ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေမှာ ကိုဗစ်ကူးစက်သူ တိုးလာတာ သတိထားရမယ့် အခြေအနေလို့ ပြော
ယူကေနိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် တိုးလာနေတဲ့အတွက် အထူးသတိထားရမယ့် အခြေအနေ ကာလထဲ ဝင်ရောက်လာနေပြီလို့ ဗြိတိန် အိုးအိမ်နေရာချထားရေးဝန်ကြီး ရောဘတ် ဂျန်ရစ်ခ်က ပြောပါတယ်။
တနင်္ဂနွေနေ့က ရောဂါကူးစက်သူအသစ် ၃၀၀၀ နီးပါး ရှိခဲ့အပြီး တနင်္လာနေ့မှာလည်း နောက်ထပ် အလားတူ ၃၀၀၀ နီးပါး ရောဂါ ထပ်ကူးခဲ့ပြန်ပါတယ်။ ဒါဟာ မေလ ၂၂ ရက်ကစလို့ အမြင့်ဆုံး ဖြစ်ပါတယ်။
အခု ရောဂါကူးစက်မှုတွေဟာ ဇူလိုင်လယ်က ရောဂါဖြစ်ပွားမှု ပျမ်းမျှ အရေအတွက်ရဲ့ ၄ ဆ လောက် ရှိနေပါတယ်။
အခုအခါ မူလတန်းကနေ အထက်တန်းအဆင့် ကျောင်းသားတွေ ကျောင်းပြန်တက်နေကြပြီ ဖြစ်ပြီး လာမယ့်လကျရင် တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေများပြီး သေဆုံးမှုနှုန်းတွေ တိုးလာမှာကို စိုးရိမ်နေကြပါတယ်။
လူငယ်တွေမှာ ကူးစက်မှုများ
ရောဂါကူးစက်မှုတွေ တိုးလာတာဟာ လူငယ်မှာ ပိုများတာ တွေ့ရပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ရောဂါ ကူးစက်မှုသစ်တွေရဲ့ တစ်ဝက်လောက်ဟာ အသက် ၂၀ နဲ့ ၃၀ ပိုင်းတွေမှာ ဖြစ်ခဲ့ကြတာပါ။
ဒါ့အပြင် ဆယ်ကျော်သက်တွေလိုပဲ အသက် ၄၀ ပိုင်းနဲ့ ၅၀ ပိုင်း အရွယ်တွေမှာလည်း ရောဂါကူးစက်သူ အရေအတွက် သိသိသာသာ တိုးလာတာ တွေ့ရပါတယ်။
ယူကေနိုင်ငံမှာ ၇ ရက်တာကာလအတွင်း ရောဂါကူးစက်မှုနှုန်းဟာ အခုအခါ လူတစ်သိန်းမှာ ၂၀ ယောက်နှုန်းကျော် တိုးလာနေပြီ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ထပ်တိုးမလာစေဖို့ လူငယ်တွေအနေနဲ့ အစိုးရ ထုတ်ပြန်ထားတဲ့ ကိုဗစ် လမ်းညွှန်ချက်တွေကို အထူးသဖြင့် တာဝန်ရှိတယ်လို့ မစ္စတာ ဂျန်ရစ်ခ် က ပြောပါတယ်။
လူငယ်အရွယ် အုပ်စုတွေမှာ ဗိုင်းရပ်စ်ပိုးကူးခဲ့ရင် အကြီးအကျယ် နာမကျန်း ဖြစ်မယ့်ပုံမျိုး သိပ်မရှိပေမဲ့ သူတို့ကနေ တခြားသူတွေဆီ ရောဂါ ဖြန့်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလို ရောဂါကူးစက်မှုနှုန်း တိုးလာတာဟာ အကြီးအကျယ် စိုးရိမ်စရာ ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ လက်ထောက်အကြီးအကဲ ပါမောက္ခ ဂျော်နသန် ဗန်တမ် က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း သိသာထူးခြားပြီး စိုးရိမ်စရာကောင်းတဲ့ ပြောင်းလဲမှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။
အခုအခါ ရပ်ကွက်မြို့နယ်အတွင်းမှာပဲ ကွက်ပြီး ရောဂါ ကူးစက် ဖြစ်ပွားနေတာမျိုး မဟုတ်ဘဲ နိုင်ငံရဲ့ နေရာဒေသ အတော်များများမှာ ပျံ့နှံ့ဖြစ်ပွားနေပြီလို့ သူယူဆကြောင်း ပြောပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြဖို့ စည်းမျဉ်းကို လူမှုအသိုင်းအဝိုင်းအတွင်း တချို့တွေ ချိုးဖောက်နေကြပြီး အသက် ၁၇ နှစ်နဲ့ ၂၁ နှစ်အကြား လူငယ်တွေမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြဖို့ စည်းမျဉ်းကို ပြည်သူလူထုအနေနဲ့ တကယ်အလေးထား လိုက်နာဖို့ လိုတယ်ဆိုတာ အခုဖြစ်နေတဲ့ အခြေအနေက သတိပေးလိုက်တာ ဖြစ်နယ်လို့ သူက ပြောပါတယ်။
ဒီစည်းမျဉ်းတွေကို တင်းတင်း ကြပ်ကြပ် မလိုက်နာဘူး ဆိုရင် ယူကေမှာ လာမယ့်လ အနည်းငယ်အတွင်း အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ ပါမောက္ခ ဂျော်နသန် ဗန်တမ် က ပြောပါတယ်။