ထရမ့်ရဲ့ မီဒီယာကို တိုက်ခိုက်မှုနဲ့အတူ အမေရိကန်မီဒီယာ လွတ်လပ်မှုပါ ထိပါးလာပြီလား

ဓာတ်ပုံ ရင်းမြစ်, REUTERS
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခန့်အပ်လိုက်တဲ့ နိုင်ငံတကာမီဒီယာဆိုင်ရာ အမေရိကန်ဌာန USAGM ရဲ့ အမှုဆောင် အရာရှိချုပ်သစ် မိုက်ကယ်ပက်ဟာ ဌာနအတွင်းက သတင်းဌာန သုံးခုရဲ့ အကြီးအကဲတွေကို အလုပ်ဖြုတ်လိုက်တဲ့အတွက် အမေရိကန် သတင်းမီဒီယာရဲ့ အမှီအခိုကင်းမှု အပေါ် စိုးရိမ်လာကြပါတယ်။
အမေရိကန်ပြည်သူတွေရဲ့ အခွန်ထမ်းဝင်ငွေနဲ့ လည်ပတ်တဲ့ အဲဒီ USAGM ဌာနဟာ အမေရိက အသံ VOA၊ လွတ်လပ်သော အာရှအသံ RFA၊ လွတ်လပ်သော ဥရောပအသံ RFE၊ အရှေ့အလယ်ပိုင်း အသံလွှင့် ကွန်ရက် MBN နဲ့ ရေဒီယိုတယ်လီဗီးရှင်း မာတီ (ကျူးဘားရုံး သတင်းဌာန) တို့ကို အုပ်ချုပ်တဲ့ ဌာန ဖြစ်ပါတယ်။
အခုလို အလုပ်ဖြုတ်ခံရသူတွေကတော့ RFA အကြီးအကဲ ဘေးဖန်း၊ RFE အကြီးအကဲ ဂျေမီ ဖလိုင်းနဲ့ MBN အကြီးအကဲ အယ်လ်ဘာတို ဖာနန်းဒက်စ်တို့ ဖြစ်ပြီး VOA ဒါရိုက်တာနဲ့ လက်ထောက်ဒါရိုက်တာတို့ဖြစ်တဲ့ အမန်ဒါ ဘန်းနက်နဲ့ ဆန်ဒီ ဆူဂါဝါရာ တို့ကလည်း မိုက်ကယ်ပက် ရာထူး အတည်ဖြစ်ပြီး မကြာခင်မှာပဲ နုတ်ထွက်သွားကြပါတယ်။
အခုလို နုတ်ထွက်သွားတဲ့ VOA ဒါရိုက်တာနဲ့ လက်ထောက် ဒါရိုက်တာတို့ဟာ သူတို့ရဲ့ အယ်ဒီတာ လွတ်လပ်ခွင့် ထိပါးလာနိုင်တဲ့အတွက် နုတ်ထွက်ရတာ ဖြစ်တယ်လို့ ဝန်ထမ်းတွေကို ပြောဆိုသွားခဲ့ပါတယ်။
ထိပ်ပိုင်းအကြီးအကဲတွေသာမက ဝါရင့် အကြံပေးတွေကိုလည်း အစားထိုးခဲ့
အခုလို အထုတ်ခံရတဲ့အထဲက RFE နဲ့ MBN အကြီးအကဲတွေ ဖြစ်တဲ့ ဂျေမီ ဖလိုင်းနဲ့ အယ်ဘာတို ဖာနန်ဒက်စ်တို့ဟာ မစ္စတာ ထရမ့် လက်ထက်ရောက်မှာ အကြီးအကဲ ဖြစ်လာသူတွေလည်း ဖြစ်ပါတယ်။
မစ္စတာ ဖလိုင်းဟာ ရီပတ်ဘလီကန်အမတ် မာကို ရူဘီယိုရဲ့ အကြံပေးဟောင်းတစ်ဦးဖြစ်ပြီး မစ္စတာ ဖာနန်ဒက်စ်ကတော့ သံတမန်ဟောင်းတစ်ဦးဖြစ်ပါတယ်။
USAGM အတွင်းက အထုတ်ခံရသူတွေထဲမှာ သတင်းဌာန သုံးခုရဲ့ အကြီးအကဲတွေ အပြင် ဌာနခွဲတစ်ခုဖြစ်တဲ့ နိုင်ငံတကာ အင်တာနက် လွတ်လပ်ခွင့် နည်းပညာ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ OTF ရဲ့ ဥက္ကဋ္ဌလည်း ပါဝင်ပြီး၊ USAGMရဲ့ အုပ်ချုပ်သူအဖွဲ့အတွင်းက ဝါရင့် အကြံပေး အဖွဲ့ဝင်တွေကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။
မိုက်ကယ်ပက်ဟာ ရှေးရိုးစွဲဝါဒီ ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးဖြစ်ပြီး ယခင် အမေရိကန် အိမ်ဖြူတော် အကြံပေးဟောင်း စတိဗ် ဘန်နွန်နဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။
အခုလို ကွန်ရက်တွေရဲ့ အကြီးအကဲတွေကို ထုတ်ပယ်မှုမှာ ဘာ့ကြောင့် ထုတ်ရသလဲ ဆိုတာကို မိုက်ကယ်ပက်က အများပြည်သူကို မထုတ်ပြန်ခဲ့ဘဲ ခေါင်းဆောင်သစ်တိုင်းက လုပ်လေ့ရှိတဲ့ အသွင်ကူးပြောင်းရေး ခြေလှမ်း လှမ်းလိုက်တာသာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
အခုလို ထုတ်ပယ်အပြီးမှာ ဌာနရဲ့ အမှီအခိုကင်းမှုကို ဆက်ပြီး ထိန်းသိမ်းသွားမယ်ဆိုတဲ့ အီးမေးကိုလည်း ဝန်ထမ်းတွေကို ပို့ခဲ့ပြီး ဝန်ထမ်းတွေကို စကားပြောရာမှာတော့ အသစ်ခန့်လိုက်တဲ့ အကြီးအကဲတွေရဲ့ အတည်ပြုချက်မရဘဲ ပြင်ပ အဖွဲ့အစည်းတွေနဲ့ အဆက်အဆံ မလုပ်ဖို့အပါအဝင် အတည်ပြုချက်မရဘဲ ဘာမှ မလုပ်ဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
ဒီမိုကရက် ဘက်သာမက ရီပတ်ဘလီကန် ဘက်ကပါ ဝေဖန်မှုရှိနေ
မိုက်ကယ်ပက်က အခုလို ထုတ်လိုက်တဲ့သူတွေရဲ့ နေရာမှာ အမေရိကန်သမ္မတ ထရမ့်အပေါ် သစ္စာရှိတယ်လို့ ယူဆရတဲ့သူတွေကို ခန့်အပ်လိုက်တဲ့အတွက်လည်း USAGM ရဲ့ သတင်းကွန်ရက်တွေက ထရမ့်ရဲ့ နိုင်ငံရေးအတွက် အသုံးချခံ ဖြစ်လာမှာကို စိုးရိမ်နေကြပြီး အဲဒီထုတ်ပယ်မှုတွေကို လစ်ဘရယ်ဝါဒီတွေ ဘက်ကရော ရှေးရိုးစွဲဝါဒီ တချို့ကပါ ဝေဖန်ခဲ့ကြပါတယ်။
CNBC သတင်းဌာနရဲ့ အပြောအရ မစ္စတာ ပက် ဟာ ယခင် မစ္စတာ ထရမ့် လက်အောက်မှာ လုပ်ခဲ့ဖူးတဲ့ တရားရေး၊ ပြည်ထဲရေးနဲ့ ရန်ပုံငွေ ကြီးကြပ်ရေး အပိုင်းက အရာရှိဟောင်းတွေကို USAGM အတွင်းက ထိပ်ပိုင်း ရာထူးတွေမှာ ခန့်အပ်ခဲ့ပြီး ဒီလို ခန့်အပ်ခံရသူတွေဟာ အမေရိကန် ရှေးရိုးစွဲဝါဒီ အဖွဲ့အစည်းတွေလည်း ဆက်စပ်မှု ရှိသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် RFA ဘုတ်အဖွဲ့အတွင်းမှာ နေရာရလာတဲ့ ဂျော်နသန် အလက်ဇန်းဒရေးဟာ Liberty Counsel ဆိုတဲ့ အဖွဲ့မှာ မူဝါဒ ဒါရိုက်တာ တစ်ဦးဖြစ်နေတာကို ဒီမိုကရက်တွေဘက်က အဓိက စိုးရိမ်ကြပြီး အဲဒီ အဖွဲ့ဟာ လိင်တူလိင်ကွဲ အခွင့်အရေးတွေကို ဆန့်ကျင် အမုန်းပွားတဲ့ အဖွဲ့ဖြစ်တယ် ဆိုပြီး အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Southern Poverty Law Center က သတ်မှတ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေး ကော်မတီက ဒီမိုကရက် အမတ် ဘော့ မန်နန်းဒက်စ်ကလည်း ဒီလို သတင်းကွန်ရက် အကြီးအကဲတွေကို အစုလိုက် အပြုံလိုက် ဖြုတ်တာဟာ ဒီအဖွဲ့အစည်းရဲ့ သမိုင်းကြောင်းနဲ့ ရည်မှန်းချက်တွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်တာပဲလို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့် ဦးဆောင်တဲ့ အစိုးရ ဒီလိုလုပ်လာတာ ပထမဆုံး မဟုတ်တော့သလို နောက်ထပ်လည်း လုပ်လာနိုင်သေးပြီး ဒီအစိုးရဟာ ဒီမိုကရေစီ စံနှုန်းတွေအပေါ် မူတည်ပြီး တည်ဆောက်ထားတဲ့ အမေရိကန်အဖွဲ့အစည်းတွေကို သမ္မတ အကျိုးအတွက် အသုံးချစရာလို ပုံစံ ပြောင်းနေတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အောက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် အဲလိယပ် အန်ဂယ်နဲ့ အစိုးရရန်ပုံငွေ ချထားရေး ကော်မတီ ဥက္ကဋ္ဌ နီတာ လိုဝီတို့ကလည်း မစ္စတာ ပက်ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်ပါတဲ့ ရုတ်တရက် ထင်သလို လုပ်ဆောင်မှုတွေအပေါ် ဒေါသထွက်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရီပတ်ဘလီကန် တစ်ဦးဖြစ်တဲ့ ယခင် နိုင်ငံတော် လုံခြုံရေး အကြံပေးဟောင်း ဝမ် ဇရားတေးကလည်း မစ္စတာ ဖလိုင်းနဲ့ မစ္စတာ ဖာနန်းဒက်စ်တို့ကို ထုတ်ပယ်မှု အပေါ် နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SPENCER PLATT/GETTY IMAGES
စာနယ်ဇင်းသမားတွေဟာ ပြည်သူတွေရဲ့ ရန်သူဆိုတဲ့ ထရမ့်
အမေရိကန်သမ္မတ ထရမ့် ကိုယ်တိုင်ကလည်း USAGM ရဲ့ သတင်းကွန်ရက်တစ်ခုဖြစ်တဲ့ VOA ရဲ့ သတင်းတင်ဆက်မှုတွေဟာ “စက်ဆုပ်စရာကောင်းပြီး” တရုတ်ကို မျက်နှာသာပေးတဲ့ “ဝါဒဖြန့်မှုတွေ” လုပ်နေတယ်လို့ မကြာသေးခင်က ဝေဖန်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မီဒီယာတွေ အပေါ် တိုက်ခိုက်ပြောဆိုမှုဟာ အခု လတ်တလောမှ ဖြစ်လာတာ မဟုတ်ဘဲ သူ့သက်တမ်း တစ်လျှောက် နှစ်နဲ့ချီပြီး ရှိလာပြီ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် သြဂုတ်လမှာ သူ တွစ်တာမှာ ပြောဆိုလိုက်တဲ့ “သတင်းမှားပေးတဲ့ မီဒီယာတွေဟာ အတိုက်အခံပါတီဘက်က ဖြစ်ပြီး ဒီစာနယ်ဇင်းသမားတွေဟာ ပြည်သူတွေရဲ့ ရန်သူ ဖြစ်တယ်” ဆိုပြီး ပြောကြားမှုမှာတော့ သတင်းဌာန ၃၀၀ ကျော်က သူ့ကို တန်ပြန် ပြောဆိုဖို့ ဆုံးဖြတ်ခဲ့ကြပြီး မစ္စတာ ထရမ့်ရဲ့ ပြောဆိုမှုကို ဝေဖန်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ခေါင်းကြီးပိုင်းတွေကို တစ်ပြိုင်နက် လိုလို ရေးသားခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အဲဒီ တစ်နှစ်တည်းမှာပဲ နှစ်လအကြာ ၂၀၁၈ နိုဝင်ဘာလမှာ CNN သတင်းဌာန သတင်းထောက် ဂျင် အကော်စတာနဲ့ မစ္စတာ ထရမ့်တို့ စကားများကြအပြီး အိမ်ဖြူတော်က အဲဒီ သတင်းထောက်ကို စာနယ်ဇင်းသမားအဖြစ် အသိအမှတ်ပြုမှု ရုပ်သိမ်းခဲ့ပါတယ်။
CNN ကလည်း အိမ်ဖြူတော်ကို သတင်းလွတ်လပ်ခွင့်အတွက် တရားစွဲခဲ့ပြီး အခြား အမေရိကန် သတင်းဌာနတွေကလည်း ဂျင် အကော်စတာကို စာနယ်ဇင်းသမားအဖြစ် ပြန်လည် အသိအမှတ် ပြုဖို့တောင်းဆိုခဲ့ကြတဲ့အတွက် အိမ်ဖြူတော်ဘက်က နှစ်ပတ်အတွင်း ပြန်လည် အသိအမှတ်ပြုပေးခဲ့ရပါတယ်။
အခုလို မီဒီယာအပေါ် တိုက်ရိုက် တိုက်ခိုက်မှုတွေဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် တစ်ဦးတည်းကသာ မဟုတ်ဘဲ သူခန့်ထားတဲ့ ရာထူးကြီး ယူထားသူတွေပါ ပါဝင်လာပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကဆိုရင် အိမ်ဖြူတော် ယာယီ အကြီးအကဲ မစ်ခ် မယ်ဗနီက မီဒီယာတွေဟာ ကိုရိုနာဗိုင်းရပ်စ်အရေးကို လူအများ စိုးရိမ်ထိတ်လန့်အောင် ဖော်ပြခြင်းအားဖြင့် မစ္စတာ ထရမ့် သမ္မတ အဖြစ်က ပြုတ်ကျအောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
USAGM ဖွဲ့စည်းပုံ
လက်ရှိအချိန်မှာ USAGM ရဲ့ သတင်းကွန်ရက်တွေရဲ့ နိုင်ငံတကာ ပရိသတ် သန်း ၂၈၀ ကျော်ရှိနေပြီး ၁၉၄၂ ခုနှစ်မှာ နာဇီဝါဒဖြန့်မှုနဲ့ ဂျပန်ဝါဒဖြန့်မှုတွေကို တန်ပြန်ဖို့ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းကွန်ရက်တွေဟာ ဘာသာစကား ၆၁ မျိုးနဲ့ နိုင်ငံပေါင်း ၁၀၀ ကို ဦးတည် ထုတ်လွှင့်နေတာဖြစ်ပြီး VOA ကတော့ အစောဆုံး ဖွဲ့စည်းတဲ့ အဖွဲ့ထဲက တစ်ဖွဲ့ဖြစ်ပါတယ်။
VOA ရဲ့ ပထမဆုံး ထုတ်လွှတ်မှုကို BBC ဆီက လွှင့်စက်ငှားပြီး ထုတ်လွှင့်ခဲ့ရာမှာ ပထမဆုံး အဖွင့်စကားကို စာနယ်ဇင်းသမား ဝီလျံ ဟာလန်ဟေးလ်က ပြောကြားခဲ့ရာမှာ
“ဒီကနေ့ကစလို့ နေ့စဉ် ကျွန်တော်တို့က အမေရိကန်အကြောင်းနဲ့ ဖြစ်နေတဲ့ စစ်ပွဲအကြောင်းကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ သတင်းတွေက ကျွန်တော်တို့အတွက် သတင်းကောင်း ဖြစ်ချင်ဖြစ်မယ်၊ သတင်းဆိုး ဖြစ်ချင် ဖြစ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့က မှန်ကန်တဲ့ သတင်းတွေ လွှင့်သွားမယ်” လို့ ဆိုခဲ့ပါတယ်။
RFE ကိုတော့ ၁၉၄၉ မှာ စတင်ထူထောင်ခဲ့ပြီး အဲဒီကာလက ဂျာမနီနိုင်ငံ ဘာလင်မြို့ရဲ့ အမေရိကန် ထိန်းချုပ်တဲ့ဒေသက ဂျာမန်တွေအတွက် ရည်ရွယ်ထုတ်လွှင့်တဲ့ ရေဒီယိုဌာနကို အတုယူ ပုံဖော်ခဲ့တယ်လို့ ဆိုပါတယ်။
RFA ကို ၁၉၅၁မှာ စတင်ထူထောင်ခဲ့ပြီး ၁၉၉၄ အရောက်မှာ USAGM လက်အောက်က သတင်းဌာနတစ်ခု ဖြစ်လာခဲ့ပါတယ်။
ရေဒီယိုတယ်လီဗီးရှင်း မာတီ (ကျူးဘားရုံး သတင်းဌာန) ကတော့ ၁၉၈၅ ကျမှ ထူထောင်တဲ့ သတင်းကွန်ရက်ဖြစ်ပြီး MBN ကတော့ ၂၀၀၂ ခုနှစ်ကမှ ထူထောင်လိုက်တဲ့ သတင်းကွန်ရက်ဖြစ်ပါတယ်။








