သီရိလင်္ကာ ရွေးကောက်ပွဲ ရာဂျာပက်ခ်ဆာ ညီအကိုတွေ အများစု အနိုင်ရ

မဟင်ဒါရာ ရာဂျာပက်ခ်ဆာရဲ့ ပါတီဟာ အများစု အနိုင်ရဖို့ မျှော်လင့်နေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မဟင်ဒါရာ ရာဂျာပက်ခ်ဆာရဲ့ ပါတီဟာ အများစု အနိုင်ရဖို့ မျှော်လင့်နေ
ရေးသားခဲ့သည်။

သီရိလင်္ကာ သမ္မတ ဂိုတာဘရာ ရာဂျာပက်ခ်ဆာက နိုင်ငံတွင်း လွှတ်တော်ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်။

သူ့အစ်ကို မဟင်ဒါရာ ရာဂျာပက်ခ်ဆာကိုပဲ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မယ်လို့ မျှော်လင့်ရပါတယ်။

မဟင်ဒါရာဟာ ၂၀၁၉ နိုဝင်ဘာလကတည်းက ယာယီဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူပါ။

ရာဂျာပက်ခ်ဆာ ညီအစ်ကိုတွေရဲ့ သီရိလင်္ကာ လူထု ရှေ့ဆောင် (Sri Lanka People's Front) ပါတီဟာ သူတို့ကတိပေးထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် သုံးပုံ နှစ်ပုံ အနိုင်ရပြီး အများစု အနိုင်ရခဲ့တာပါ။

လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၂၅ နေရာမှာ သူတို့ပါတီက ၁၄၅ နေရာ အနိုင်ရခဲ့သလို သူတို့ မဟာမိတ် နိုင်ငံရေးပါတီတွေထဲကလည်း နောက်ထပ် ၅ နေရာ အနိုင်ရခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒနာ မိုဒီက သူ့ကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောခဲ့တယ်လို့ မဟင်ဒါရာက အစောပိုင်းတုန်းက တွစ်တာမှာ ရေးသားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် သမ္မတ ဂိုတာဘရာ ရာဂျာပက်ခ်ဆာကို အသိအမှတ်ပြုနေကြ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် သမ္မတ ဂိုတာဘရာ ရာဂျာပက်ခ်ဆာကို အသိအမှတ်ပြုနေကြ

အငြင်းပွားဖွယ် ရာဂျက်ပက်ခ်ဆာမိသားစုဟာ သီရိလင်္ကာ နိုင်ငံရေးလောကမှာ ကြီးစိုးနေခဲ့တာ ဆယ်စုနှစ် နှစ်ခုလောက် ရှိပါပြီ။

မဟင်ဒါရာ ရာဂျာပက်ခ်ဆာဆိုရင်လည်း ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သမ္မတ တာဝန်ယူခဲ့သူပါ။

ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်၊ အတိုက်အခံခေါင်းဆောင်လည်း ဖြစ်တဲ့ ရာနီလ် ဝခ်ခရပ်မက်ဆင်ဂ် ကတော့ မရှုမလှ ရှုံးနိမ့်သွားခဲ့ပါတယ်။

အရင်လွှတ်တော်မှာ သူ့ပါတီက ၁၀၆ နေရာ အနိုင်ရခဲ့ပေမယ့် အခုတော့ ၁ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။

အခုတော့ အဓိက အတိုက်အခံပါတီနေရာမှာ ၁၉ ၉ ၃ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သမ္မတဟောင်း ရာနာဆင်ဟာ ပရီမဒါဆာ ရဲ့ သားဦးဆောင်တဲ့ ပါတီဖြစ်လာပါတယ်။

သီရီလင်္ကာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ရှိနေတဲ့ကြားက ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နိုင်ငံအနည်းငယ်တွေထဲက တနိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်အရေးကြောင့် ရွေးကောက်ပွဲကို နှစ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူနဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေကလည်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေး နည်းတာကို တွေ့ရပါတယ်။

လက်ရှိအချိန်ထိ အဲဒီမှာ သေဆုံး သူ ၁၁ ယောက်သာ ရှိပြီး ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းကလည်း ၂,၈၃၉ ဦး ပဲ ရှိပါတယ်။

အငြင်းပွားဖွယ် ညီအစ်ကိုတွေရဲ့ အောင်ပွဲ နောက်တခု

အန်ဘာရာစန် အက်သီရာဂျန်၊ ဘီဘီစီ တောင်အာရှရေးရာ လေ့လာသုံးသပ်သူ

ဒါဟာ ရာဂျာပက်ခ်ဆာ ညီအစ်ကိုတွေအတွက် ကြီးမားတဲ့ အောင်ပွဲတခုပါ။

သမ္မတ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရလဒ်နဲ့ အနိုင်ရပြီးတဲ့နောက် ၉ လအကြာမှာ ဂိုတာဘရာ ရာဂျာပက်ခ်ဆာ ဦးဆောင်တဲ့ သီရီလင်္ကာ လူထုရှေ့ဆောင်ပါတီက လွှတ်တော်တွင်းမှာ သုံးပုံ နှစ်ပုံအများစုနဲ့ ထပ်အနိုင်ရပါတယ်။

ဂိုတာဘရာဟာ ၂၀၀၉ ခုနှစ် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းက တမီးလ် ကျား ခွဲထွက်ရေးသမားတွေကို နှိမ်နင်းန်ိုင်ခဲ့တဲ့အတွက် လူများစုဖြစ်တဲ့ ဆင်ဟာလာ အသိုင်းအဝိုင်းကြားမှာ အတော်လေး လူကြိုက်များပါတယ်။

သူ့အစိုးရလက်ထက်မှာ တိုင်းပြည် တည်ငြိမ်လာသလို ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်ထားနိုင်တယ်ဆိုပြီး နိုင်ငံတွင်း လူအများစုက အသိအမှတ်ပြုကြပါတယ်။

ဒါပေမဲ့ ဂိုတာဘရာ ရာဂျာပက်ခ်ဆာဟာ သူနဲ့ သဘောထားမတိုက်ဆိုင်သူတွေ၊ အတိုက်အခံလုပ်သူတွေကို ပစ်မှတ်ထားတတ်ပြီး ပြည်တွင်းစစ်ကြီး ဖြစ်နေချိန် ကာလတုန်းကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

ဒီစွပ်စွဲမှုတွေအားလုံးကိုတော့ သူက ငြင်းပါတယ်။ ဒါပေမဲ့ ဒါတွေက ပျောက်ကွယ်မသွားပါဘူး။

ရွေးကောက်ပွဲမတိုင်ခင် ဆင်ဟာလာ အမျိုးသားရေးစိတ်ဓာတ်တွေ အုံကြွလာတာကလည်း သီရိလင်္ကာ လူနည်းစု အသိုင်းအဝိုင်းကို စိုးရိမ်စေခဲ့ပါတယ်။

လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အီစတာ တနင်္ဂနွေနေ့က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုနောက်ပိုင်း သူတို့အသိုင်းအဝိုင်းအပေါ် အပုတ်ချ ပြောဆိုမှုတွေ အခုအချိန်ထိ ရှိနေသေးတယ်လို့ မွတ်ဆလင် ခေါင်းဆောင်တွေက ပြောပါတယ်။

ရာဂျက်ပက်ခ်ဆာ ညီအကိုတွေ အများစုအနိုင်ရသွားတာကြောင့် သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ပိုမိုရရှိအောင်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲဖို့ လုပ်ဆောင်လာနိုင်ပါတယ်။

ဒါဟာ အပြန်အလှန် အာဏာထိန်းကျောင်းတဲ့ စနစ် (checks and balances) ပိုလုပ်ဖို့ အစပျိုးခဲ့တဲ့ ပြီးခဲ့တဲ့အရင် အစိုးရ လုပ်ဆောင်ပုံတွေနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်လာနိုင်ပါတယ်။

သဘောထားအမြင်မတူမှုတွေ၊ ဝေဖန်မှုတွေလုပ်ဖို့ နေရာ ကျဉ်းမြောင်းလာနေပြီလို့ သတိပေးလာနေခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေကတော့နိုင်ငံမှာ တဖြည်းဖြည်းနဲ့ အမိန့်အာဏာကို တသွေမတိမ်းလိုက်နာရမယ်ဆိုတဲ့ အယူဝါဒတွေ ကြီးစိုးလာနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။