ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်နိုင်တဲ့ တုပ်ကွေးပိုးသစ် တရုတ်မှာတွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မစ်ရှဲလ် ရောဘတ်စ်
- ရာထူးတာဝန်, ကျန်းမာရေး အယ်ဒီတာ၊ ဘီဘီစီ သတင်း အွန်လိုင်း
- ရေးသားခဲ့သည်။
ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးပိုးသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံမှာ ရှာတွေ့ခဲ့ပါတယ်။
ဒီပိုးက အခုတလောမှာမှ ထွက်ပေါ်လာတာ ဖြစ်ပြီး ဝက်တွေမှာ ဒီပိုးသယ်ဆောင်ထား ဖြစ်ပါတယ်။
အဲဒီပိုးက လူတွေကိုလည်း ကူးစက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အဲဒီပိုးသစ်ဟာ မျိုးဗီဇ ထပ်ပြောင်းလဲသွားနိုင်လို့ လူချင်း လွယ်လွယ်ကူကူ ကူးစက်ရာက တစ်ကမ္ဘာလုံးကူးစက်ရောဂါ ဖြစ်သွားမှာကို သုတေသနသမားတွေက စိုးရိမ်နေကြပါတယ်။
အဲဒါက ချက်ချင်းဖြစ်လာမယ့် ပြဿနာ မဟုတ်ပေမဲ့ လူတွေကို ကူးစက်နိုင်မယ့် လက္ခဏာအပြည့်ရှိလို့ အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ပြီးတော့ အဲဒီပိုးက အသစ်ဖြစ်လို့ လူတွေက ဒီပိုးကို ခုခံအား နည်းနည်းပဲရှိတာ ဒါမှမဟုတ် လုံးဝ မခုခံနိုင်တာတွေ ဖြစ်နိုင်ပါတယ်။
ဝက်တွေမှာတွေ့ရတဲ့ ပိုးကို ထိန်းချုပ်ဖို့နဲ့ ဝက်ထုတ်လုပ်ရေးက လုပ်သားတွေကို သေချာစောင့်ကြည့်တာတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ Proceedings of the National Academy of Sciences ဂျာနယ်မှာ သိပ္ပံပညာရှင်တွေက ရေးထားပါတယ်။
ကမ္ဘာ့ကူးစက်ရောဂါ ခြိမ်းခြောက်မှု
လက်ရှိ ကိုရိုနာ ကူးစက်ရောဂါကို တိုက်ဖျက်နေတုန်းမှာပဲ အခု အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးသစ်ဟာ ပညာရှင်တွေ ထိပ်ဆုံးက စောင့်ကြည့်ရတဲ့ ရောဂါခြိမ်းခြောက်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။
အခုကူးစက်မှုမတိုင်ခင် ကမ္ဘာမှာ နောက်ဆုံးကြုံခဲ့ရတဲ့ ကပ်အသွင် တုပ်ကွေးကူးစက်မှုက ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ထင်ထားထက် လူသေဆုံးမှု နည်းခဲ့ပါတယ်။
အဲဒီလို သေဆုံးမှု နည်းတာက ဒီပိုးကို အသက်ကြီးရင့်သူတွေက ခံနိုင်ရည်ရှိကြတာက အဓိက ဖြစ်တဲ့အပြင် အဲဒီပိုးက အရင်နှစ်တွေက ဖြစ်ခဲ့ဖူးတဲ့ တခြားတုပ်ကွေးပိုးတွေနဲ့ ဆင်တူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဝက်တုပ်ကွေး A/H1N1pdm09 လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကို အခုအခါမှာ နှစ်စဥ် ကာကွယ်ဆေးနဲ့ လူတွေကို ကာကွယ်ထားပါတယ်။
အခု တရုတ်မှာ အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးဟာ ၂၀၀၉ ဝက်တုပ်ကွေးနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ သူ့မှာ အပြောင်းအလဲ အသစ်တချို့တော့ ရှိပါတယ်။
အခုထိတော့ ဒီပိုးသစ်က ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိသေးပေမဲ့ စောင့်ကြည့်ရမယ့် ပိုးဖြစ်တယ်လို့ အဲဒီပိုးကို လေ့လာနေတဲ့ ပါမောက္ခ ကင်ချောင်ချန်နဲ့ အဖွဲ့က ပြောပါတယ်။
ဘယ်လောက်စိုးရိမ်သင့်လဲ
G4 EA H1N1 လို့ သုတေသီတွေက နာမည်ပေးထားတဲ့ အဲဒီပိုးသစ်က လူတွေရဲ့ အသက်ရှူလမ်းကြောင်းက ဆဲလ်တွေထဲမှာ ပြန့်ပွားနိုင်ပါတယ်။
တရုတ်က သားသတ်ရုံနဲ့ ဝက်ထုတ်လုပ်ရေးမှာ လုပ်တဲ့ လူတွေရဲ့ ၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အတွင်း အချက်အလက်တွေအရ ဒီပိုး လူတွေမှာ လတ်တလော ကူးစက်တဲ့ အထောက်အထားကို သုတေသီတွေက တွေ့ခဲ့တာပါ။
လက်ရှိ ရှိနေတဲ့ ကာကွယ်ဆေးတွေက ဒီပိုးကို ကာကွယ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ လိုအပ်လာရင် ပြောင်းထုတ်နိုင်ခြေ ရှိကောင်း ရှိနိုင်ပါတယ်။
အခုတော့ ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်စ်နဲ့ အလုပ်များနေပါတယ်။ ဒါပေမဲ့ အန္တရာယ် ဖြစ်လာနိုင်ခြေရှိတဲ့ ပိုးသစ်တွေကို မေ့မထားသင့်ဘူးလို့ ယူကေ နော်တင်ဂမ် တက္ကသိုလ်က ပါမောက္ခ ကင်ချောင်ချန်က ပြောပါတယ်။
သီအိုရီအရ တုပ်ကွေး ကပ်ရောဂါက အချိန်မရွေး ဖြစ်လာနိုင်ပေမဲ့ ဖြစ်တောင့် ဖြစ်ခဲ အခြေအနေပါ။
တုပ်ကွေးဗိုင်းရပ်စ်တွေက မျိုးဗီဇ အမြဲတမ်းပြောင်းလဲနေလို့ တုပ်ကွေးကာကွယ်ဆေးတွေကိုလည်း လိုက်ပြောင်းထုတ်နေရပေမဲ့ အများအားဖြင့် ကပ်ရောဂါအသွင်တော့ အမြဲဖြစ်လာလေ့မရှိပါဘူး။








