ဖေ့စ်ဘွတ်ခ်က ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ပေးတယ်ဆိုတဲ့ အစီရင်ခံစာထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိန်း ဝိတ်ခ်ဖီးလ်
- ရာထူးတာဝန်, နည်းပညာ သတင်းထောက်
- ရေးသားခဲ့သည်။
ဖေ့စ်ဘွတ်ခ် မှာ ကျန်းမာရေးဆိုင်ရာ သတင်းအမှား တွေကို ကြည့်ခဲ့ကြတဲ့ အကြိမ်အရေအတွက် ပြီးခဲ့တဲ့နှစ်အတွင်း သန်းပေါင်း ၃၈၀၀ တွေ့ခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလမှာ ဒီသတင်းမှားတွေ ပေါ်လာတာ အများဆုံးပဲလို့ အစီရင်ခံစာတခုက ဆိုပါတယ်။
အစီရင်ခံစာပြုစုတဲ့ အက်ဗားဇ် (Avaaz) အဖွဲ့က ဖေ့စ်ဘွတ်ခ် ဟာ အများပြည်သူ ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေပြီလို့ ပြောပါတယ်။
ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လူမှုမီဒီယာမှာ အလွဲအမှားတွေပြောနေကြတာတွေက တကယ် ကာကွယ်ဆေး ပေါ်လာရင်တောင် သွားမထိုးတော့မယ့် လူတွေ တိုးသွားနိုင်တယ်လို့ လည်း ဆရာဝန်တွေက ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ် ကုမ္ပဏီဘက်ကတော့ ဒီတွေ့ရှိချက်တွေဟာ သူတို့ လုပ်ဆောင်နေတာတွေကို ပြည့်စုံအောင် မဖော်ညွှန်းနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ကုမ္ပဏီက ထုတ်တဲ့ ကြေညာချက်ထဲမှာ " သတင်းမှားတွေကို တားဆီးရမယ်ဆိုတဲ့ Avaaz တို့ရဲ့ ရည်ရွယ်ချက်နဲ့ ကျွန်ုပ်တို့ ထပ်တူရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ အချက်အလက်စစ်ဆေးတဲ့ ကမ္ဘာ့ကွန်ရက်က ဧပြီနဲ့ ဇွန်လအတွင်းက စာရင်းတွေအရ ကိုဗစ် - ၁၉ နဲ့ ပတ်သက်တဲ့ သတင်းအမှားပေါင်း ၉၈ သန်းနဲ့ပတ်သက်ပြီး ဒါတွေက သတင်းမှားတွေဖြစ်ကြောင်း သတိပေးချက် ထုတ်ပေးခဲ့ပြီး အန္တရာယ်ဖြစ်စေတဲ့ သတင်းမှားပေါင်း ၇ သန်းကို ဖြုတ်ချပေးခဲ့ပါတယ်" လို့ ရေးထားပါတယ်။
"လူပေါင်း သန်း နှစ်ထောင်ကျော်ကိုလည်း ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်နေရာတွေကို လမ်းညွှန်ပေးခဲ့ပါတယ်၊ ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး လင့်ခ် တွေကို တစုံတယောက်က ရှယ်တယ် ဆိုရင်လည်း သက်ဆိုင်ရာ ကျန်းမာရေးသတင်းအချက်အလက်ထုတ်ပြန်တဲ့ နေရာတွေနဲ့ ဆက်သွယ်ပြီး အတည်ပြုဖို့ သတိပေးပါတယ်။"
ကုထုံး အတုတွေ
ဖေ့စ်ဘွတ်ခ်က ဘယ်လို ကြိုးစားသည်ဖြစ်စေ Avaaz အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ တင်လာတဲ့ ကျန်းမာရေး သတင်းမှား ၁၆ ရာခိုင်နှုန်းကိုသာ ဖေ့စ်ဘွတ်ခ်အနေနဲ့ ဒါတွေက သတင်းမှားဖြစ်တဲ့အကြောင်း သတိပေးချက် လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ သုတေသီတွေ လေ့လာချက်အရ ကျန်းမာရေးသတင်းမှားတွေ ဖြန့်တဲ့ နေရာမှာ ထိပ်ဆုံးကဖြစ်နေတဲ့ ဝက်ဆိုဒ် ၁၀ ခုဟာ သူတို့သတင်းတွေကို ဖေ့စ်ဘွတ်ခ်ကို သုံးပြီးဖြန့်တဲ့အတွက် တခြား တရားဝင် ဝက်ဆိုဒ်တွေက ကျန်းမာရေး သတင်းမှန်တွေ - ဥပမာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဝက်ဆိုဒ် ကဖြန့်တာထက် ၄ ဆ လောက် ပိုများအောင် ဖြန့်သွားနိုင်တယ်လို့ သိရပါတယ်။
ပုဂ္ဂလိက ကိုယ်ပိုင် ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကနေ ကျန်းမာရေး သတင်းမှားတွေကို ရှယ်နေကြတာ ကလည်း အတော်များပါတယ်။
အဲဒီလိုမျိုး ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါင်း ၄၂ မျက်နှာမှာ Follower ပရိသတ် စုစုပေါင်း ၂၈ သန်းကျော် ရှိပါတယ်။
အဲဒီ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေက တင်တဲ့ ကျန်းမာရေး သတင်းမှားတွေထဲမှာ အောက်ပါ သတင်းမှားတွေ ပါဝင်ပါတယ်။
- အိန္ဒိယမှာ ကလေးငယ် ၅ သိန်းလောက် ကိုယ်တပိုင်းသေ ချိနဲ့သွားစေတဲ့ ပိုလီယို ကာကွယ်ဆေးကို ဘေလ်ဂိတ်က ထောက်ပံ့ပေးထားကြောင်း ဆိုလိုတဲ့ ဆောင်းပါး (အဲဒီ ဆောင်းပါးကို ကြည့်ရှုသူ ၈.၄ သန်းရှိပါတယ်။)
- သေစေနိုင်တဲ့ ရောဂါတွေ- ဥပမာ အီဘိုလာ ရောဂါကုနိုင်တဲ့ ငွေသတ္တုပြား သတင်းဆောင်းပါး (အဲဒီ ဆောင်းပါးကို ကြည့်ရှုသူ ၄.၅ သန်းရှိပါတယ်။)
- ကွာရန်တင်း လုပ်တာက ဗိုင်းရပ်စ် ပိုပြန့်နိုင်တယ်ဆိုတဲ့ ဆောင်းပါး ( ကြည့်ရှုသူ ၂.၄ သန်း ရှိပါတယ်။)
အခုဒီ သုတေသနက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စတဲ့နိုင်ငံတွေက ဖေ့စ်ဘွတ်ခ် အကောင့်တွေကို အဓိကထားပြီး ကြည့်ခဲ့ကြတာပါ။
Avaaz အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ ဒါရိုက်တာ ဖာဒီ ကူရန် က "ဖေ့စ်ဘွတ်ခ်ရဲ့ ပို့စ်တွေ ထိန်းချုပ်စီစဥ်တင်ပြပုံ (algorithm) က ပြည်သူ့ကျန်းမာရေး အတွက် အကြီးအမား ခြိမ်းခြောက်မှု" လို့ ဆိုပါတယ်။
"မတ်ခ် ဇက်ကာဘတ်က ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေ (ဖေ့စ်ဘွတ်ခ်ကနေတဆင့်) ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။"
"ဒါပေမဲ့ သူ့ algorithm က ဖေ့စ်ဘွတ်ခ်သုံးစွဲတဲ့ ကမ္ဘာတလွှားက လူပေါင်း ၂. ၇ ဘီလျံကို ကျန်းမာရေး သတင်းမှားတွေ ဖြန့်ချိပေးနေပြီး အရေးကြီး သတင်းတွေ ပေးမယ်ဆိုတဲ့ သူ့ရဲ့ အားထုတ်မှုတွေကို ပျက်ယွင်းသွားအောင် လုပ်နေပါတယ်။"
"တကယ်လို့သာ ဖေ့စ်ဘွတ်ခ်အနေနဲ့ သူ့ algorithm ကို မပြင်ဆင်ဘူးဆိုရင်၊ အဲဒီလို သတင်းမှားတွေ ဖတ်မိတဲ့သူကို သတင်းမှန်ပြန်လည်ပေးခြင်းဖြင့် အမှန်ကို သိအောင် မလုပ်ပေးဘူးဆိုရင် ဒီသတင်းမှား ကပ်ရောဂါက ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို ပိုဆိုးဝါးသွားစေလိမ့်မယ်။"
'အဆိပ်ပြင်းတဲ့ အလိမ်အညာတွေ'
Avaaz က ဖေ့စ်ဘွတ်ခ် လူမှုမီဒီယာအနေနဲ့ ကျန်းမာရေး သတင်းမှားတွေကို ကြည့်မိ ဖတ်မိတဲ့ လူတိုင်းအတွက် လွတ်လပ်စွာ သတင်းကို စိစစ်ပြီး အမှန်ပြင်ပေးနိုင်တဲ့ စနစ်ကို အဆင်သင့်ထားထားပေးဖို့တောင်းဆိုလိုက်ပါတယ်။
သတင်းမှား ပိုစ့်တွေ တခြားသူတွေရဲ့ဆီ ရောက်တာ နည်းသွားစေဖို့လည်း သက်ဆိုင်ရာ အကောင့်ကို သတင်းပို့စ် တင်ရန် အရည်အသွေးမပြည့်မီဘူး ဆိုတာမျိုး စည်းကမ်းတွေ ချမှတ်ဖို့ လိုအပ်တယ်လို့လည်း သူတို့က ဆိုပါတယ်။
ကမ္ဘာ့ ဆရာဝန်များ အသင်း (World Medical Association) ရဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဖရန့် အူးလ်ရစ်ချ် မောင်ဂိုမာရီက "ဒီ ကမ္ဘာ့ကပ်က ကာကွယ်ဆေးဆိုတာတွေက ဘယ်လောက် အစွမ်းရှိ အဖိုးတန်တယ်ဆိုတာကို သတိပေးနေရမှာ၊ အဲဒီ့အစား ကာကွယ်ဆေး ဆန့်ကျင်ရေး သမားတွေက ဖေ့စ်ဘွတ်ခ် သုံးပြီး အဆိပ်ပြင်းတဲ့ အလိမ်အညာတွေ ဖြန့်နေတယ်၊ ဘယ်သူ ဘယ်ဝါတွေက လျှို့ဝှက်ကြံစည်ပြီး လူတွေကို ဒုက္ခပေးနေတယ်ဆိုတဲ့ ဇာတ်လမ်း အတုအယောင်တွေကို ဖြန့်နေတယ်" လို့ ပြောပါတယ်။
ဥရောပ သမဂ္ဂရဲ့ အထူးကု ဆရာဝန်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဂျအွာ မီဂဲလ် ဂရန်ညိုကလည်း "မတ်ခ် ဇက်ကာဘတ် အနေနဲ့ သတင်းမှား ကပ်ရောဂါကို တားဆီးဖို့ သူတို့နဲ့ အတူ အလျင်အမြန်ရပ်တည်ဖို့လိုနေပြီ" လို့ ပြောလိုက်ပါတယ်။








