အခြေချထားတဲ့နေရာတခုဆီကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်တွေက ရှေ့ကိုတိုးလာဖို့ ကြိုးစားခဲ့တယ်၊ "သူတို့တပ်တွေကို ခြိမ်းခြောက်တဲ့အနေနဲ့ သေနတ်တွေကို မိုးပေါ်ထောင်ပြီး ပစ်ခတ်တာတချို့ လုပ်ခဲ့တယ်" လို့ အိန္ဒိယကပြောပါတယ်။
"နယ်စပ်ထိန်းချုပ်ရေးစည်းကို အိန္ဒိယက ဖြတ်ကျော်တာမျိုး လုံးဝမလုပ်ခဲ့ဘူး၊ ပစ်ခတ်တာအပါအဝင် ရန်လိုတဲ့အပြုအမူမျိုးလည်း လုံးဝမလုပ်ခဲ့ဘူး" လို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာရေးထားပါတယ်။
တကယ်လို့သာ ပစ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်က တကယ်အမှန်ဆိုရင်တော့ ၄၅ နှစ်တာကာလအတွင်း အဲဒီနယ်စပ်မှာ ပထမဆုံးအကြိမ် သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။
နယ်ခြားထိန်းချုပ်ရေးစည်းတဝိုက်မှာ သေနတ်တွေ၊ ဗုံးတွေ မသုံးရဘူးလို့ တားမြစ်ထားတဲ့ သဘောတူညီချက်ကို ၁၉၉၆ ခုနှစ်မှာ ၂ နိုင်ငံ လက်မှတ်ထိုးထားကြတာပါ။
တရုတ်အစိုးရအာဘော်သတင်းစာဖြစ်တဲ့ ဂလိုဘယ်တိုင်းမ်က အိန္ဒိယစစ်တပ်တွေဟာ "နယ်ခြားထိန်းချုပ်ရေးစည်းကို တရားမဝင်ဖြတ်ကျော်လာပြီး ပန်ဂွန်ကန်ကြီး ရဲ့တောင်ဘက် ကန်ပေါင်နားက ရှန်ပေါင်တောင်ကို ဝင်လာကြတယ်" လို့ ပြည်သူ့လွတ်မြောက်ရေးတပ်က ပြောခွင့်ရပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ကျန်းရွှေလီပြောတာကို ကိုးကားပြီး ရေးပါတယ်။။
ဗိုလ်မှူးကြီးကျန်းက အိန္ဒိယရဲ့ လှုပ်ရှားမှုဟာ "နှစ်နိုင်ငံ သဘောတူညီချက်တွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်တာဖြစ်ပြီး ဒေသတွင်း တင်းမာမှုတွေ ပိုမြင့်အောင် ဆွတာဖြစ်တယ်၊ အတော် ဆိုးညစ်တဲ့ လုပ်ရပ်လည်းဖြစ်တယ်" လို့ ဆိုပါတယ်။
ဒါပေမဲ့ အိန္ဒိယဘက်က ကြေညာချက်မှာတော့ သူတို့ စစ်တပ်ဟာ "ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ပိုင်းဖြတ်လုပ်ဆောင်" နေတာဖြစ်ပြီး "ဘာပဲရင်ဆိုင်တွေ့ရသည်ဖြစ်စေ နိုင်ငံတည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ရေးကို ကာကွယ်သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း" ထည့်သွင်းရေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယတပ်တွေ အနေနဲ့ "အန္တရာယ်များတဲ့ လှုပ်ရှားမှုကို ချက်ချင်းရပ်ဆိုင်းပါ၊ နယ်ခြားထိန်းချုပ်ရေးစည်းကို ကျော်လာခဲ့တဲ့တပ်တွေ ပြန်ဆုတ်သွားပါ၊ ရန်စ ပစ်ခတ်ခဲ့တဲ့သူတွေကို အရေးယူအပစ်ပေးပါ" လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က ပြောခွင့်ရပုဂ္ဂိုလ်က တောင်းဆိုထားပါတယ်။
အငြင်းပွားရာ နယ်စပ်ဒေသတခုမှာ တရုတ်စစ်တပ်တွေက အိန္ဒိယအရပ်သား ၅ ယောက်ကို ပြန်ပေးဆွဲသွားတာနဲ့ပတ်သက်လို့ အိန္ဒိယစစ်တပ်က တရုတ်အာဏာပိုင်တွေဘက်ကို လှမ်းသတိပေးထားပြီး နောက်တနေ့မှာပဲ အခုလို တင်းမာမှုတွေ ထပ်ထွက်လာတာပါ။
ဇွန်လအတွင်းက နှစ်ဖက်တပ်တွေ သေနတ်ပစ်ခတ်တာမပါတဲ့ ရန်သတ်တိုက်ခိုက်ကြတဲ့ပွဲတွေမှာ အိန္ဒိယ စစ်သား အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ ဒေသတွင်း မီဒီယာတွေက "စစ်သားတွေဟာ သေတဲ့အထိ ရိုက်သတ်တာကို ခံခဲ့ရတာ" လို့ ရေးပါတယ်။
တရုတ်ဟာ ဩဂုတ်လအတွင်းက သီတင်းပတ်တပတ်ကြာတဲ့ကာလအတောအတွင်း မှာပဲ နယ်စပ်မှာ စစ်ရေးအရ တင်းမာမှုဖြစ်အောင် ရန်စတာ ၂ ကြိမ်လုပ်ခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲပါတယ်။ ဘေဂျင်းဘက်ကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး နယ်စပ်မှာဖြစ်နေတဲ့ ထိပ်တိုက်တွေ့နေရတာတွေက အိန္ဒိယရဲ့ အမှားတွေကြောင့်လို့ ပြန်စွပ်စွဲပါတယ်။
နှစ်နိုင်ငံကြား အငြင်းပွားနေကြတဲ့ နယ်စပ်တကြောမှာ သတ်မှတ်ထားတဲ့ နယ်ခြားထိန်းချုပ်ရေးစည်းကလည်း အသေအချာကို ပိုင်းခြားသတ်မှတ်ထားတာမဟုတ်ပါဘူး။ မြစ်တွေ၊ ကန်တွေ၊ နှင်းဖုံးတဲ့ အရပ်တွေ ရှိနေတာကြောင့်လည်း အဲဒီစည်းက ရွှေ့ပြောင်းနေတဲ့ သဘောရှိပါတယ်။
ကမ္ဘာက အကြီးဆုံးစစ်တပ်တွေထဲက ၂ တပ်ကို ကိုယ်စားပြုနေတဲ့ စစ်သားတွေဟာ စည်းတဖက်ခြမ်းစီကနေ နေရာပေါင်းများစွာမှာ မျက်နှာချင်းဆိုင် နေနေကြတာပါ။
တရုတ်ဟာ လာဒါ့ခ်ရဲ့ ဂယ်ဝမ် တောင်ကြားဒေသကို ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားတယ်၊ ၁၄, ၇၀၀ စတုရန်းမိုင် ကျယ်ဝန်းတဲ့ သူတို့ပိုင်နက် ဧရိယာကို သိမ်းပိုက်ထားတယ်လို့ အိန္ဒိယက ပြောပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စု အတွင်း ဆွေးနွေးခဲ့ကြတာ အကြိမ်များစွာရှိခဲ့ပေမယ့် နယ်စပ်အငြင်းပွားတဲ့အရေးကို မဖြေရှင်းနိုင်ခဲ့ကြပါဘူး။
၁၉၆၂ နှစ်မှာ ၂ နိုင်ငံကြား စစ်ပွဲတပွဲဖြစ်ခဲ့ပြီး အိန္ဒိယက မရှုမလှ ရှုံးနိမ့်ခဲ့ဖူးပါတယ်။









