နှာခေါင်းစည်း ဝတ်ခြင်းအားဖြင့် လူတွေရဲ့ ဆက်ဆံပြောဆိုမှုတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်သလား။

မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်တဲ့အတွက် သတင်းအချက်အလက် အရနိုင်ဆုံးနေရာတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်တဲ့အတွက် သတင်းအချက်အလက် အရနိုင်ဆုံးနေရာတွေဖြစ်
ရေးသားခဲ့သည်။

အခုခါ နိုင်ငံပေါင်း ၅၀ ကျော်မှာ လူအများအကြား နှာခေါင်းစည်း မဝတ်မနေရ စည်းမျဉ်း ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။

စည်းမျဉ်း မထုတ်ပြန်ထားတဲ့နိုင်ငံတွေက လူအတော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်ကနေ သူတို့ကိုယ်သူတို့ကာကွယ်ဖို့နဲ့ တခြားသူတွေကို ကာကွယ်ဖို့ နှာခေါင်းစည်းတွေ ဝတ်ကြပါတယ်။

နိုင်ငံအတော်များများ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး မဖြစ်ခင်ကတည်းက လေထုညစ်ညမ်းမှုကနေ ဒါမှမဟုတ် အအေးဒဏ်ကနေ ကာကွယ်ဖို့ နှာခေါင်းစည်းတွေ ဝတ်လေ့ ရှိကြတာပါ။

ဒါပေမဲ့ ဒီလို ဝတ်လေ့ဝတ်ထ မရှိခဲ့တဲ့ နိုင်ငံတွေက လူတချို့ကတော့ သူတို့မျက်နှာမှာ တစ်ခုခု ဖုံးထားရတာကို အတော်လေး မနေတတ် ဖြစ်နေကြပါတယ်။

"နှာခေါင်းစည်း ဝတ်ထားရတာ အသက်ရှူလို့မရဘူး" " စကားပြောရင် အသံက လုံးထွေးနေလို့ ကောင်းကောင်း ပြောလို့မရဘူး" ဆိုတဲ့ စကားတွေ သူတို့ဆီက ကြားရတတ်ပါတယ်။

ခေါင်းမြီးခြုံပုဝါက ပေးတဲ့သင်ခန်းစာ

တကယ်လို့ နှာခေါင်းစည်းကို ကျယ်ကျယ်ပြန့်ပြန့် ဝတ်လာကြရင် နားမကြားတဲ့သူတွေနဲ့ အကြားအာရုံ ပြဿနာရှိတဲ့ တခြားသူတွေအတွက် အခက်အခဲ တွေ့စရာ ဖြစ်လာနိုင်တယ်လို့ ပရဟိတအဖွဲ့တွေကလည်း သတိပေးထားပါတယ်။

ဒါပေမဲ့ ခေါင်မြီးခြုံပုဝါ နေ့စဉ်ဝတ်နေတဲ့ ကမ္ဘာတဝန်းက အမျိုးသမီး သန်းပေါင်းများစွာအတွက်တော့ စကားပြောဆို ဆက်ဆံရာမှာ အခက်အခဲပြဿနာ သိပ်မရှိကြပါဘူး။

နီဂျက်ဘ်၊ ဒါမှမဟုတ် ဘာရ်ကာတို့လို ခေါင်းမြီးခြုံပုဝါမျိုးနဲ့ နှာခေါင်းစည်းက သိသိသာသာ ကွာခြားပါတယ်။ နှာခေါင်းစည်းကို ကျန်းမာရေးအတွက် ဝတ်ကြပြီး နီဂျက်ဘ်၊ ဒါမှမဟုတ် ဘာရ်ကာတို့လို ခေါင်းမြီးခြုံပုဝါကိုတော့ ဘာသာရေး ဒါမှမဟုတ် ရိုးရာထုံးစံအရ ဝတ်လေ့ရှိတာပါ။

နှာခေါင်းစည်းနဲ့ ခေါင်းမြီးခြုံပုဝါအကြား အမျိုးအစား ကွဲပြားသလို ဝတ်ဆင်တဲ့ အဓိပ္ပာယ်ချင်းလည်း မတူကြပါဘူး။ ဒါပေမဲ့ နှစ်ခုစလုံးကတော့ မျက်နှာ အစိတ်အပိုင်းကို အကာအကွယ် ပေးပါတယ်။

ခေါင်းမြီးခြုံပုဝါ ဝတ်တဲ့ အမျိုးသမီးတွေဆီကနေ သူတို့ ဘယ်လို ကောင်းကောင်း ဆက်သွယ်စကားပြောနိုင်ကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘာသင်ခန်းစာ ယူနိုင်ပါလဲ။

နှာခေါင်းစည်းတွေဟာ တခြားသူတွေနဲ့ အပြန်အလှန် စကားပြောရာမှာ ထင်ထားသလို တကယ်ပဲ အတားအဆီး ဖြစ်စေပါလား။

."ယေဘုယျအားဖြင့် လူတွေဟာ မျက်နှာပေါ်က အစိတ်အပိုင်း တစ်ခုခုထက်စာရင် မျက်နှာတစ်ခုလုံးကို ပိုအာရုံစိုက်တတ်ကြတယ်" လို့ လူတွေအချင်းချင်း ဆက်သွယ် စကားပြောတဲ့အခါ ဘယ်လို မျက်နှာအမူအရာ ဖော်ပြလေ့ ရှိသလဲ ဆိုတဲ့အကြောင်း လေ့လာနေသူ လန်ဒန်မြို့ Royal Holloway တက္ကသိုလ်က စိတ်ပညာရှင် ရက်ဘက္ကာ ဘရူရာ က ပြောပါတယ်။

"မျက်နှာတစ်ခုလုံးကို မမြင်ရတဲ့အခါ တစ်ခုလုံး ခြုံငုံအာရုံစိုက်တဲ့ ဖြစ်စဉ်ကို ထိခိုက်စေပါတယ်"လို့ သူက ပြောပါတယ်။

ဒါဟာ ခေါင်းမြီးခြုံပုဝါ ဝတ်ဆင်လေ့ ရှိတဲ့ ဆော်ဒီအာရေဗျလူမျိုးတွေရဲ့ ရိုးရာထုံးစံမျိုးမှာတောင် မှန်နေပါတယ်။

အဲဒီမှာ အမျိုးသားတွေ၊ ကလေးတွေက ခေါင်းမြီးခြုံပုဝါ မဝတ်ကြတာကြောင့် မျက်နှာမမြင်ရဘဲ ကျွမ်းကျွမ်းကျင်ကျင် ဆက်ဆံတတ်ဖို့က လူတိုင်းအတွက် မလွယ်ပါဘူး။ ခေါင်းမြီးခြုံပုဝါ ဝတ်တဲ့ အမျိုးသမီးတွေကလည်း အမြဲဝတ်ထားတာမျိုး မဟုတ်ဘဲ အိမ်ထဲမှာ ဒါမှမဟုတ် အမျိုးသမီးတွေချည်း ရှိတဲ့အခါမျိုးတွေမှာဆို ချွတ်ထားလေ့ ရှိတာပါ။

မျက်နှာတွေကို လေ့လာရာမှာ မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျက်နှာတွေကို လေ့လာရာမှာ မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်

ဟိုးကမ္ဘာဦးကာလအစကတည်းက လူသားတွေဟာ တခြားလူတွေရဲ့ မျက်နှာအမူအရာကို လေ့လာ အကဲခတ်ရာမှာ အံ့မခန်းလောက်အောင် ကျွမ်းကျင်ကြပါတယ်။ ဒီအရည်အချင်းက ဆင့်ကဲပြောင်းလဲလာတဲ့ ဖြစ်စဉ်မှာ လူတွေအတွက် အကျိုးဖြစ်စေပါတယ်။

ဒီအကြောင်းကို ချားလ်စ် ဒါဝင်က သူ့ရဲ့ ၁၈၇၂ ခုနှစ်ထုတ် "လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ စိတ်ခံစားမှု အမူအရာအကြောင်း" "The Expression of the Emotions in Man and Animals" ဆိုတဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

မျက်နှာပေါ်က စိတ်ခံစားမှုကို ဘယ်လို အဓိပ္ပာယ်ဖော်မလဲဆိုတာကို လေ့လာခြင်းအားဖြင့် လူမှုဆက်ဆံရေးမှာ အထောက်အကူ ပြုနိုင်သလို နားလည်မှုလွဲတာကိုလည်း လျော့ပါးစေပြီး အုပ်စုဖွဲ့လုပ်ရတဲ့ လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ သဟဇာတ ဖြစ်စွာ လုပ်နိုင်အောင် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

နှုတ်နဲ့ မပြောဆိုတဲ့ ဆက်ဆံမှုမှာ မျက်နှာနဲ့ ပါးစပ် အရေးပါပုံ

မျက်နှာတွေကို လေ့လာရာမှာ မျက်လုံးနဲ့ ပါးစပ်ဟာ ခံစားမှုကို အဖော်ပြဆုံးနေရာတွေ ဖြစ်တဲ့အတွက် သတင်းအချက်အလက် အရနိုင်ဆုံးနေရာတွေဖြစ်ပါတယ်။

ဘာပြောချင်တာလဲ ဆိုတာကို သိရဖို့အတွက် မျက်လုံးနဲ့ ပါးစပ် လှုပ်ရှားမှုကို မသိစိတ်ကနေ သုံးသပ်လေ့ ရှိကြပါတယ်။

ဒါတောင်မှ ဒီအစိတ်အပိုင်း တစ်ခုချင်းစီနဲ့တင် ခံစားချက်တစ်ချို့ကို ဖော်ပြနိုင်ကြပါတယ်။ အထူးသဖြင့် ပါးစပ်နေရာက ပျော်ရွှင်မှုကို ဖော်ပြရာမှာ သိပ်ကောင်းပါတယ်။

An open mouth

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါးစပ်နေရာကို ဖုံးအုပ်ထားတာဟာ ရင်းနှီးဖိတ်ခေါ်မှုကို ပြလိုတဲ့အခါမျိုးမှာ ပြဿနာ ပေါ်လာနိုင်ပါတယ်။

ပါးစပ်နေရာကို ဖုံးအုပ်ထားတာဟာ ရင်းနှီးဖိတ်ခေါ်မှုကို ပြလိုတဲ့အခါမျိုးမှာ ပြဿနာ ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း လူနာတွေကို အနီးကပ် ကုသစောင့်ရှောက်တဲ့ ကျန်းမာရေးဝန်ထမ်း အတော်များများဟာ လူနာတွေ စိုးရိမ်စိတ် လျော့ပါးအောင် လုပ်တဲ့အနေနဲ့ အပြုံးမျက်နှာနဲ့ သူတို့ရဲ့ပုံတွေကို ဆေးရုံ ယူနီဖောင်းဝတ်စုံတွေပေါ်မှာ ချိတ်ထားလေ့ ရှိတာပါ။

ဒါပေမဲ့ မျက်နှာတစ်ခုလုံးကိုပဲဖြစ်ဖြစ် တစ်စိတ်တစ်ပိုင်းကိုပဲဖြစ်ဖြစ် အားထားတာဟာ အထင်မှားစရာ ဖြစ်စေနိုင်တယ်လို့ အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်က လျှပ်စစ်နဲ့ ကွန်ပြူတာ အင်ဂျင်နီယာ ပါမောက္ခ အဲလက်စ် မာတီနက်ဇ်က သတိပေးပါတယ်။

ဘယ်အချိန်မှာ အပြုံးက အထင်မှားစရာ ဖြစ်စေသလဲ

မာတီနက်ဇ်ဟာ မျက်နှာဖော်ပြမှုကို လူတွေ ဘယ်လို အဓိပ္ပါယ်ဖော်သလဲဆိုတာကို ကွန်ပျူတာစက်တွေကို သင်ပေးဖို့အတွက် လေ့လာနေတာပါ။

ပြုံးပြဖို့အတွက် ပျော်နေစရာ မလိုပါဘူး။ ပျော်နေတိုင်းလည်း အမြဲပြုံးမနေပါဘူး လို့ သူက ထောက်ပြပါတယ်။

တကယ်တန်းမှာ အပြုံးအမျိုးအစား ၁၉ မျိုး ရှိပြီး အဲဒီထဲမှာ ၆ မျိုးကပဲ ပျော်ရွှင်မှု၊ ကျေနပ်အားရမှု ခံစားချက်တွေနဲ့ ဆက်နွှယ်နေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ကျန်တာတွေကတော့ ထိတ်လန့်တဲ့အခါ၊ ရှက်ကြောက်တဲ့အခါ၊ နာကျင်တဲ့အခါနဲ့ တခြားအချိန်မျိုးတွေမှာ ပြုံးလေ့ ရှိတာပါ။

မျက်နှာပိုင်း ဖော်ပြမှုကို မှန်ကန်စွာ အနက်ဖော်နိုင်တဲ့ အဓိက သော့ချက်ကတော့ ကိုယ်ခန္ဓာ အနေအထား၊ ကိုယ်ခန္ဓာ လှုပ်ရှားမှုနဲ့ အခြေအနေကို လေ့လာသုံးသပ်ဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တချို့ အခြေအနေတွေမှာ မျက်နှာတွေဟာ နောက်ခံ စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်စွမ်း နည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တချို့ အခြေအနေတွေမှာ မျက်နှာတွေဟာ နောက်ခံ စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်စွမ်း နည်း

သူဆိုလိုချင်တဲ့ အချက်ကို သရုပ်ပြဖို့အတွက် မစ္စတာ မာတီနက်ဇ် က ဖြတ်တောက်ထားတဲ့ ပုံ နှစ်ပုံကို ဥပမာ ပြပါတယ်။ ပထမပုံက အမျိုးသမီးငယ်တစ်ဦး မျက်မှောင်ကြုတ်ထားပြီး သူ့မျက်လုံးထဲ ကနေ မျက်ရည်တွေ စီးကျနေတဲ့ ပုံပါ။ ဒုတိယပုံကတော့ နဖူးရေတွန့်၊ မျက်နှာကြီးရဲနေတဲ့ အမျိုးသားတစ်ဦး ပါးစပ်ကြီးဟပြီး အော်ဟစ်တော့မယ့် ပုံပါ။

အမျိုးသမီးက အရမ်း ဝမ်းနည်းနေပုံ ရပြီး အမျိုးသားကတော့ တစ်ယောက်ယောက်ကို သတ်တော့မယ့်ပုံနဲ့ တူတယ်လို့ မစ္စတာ မာတီနက်ဇ် က ပြောပါတယ်။ ဒါပေမဲ့ ပုံတွေကို ပုံကြီးချဲ့ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီပုံတွေဟာ ဘောလုံး ဂိုးသွင်းသွားလို့ ဝမ်းသာအားရ ကျေနပ်နေတဲ့ ဘောလုံးပရိသတ် အမျိုးသမီးနဲ့ ဘောလုံးဂိုးသွင်းလိုက်နိုင်လို့ ပျော်ရွှင်မြူးတူးနေတဲ့ ဘောလုံးသမားရဲ့ ပုံတွေ ဖြစ်နေတာ တွေ့ရမှာပါ။

ဒါပေမဲ့လည်း ဒီပုံတွေဟာ ခံစားချက် တရားလွန် ပြင်းထန်တဲ့ အခြေအနေ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ မျက်နှာတွေဟာ နောက်ခံ စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်စွမ်း နည်းပါးတဲ့ ခန့်မှန်းချက်စံ ဖြစ်နေတတ်ပါတယ်။

သာမန် အခြေအနေမျိုးမှာတော့ မျက်နှာ အမူအရာ ဖော်ပြချက်တွေဟာ သတင်းစကားနဲ့ ရည်ရွယ်ချက်ကို သိအောင် လုပ်ပြတဲ့ လက်ဟန်ခြေဟန်၊ ကိုယ်အမူအရာ၊ စကားလုံး၊ အသံအတိုးအကျယ်၊ အသံအနေအထား နဲ့ မျက်နှာ အရောင် အပါအဝင် သဲလွန်စတွေ စုပေါင်းထားတဲ့ အထဲက တစ်ခု ဖြစ်ပါတယ်။

"တခြားသဲလွန်စတွေကို သိရင် ရပါပြီ၊ နှာခေါင်းစည်း တပ်ထားတာပဲဖြစ်ဖြစ်၊ မျက်နှာပဲဖုံးထားထား၊ ပါးစပ်က ဖွင့်မပြောလည်း ကိုယ်ဘာပြောချင်တာလဲဆိုတာ တခြားသူတွေက နားလည်နိုင်ပါတယ်"

ဒီအချက်က မှန်တယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် စိတ်ပညာရှင် ဆမား အယ်လ် ဇယာ က ဆော်ဒီအာရေဗျမှာ သူနေခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ပြောပြပါတယ်။

သူကိုယ်တိုင်က ခေါင်းမြီးမခြုံပေမဲ့ သူ့အဒေါ် အတော်များများနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ခေါင်းမြီးခြုံကြပါတယ်။

"သိပ်မခက်လှပါဘူး။ လုပ်နေကျတော့ မဟုတ်ဘူးပေါ့။ သူတို့နဲ့ မျက်စိကို ပိုအကဲခတ်တယ်။ သူတို့ရဲ့ အသံအနေအထားနဲ့လက်ဟန်ခြေဟန်ကို ပိုအာရုံစိုက် လေ့လာတယ်" လို့ အယ်လ် ဇယာ က ပြန်ပြောပြပါတယ်။

မျက်နှာဖုံးထားသူတွေမှာတင် သူတို့ပြောချင်တာကို တစ်ဖက်က သိအောင် လုပ်ပေးဖို့ တာဝန်ရှိတာ မဟုတ်ပါဘူး။ နားထောင်တဲ့သူဘက်ကလည်း လိုတာကို လိုက်ညှိလို့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျက်နှာဖုံးထားသူတွေမှာတင် သူတို့ပြောချင်တာကို တစ်ဖက်က သိအောင် လုပ်ပေးဖို့ တာဝန်ရှိတာ မဟုတ်ပါဘူး။ နားထောင်တဲ့သူဘက်ကလည်း လိုတာကို လိုက်ညှိလို့ရပါတယ်။

ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီမြို့က အသက် ၃၄ နှစ်အရွယ် ခေါင်းမြီးခြုံ အိမ်ရှင်မ မာရီယာ အလီ ကလည်း ဒီအချက်ကို သဘောတူပါတယ်။

တခြား ခေါင်းမြီးခြုံအမျိုးသမီးတွေနဲ့ ဆက်ဆံတဲ့အခါမှာ တစ်ခါမှ မတွေ့ဖူးတဲ့ သူစိမ်း အမျိုးသမီးဆိုရင်တောင် သူတစ်ခါမှ အခက်အခဲ မတွေ့ခဲ့ဖူးဘူးလို့ ပြောပြပါတယ်။ လက်ဟန်ခြေဟန်၊ အသံနဲ့တင် သူတို့ ပြောချင်တာကို နားလည်နိုင်တယ်လို့ ဆိုပါတယ်။

အလီနဲ့ အယ်လ် ဇယာ တို့ရဲ့ အတွေ့အကြုံတွေအရ နှာခေါင်းစည်း ဝတ်ထားသူ ဒါမှမဟုတ် မျက်နှာဖုံးထားသူတွေမှာတင် သူတို့ပြောချင်တာကို တစ်ဖက်က သိအောင် လုပ်ပေးဖို့ တာဝန်ရှိတာ မဟုတ်ပါဘူး။ နားထောင်တဲ့သူဘက်ကလည်း လိုတာကို လိုက်ညှိလို့ရပါတယ်။

"ကျွန်မဆိုရင် ခေါင်းမြီးခြုံပုဝါ ဆောင်းထားရင် အသံကို မြှင့်ပြီး ပြောတတ်လာတယ်" လို့ ဂျော်ဂျီယာပြည်နယ် အက်တလန်တာမြို့နားမှာ နေတဲ့ ကောလိပ်ကျောင်းသူ မာရီယမ် ဇဖာက ပြောပြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ သူဝါလ်မြို့မှာနေတဲ့ အသက် ၂၃နှစ်အရွယ် မာဂျန်း အလီကတော့ ခေါင်းမြီးခြုံပုဝါ ဆောင်းထားတဲ့အခါမျိုးမှာ သူ့ရဲ့ မျက်နှာ အမူအရာက တစ်မျိုးဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။ အဲဒီအခါမျိုးမှာ သူ့မျက်ခုံးကို ပင့်ပြီး ပြောတတ်လာတာကို သတိထားမိတယ် လို့ သူက ပြောပြပါတယ်။

နှာခေါင်းစည်း ဒါမှမဟုတ် ခေါင်းမြီးခြုံပုဝါ ဝတ်ထားရင်တောင် မျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်စိကနေလည်း စိတ်ခံစားချက်ကို သိသိသာသာ ဖော်ပြနိုင်ပါတယ်။

"မျက်စိဟာ စိတ်ဝိညာဉ်ရဲ့ ပြတင်းပေါက် ဖြစ်တယ်"လို့ နာမည်ကျော် စာရေးဆရာကြီး ရှိတ်စပီးယားကတောင် ဖွဲ့ဆိုခဲ့ဖူးပါတယ်။

ရှိတ်စပီးယား ပုံတူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျက်စိဟာ စိတ်ဝိညာဉ်ရဲ့ ပြတင်းပေါက် ဖြစ်တယ်"လို့ နာမည်ကျော် စာရေးဆရာကြီး ရှိတ်စပီးယားကတောင် ဖွဲ့ဆိုခဲ့ဖူးပါတယ်။

စိတ်ပညာရှင်တွေကတော့ လူတွေဟာ စိတ်ရဲ့သီအိုရီလို့ ဆိုကြတဲ့ မျက်စိနေရာကို ကြည့်ပြီး ခံစားချက်၊ ယုံကြည်မှု၊ လိုအင်ဆန္ဒ၊ ရည်ရွယ်ချက် စသဖြင့် စိတ်အခြေအနေကို အကဲခတ် ကောက်ချက်ချတတ်ကြတယ်လို့ ဆိုပါတယ်။

လူတစ်ယောက်မှာ အော်တစ်ဇင်၊ အက်စ်စ်ပါဂျာ ဆင်ဒရုန်း၊ စိတ်တက်လွယ်ကျလွယ်ရောဂါ ဒါမှမဟုတ် တခြား အာရုံကြောတိုးတက်မှု ချို့ယွင်းတဲ့ ရောဂါတွေ ရှိမရှိ ဆိုတာ မျက်စိကနေပဲ အကဲခတ်လေ့ ရှိကြတာပါ။

အားလုံးသုံးနိုင်တဲ့ နှာခေါင်းစည်း ဖန်တီး

အကြားအာရုံ ချို့ယွင်းနေသူတွေအတွက်တော့ ပါးစပ်ဖုံးထားတာဟာ အဓိက အတားအဆီးကြီး ဖြစ်နေဆဲပါ။ ကမ္ဘာ့လူဦးရေရဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်းဟာ အကြားအာရုံ ချို့ယွင်းနေသူတွေ ဖြစ်ပြီး ပါးစပ်နဲ့ မျက်နှာ အရိပ်အကဲကနေ အဓိပ္ပာယ်ဖော်မှုဟာ ဆွံ့အနားမကြား သင်္ကေတ သုံးသူတွေအတွက်တောင် အရေးပါတဲ့ ဆက်သွယ်ရေး အစိတ်အပိုင်း တစ်ခု ဖြစ်နေနိုင်ပါတယ်။

အကြားအာရုံ ချို့ယွင်းသူတွေ နှာခေါင်းစည်းကြောင့် ကြုံရတဲ့ ဒီလိုပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံတချို့မှာ ပရဟိတအဖွဲ့တွေက ပါးစပ်ကို ဖောက်ထွင်း မြင်နိုင်တဲ့ နှာခေါင်းစည်းတွေ ချုပ်ပေးခဲ့ကြပါတယ်။

လူထုသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ ဆိုင်ကောင်တာတွေမှာ အလုပ်လုပ်တဲ့ အကြားအာရုံ ချို့ယွင်းသူ ဝန်ထမ်းတွေကို ဒီလို နှာခေါင်းစည်းတွေ ပေးခြင်းအားဖြင့် သူတို့ ဖယ်ကျဉ်မခံရအောင် ကာကွယ်နိုင်မယ်လို့ ပဟိတအဖွဲ့တွေက ယူဆနေကြပါတယ်။

ဖောက်ထွင်း မြင်နိုင်တဲ့ နှာခေါင်းစည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတစ်ချို့မှာ ပရဟိတအဖွဲ့တွေက ပါးစပ်ကို ဖောက်ထွင်း မြင်နိုင်တဲ့ နှာခေါင်းစည်းတွေ ချုပ်ပေးခဲ့ကြပါတယ်

နှာခေါင်းစည်း ဝတ်ထားတဲ့အတွက် တစ်ခါတလေ ကိုယ်စကားပြော ဆက်ဆံနေသူနဲ့ ကိုယ့်အကြား ခန္ဓာကိုယ် အတားအဆီးတစ်ခု ခြားထားသလို ခံစားမိတတ်ပါတယ်။

အထူးသဖြင့် ဆိုင်မှာ တွေ့လို့ လှမ်းစကားပြောတာမျိုးထက် အလေးအနက် ဆွေးနွေး ပြောဆိုတဲ့အခါမျိုးမှာ အဲဒီလို ပို ခံစားရတတ်တယ်လို့ ယော့ခ် တက္ကသိုလ်က လူမှုဗေဒပညာရှင် ဟယ်ရစ်စ် အလီက ပြောပါတယ်။

"အဲဒီလိုအခါမျိုးမှာ မစဉ်းစားမိဘဲ နှာခေါင်းစည်း ချွတ်ပြီး စကားပြောလိုက်မိမလို ဖြစ်တတ်လေ့ ရှိပါတယ်"

"ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှာခေါင်းစည်းမချွတ်သင့်တဲ့အခါမျိုးမှာ ပိုဆိုးတတ်ပါတယ်"

သာမန်အချိန် ခေါင်းမြီးခြုံပုဝါ ဝတ်သူအမျိုးသမီးတွေကတော့ ပိုသက်တောင့်သက်သာ ရှိတဲ့အတွက် ဒီလို မဖြစ်ကြပါဘူး။

နှာခေါင်းစည်း ဝတ်တာနဲ့ ခေါင်းမြီးခြုံပုဝါ ဆောင်းတာကို နှိုင်းယှဉ်ကြည့်ရင် ၁၀၀ ရာခိုင်နှုန်း ကွာခြားတာ တွေ့ရမယ်လို့ မာဂျန်း အလီ က ပြောပါတယ်။

ခေါင်းမြီးခြုံပုဝါကတော့ နှာခေါင်းပေါ်မှာ အဝတ်ပါးနဲ့ စည်းထားပေမဲ့ မေးစေ့နဲ့ မေးရိုးနေရာမှာ ခပ်ချောင်ချောင် လွှားထားလေ့ရှိတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခေါင်းမြီးခြုံပုဝါကတော့ နှာခေါင်းပေါ်မှာ အဝတ်ပါးနဲ့ စည်းထားပေမဲ့ မေးစေ့နဲ့ မေးရိုးနေရာမှာ ခပ်ချောင်ချောင် လွှားထားလေ့ရှိတာပါ။

နှာခေါင်းစည်းတွေကို အဝတ်စတွေ၊ polypropylene ပလတ်စတစ်စလွှာတွေနဲ့ အထပ်ထပ် ချုပ်လေ့ ရှိပြီး နှာခေါင်းနဲ့ ပါးစပ်ပေါ်မှာ အလုံ ပိတ်ကာထားတာပါ။ ခေါင်းမြီးခြုံပုဝါကတော့ နှာခေါင်းပေါ်မှာ အဝတ်ပါးနဲ့ စည်းထားပေမဲ့ မေးစေ့နဲ့ မေးရိုးနေရာမှာ ခပ်ချောင်ချောင် လွှားထားလေ့ရှိတာပါ။

နှာခေါင်းစည်းဝတ်တာနဲ့ ခေါင်းမြီးခြုံတာက အတော့်ကို ကွာတယ်လို့ အလီက ပြောပါတယ်။

"နှာခေါင်းစည်း ဝတ်ထားရင် မျက်နှာက အရမ်းပူအိုက်လာတယ်။ ခေါင်းမြီးခြုံရင်တော့ အဲဒီလို မဖြစ်ဘူး"

အသုံးဝင်တဲ့ အကြံပေးချက်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးက ဆက်ဖြစ်နေဆဲမို့ လတ်တလော အခြေအနေမှာ နှာခေါင်းစည်းတွေ ဖြုတ်ရမယ့်ပုံ သိပ်မတွေ့ရသေးပါဘူး။ ဒီတော့ လက်တွေ့ကျကျ စဉ်းစားပြီး လိုက်လျောညီထွေ ဖြစ်အောင် လေ့လာသင်ယူကြဖို့ လိုပါတယ်။

အခက်အခဲတွေ့တဲ့အခါမျိုးမှာ လုပ်သင့်တဲ့ အချက်တချို့ကို စိတ်ပညာရှင် အယ်လ် ဇယာ အကြံပြုထားတာက "စကားပြောဆို ဆက်ဆံမှု အများကြီး ပိုလုပ်ပေးပါ။ ခါတိုင်းထက် ပိုစကားပြောပါ။ မေးခွန်းတွေ ပိုမေးပါ။ တခြားသူရဲ့ စိတ်ခံစားချက်ကို မှန်မှန်ကန်ကန် အဓိပ္ပာယ် ကောက်နိုင်အောင် လုပ်ပါ"

"ကိုယ့်ရဲ့ တခြားစိတ်အာရုံနဲ့ ကိုယ်ခန္ဓာအမူအယာကို ဘယ်လို အသုံးချရမလဲဆိုတာကို လေ့လာ သင်ယူပါ"