ယူကေမှာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေး ကျဆင်းမှုနဲ့ ကြုံ

    • ရေးသားသူ, ဇူပင်းချန်း
    • ရာထူးတာဝန်, ဘီဘီစီ စီးပွားရေးသတင်းထောက်
  • ရေးသားခဲ့သည်။

ယူကေနိုင်ငံမှာ ဧပြီလကနေ ဇွန်လအတွင်း ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်း ချမှတ်ထားခဲ့ရမှုတွေကြောင့် စီးပွားရေး စံချိန်တင် ထိုးကျသွားခဲ့အပြီးမှာ စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာရတဲ့ အခြေအနေ ရောက်လာခဲ့ရပါပြီ။

နှစ်အစ ပထမ ၃ လတာကာလနဲ့ နှိုင်းစာရင် ယူကေ စီးပွားရေးဟာ ၂၀ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဈေးဆိုင်တွေ ပိတ်ထားရတဲ့အတွက် အိမ်ထောင်စုတွေရဲ့ သုံးစွဲမှု ထိုးကျသွားခဲ့သလို စက်ရုံတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ကျဆင်းခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ယူကေနိုင်ငံဟာ ၂၀၀၉ ခုနှစ်ကတည်းက စရင် ပထမဆုံးအကြိမ်အဖြစ် ၆ လဆက်တိုက် စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဇွန်လမှာတော့ အစိုးရက အသွားအလာ ပိတ်ပင်ထားမှုတွေကို စဖြေလျှော့ခဲ့တဲ့အတွက် စီးပွားရေး ပြန်ခေါင်းထောင်လာခဲ့တယ်လို့ ယူကေနိုင်ငံရဲ့ စာရင်းအင်းအချက်အလက်ဌာန (ONS) ကပြောပါတယ်။

"ဒါတောင်မှ ဇွန်လ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မဖြစ်ခင် ဖေဖော်ဝါရီလကထက် အဆင့် ၆ ဆင့်လောက် နိမ့်နေဆဲ ရှိနေပါသေးတယ်" လို့ ယူကေ စီးပွားရေး စာရင်းအင်းဌာနရဲ့ လက်ထောက် စာရင်းအင်းပညာရှင် ဂျော်နသန် အက်သိုး က ပြောပါတယ်။

ထုတ်ကုန်တွေ ထိုးကျသွားခဲ့တာဟာ ဈေးဆိုင်တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ စာသင်ကျောင်းတွေ၊ ကားပြင်ဆိုင်တွေ ပိတ်ထားခဲ့ရတဲ့အတွက် ဖြစ်တယ်လို့ ယူကေ စာရင်းအင်းအချက်အလက်ဌာန (ONS) က ပြောပါတယ်။

ဒီကာလတွေအတွင်း စီးပွားရေး စံချိန်တင် ထိုးကျသွားခဲ့မှုဟာ နိုင်ငံ့စီးပွားရေးရဲ့ ၅ ပုံ ၄ ပုံကို လွှမ်းမိုးထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။

စက်ရုံတွေ ပိတ်ထားရတဲ့အတွက်လည်း ကားထုတ်လုပ်မှုဟာ ၁၉၅၄ ခုနှစ်ကတည်းကဆိုရင် အနှေးဆုံး ဖြစ်ခဲ့ရပါတယ်။

လော့ခ်ဒေါင်း အမြင့်ဆုံးအချိန် ဖြစ်တဲ့ ဧပြီလဟာ စီးပွားရေးအကျဆုံး အချိန် ဖြစ်ခဲ့ပါတယ်။

လအလိုက် ကြည့်မယ်ဆိုရင် မေလကစလို့ စီးပွားရေး ပြန်တည်ဆောက်လာနိုင်ပြီး ဇွန်လမှာ ၈ ဒဿမ ၇ ရာခိုင်နှုန်းအထိ ပြန်တက်လာခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်မှာ အင်္ဂလန်က အဝတ်အစားဆိုင်တွေ၊ စာအုပ်ဆိုင်တွေနဲ့ တခြား မရှိမဖြစ် မလိုအပ်တဲ့ လက်လီဆိုင်တွေ ပြန်ဖွင့်ခဲ့သလို အရင် ၂ လက ထိုးကျသွားခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ပြန်တက်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း စီးပွားရေးကျဆင်းမှုကြောင့် လာမယ့်လတွေအတွင်း နောက်ထပ် အလုပ်လက်မဲ့တွေ ပိုများလာလိမ့်မယ်လို့ ယူကေ စီးပွားရေးဝန်ကြီး ရီရှီ ဆူနက် က ပြောပါတယ်။

ဧပြီလနဲ့ ဇွန်လအတွင်း အလုပ်လက်မဲ့ဦးရေ ၂ သိန်း ၂ သောင်းတိုးလာတယ်လို့ အစိုးရရဲ့တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားသူ ဦးရေဟာ စီးပွားရေး အကြပ်အတည်းကြီး ကြုံခဲ့ရချိန် ၂၀၀၉ ခုနှစ် မေလကနေ ဇူလိုင်လအတွင်း ကာလကတည်းကနေ ကြည့်ရင် အရေအတွက်အများဆုံး ၃ လတာ ကာလ ဖြစ်ပါတယ်။

စီးပွားရေး ပြန်နာလန်ထူဖို့ အချိန်ကြာနိုင်

စီးပွားရေး ပြန်နာလန်ထူလာရေးမှာ ထောက်ပံ့ကူညီမှုတွေ ပိုလုပ်ပေးဖို့ အစိုးရကို စီးပွားရေးအုပ်စုတွေက တိုက်တွန်းခဲ့ကြပါတယ်။

ကုန်ကျစရိတ်တွေ အချိန်မီ ပေးဆောင်နိုင်ဖို့ ကုမ္ပဏီအတော်များများ မနည်းရုန်းကန်နေကြရတယ်လို့ ဗြိတိန် စက်မှုလုပ်ငန်းဖက်စပ်အဖွဲ့ကြီးရဲ့စီးပွားရေးပညာရှင် အယ်လ်ပက်ရှ် ပါလီဂျာ က ပြောပါတယ်။

စီးပွားရေး ကောင်းကောင်း ပြန်နာလန်ထူလာနိုင်ဖို့က သိပ်မသေချာလှဘူး လို့ သူက ပြောပါတယ်။

"အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် နောက်တစ်ကျော့ ပြန်ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ ဥရောပသမဂ္ဂထဲကနေ ယူကေနိုင်ငံ နုတ်ထွက်ရေးကိစ္စ နှောင့်နှေးနေမှု စတဲ့ ကိစ္စ နှစ်ရပ်က သိပ်ကို စိုးရိမ်စရာ ဖြစ်နေတယ်" လို့ ဆိုပါတယ်။

အကြွေးတွေ စုပုံလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အသုံးစရိတ် စီမံကိန်းတွေအတိုင်း ရှေ့တိုးလုပ်ဖို့ အခက်ကြုံလာကြရတယ်လို့ ယူကေ စီမံကိန်း ညွှန်ကြားရေးမှူးများအဖွဲ့ ( IoD) က ပြောပါတယ်။

အလုပ်သမားတွေ ငှားရ ပိုလွယ်အောင် အလုပ်ရှင်တွေ ပေးဆောင်ဖို့ သတ်မှတ်ထားတဲ့ အာမခံကြေးတွေ လျှော့ချပေးဖို့ အစိုးရကို စီးပွားရေး လုပ်ငန်းရှင်တွေက တိုက်တွန်းနေပါတယ်။ အသေးစား စီးပွားရေး လုပ်ငန်းတွေအတွက်အစိုးရက နောက်ထပ် အထောက်အပံ့တွေ ထပ်ပေးခြင်းဖြင့်လည်း ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။

အခုလက်ရှိ ကိန်းဂဏန်း အချက်အလက်တွေအရ ယူကေ စီးပွားရေးဟာ ကပ်ရောဂါဘေး ကာလမတိုင်ခင်က အခြေအနေကို နောက်နှစ်ကုန်အထိ ပြန်ရောက်နိုင်မယ့်ပုံ မရှိဘူးလို့ အင်္ဂလန်ဘဏ်အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

စီးပွားရေးကျဆင်းမှု အကြီးမားဆုံး နိုင်ငံတွေထဲ ယူကေပါဝင်

ဘီဘီစီ စီးပွားရေးအယ်ဒီတာ ဖိုင်ဆယ် အစ္စလာမ်ရဲ့ သုံးသပ်ချက်

ကနဦးခန့်မှန်းချက်တွေအရ စီးပွားရေး ကျဆင်းမှု အကြီးမားဆုံး နိုင်ငံတွေထဲမှာ ယူကေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ယူကေ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကထက် ၅ ဆ ကျော်လောက် ကျုံ့သွားခဲ့ပါတယ်။ ဒီပမာဏဟာ စီးပွားရေး ၂၂ ဒဿမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့ စပိန်နိုင်ငံလောက် မဆိုးပေမဲ့ ဂျာမနီနဲ့ အမေရိကန် တို့ထက် ၂ ဆလောက် များနေပါတယ်။

အပြင်ထွက်စားတာ၊ ပြဇာတ်ကြည့်တာ၊ ဘောလုံးပွဲကြည့်တာမျိုးလို လူမှုရေးကိစ္စတွေအတွက် လူတွေ ငွေသုံးစွဲတာတွေဟာ အမေရိကဒေသနိုင်ငံတွေ ဒါမှမဟုတ် ဥရောပနိုင်ငံတွေထက် ယူကေနိုင်ငံအတွက် စီးပွားရေးတိုးတက်စေဖို့ တွန်းအားဖြစ်စေတယ် ဆိုတာကို အင်္ဂလန်ဘဏ်ကြီးက သတိပြုထောက်ပြထားပါတယ်။

ဒီကာလအတွက် ပထမဆုံး တရားဝင် ထုတ်ပြန်ခဲ့တဲ့ GDP ကိန်းဂဏန်းတွေအရ အခုနှစ်အစပိုင်းကတည်းကဆိုရင် စီးပွားရေးတန်ဖိုး ၅ ဆကျော် ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ အဓိကအားဖြင့် ဧပြီလမှာ လော့ခ်ဒေါင်းချမှတ်မှုတွေ အကြီးအကျယ် လုပ်ခဲ့လို့ ဖြစ်ပါတယ်။

စီးပွားရေး ကျဆင်းမှု အတိုင်းအတာနဲ့ ကျဆင်းမှုနှုန်း သက်သက်ကို ကြည့်ရင် အံ့သြစရာ မကောင်းလှပေမဲ့ ဒီစီးပွားရေးကျဆင်းမှုက တနိုင်ငံလုံးမှာ ရှိတဲ့ မြို့ကြီးမြို့ငယ်နဲ့ အဓိကဈေးဆိုင်တန်းတွေတိုင်းကို ရိုက်ခတ်ခဲ့တာကို တွေ့ရပါတယ်။

အခုအခါ စီးပွားရေး ပြန်တိုးတက်လာနေပြီ ဖြစ်ပေမဲ့ လာမယ့်ဆောင်းဦးပေါက်ကာလမှာ လူထုကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုတွေကို အပြည့်အဝ လုပ်နိုင်စွမ်း ရှိမယ့်ပုံတော့ မတွေ့ရပါဘူး။