ဘင်္ဂလားဒေရှ်က တရားမဝင်ပြန်လာသူတစ်ရာကျော်ကို အရေးယူမယ်

နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, YE Aung Thu /AFP

ဓာတ်ပုံ ပုံစာ, နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ်နိုင်ငံထဲထွက်ပြေးတိမ်းရှောင်သွားတဲ့ မွတ်ဆလင်တွေထဲက အချို့ဟာ မြန်မာနိုင်ငံထဲကို တရားမဝင် နည်းလမ်းကနေ ပြန်လည်ဝင်ရောက်တဲ့သူတွေရှိပြီး အဲဒီသူတွေကို အရေးယူသွားမယ်လို့ လုပ်သမားလူဝင်မူ့ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌါန ဒုတိယ ဝန်ကြီးဦးမြင့်ကြိုင်ကပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့၂ နှစ်ကျော်ကာလအတွင်း လူ ၆၉၆ ဦးပြန်လည်ဝင်ရောက်လာခဲ့ကြပြီး အဲဒီထဲမှာ ၁၃၃ ဦးဟာ အစိုးရကို အသိမပေးဘဲ ဝင်ရောက်လာကြတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အချို့က သတ်မှတ်ထားတဲ့နေရာက မဝင်ဘဲ ပင်လယ်ဖြတ်ပြီး လှေနဲ့ခိုးဝင်ကြသလို အချို့က နယ်စပ်ခြံစည်းရိုးကျော်ပြီး ပြန်လာကြတာပါလို့လည်း သူကရှင်းပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်း ဘင်္ဂလားဒေရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေ ကပြန်လာသူအချို့မှာ ကိုရုိနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက်မှာ ခိုးဝင်လာသူတွေကို ဒေသခံတွေက ပိုပြီးစိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

မေ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ အမျိုးသားမှာ ပိုးတွေ့

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ဓာတ်ပုံ ပုံစာ, မေ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ အမျိုးသားမှာ ပိုးတွေ့

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူ ၇၀၀ နီးပါးထဲက အစိုးရ အသိပေးပြန်လာသူတွေကိုတော့ အရေးယူမှာ မဟုတ်ပေမဲ့ ခိုးဝင်လာသူ ၁၃၃ ဦးကို တော့ ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူမယ်လို့လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။

ကိုဗစ်နိုင်တင်းရောဂါပိုး ဘင်္ဂလားဒေရှ်နိုင်ငံမှာ ဖြစ်ပွားတဲ့ မတ်လဆန်းလောက်ကစလို့ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မွတ်ဆလင်အချို့ဟာ မြန်မာနိုင်ငံထဲခိုးပြီးပြန်ဝင်လာတဲ့သူတွေ ရှိလာတယ်လို့ လည်းမောင်တောခရိင်အုပ်ချုပ်ရေးမှူးကဘီဘီစီကိုပြောခဲ့ပါတယ်။

အဲဒီလို ခိုးဝင်လာတဲ့သူတွေကို ဒေသခံတွေက သတင်းပေးတိုင်ကြားလာတဲ့အတွက်သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ကွာရတင်းစင်တာမှာသီးသန့်ခွဲထားတာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလိုခိုးဝင်လာသူတွေထဲက အချို့ကိုစစ်ဆေးတဲ့အခါ ကိုရိုနာ ဗိုင်းရပ်စ်ဂါပိုးတွေ့ရှိသူတွေရှိလာတဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဆေးရုံတွေကိုတက်ရောက် ကုသပေးနေတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဘူးသီးတောင်မှာ တွေ့ရတဲ့ ကူးစက်ခံရသူဟာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာသူ ဖြစ်တယ်လို့ ဘူးသီးတောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။

မောင်တောဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ကိုဗစ်နိုင်တင်း စတင်ဖြစ်ပွားတဲ့ ကာလကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေဟာ တခြားသော ဒေသတွေကို တရားမဝင်သွားရောက်တဲ့အတွက် ဖမ်းဆီးခံရတာတွေလည်းရှိပါတယ်။

အဲဒီလို တရားမဝင်သွားရောက်သူတွေထဲက ဖမ်းမိသူအချို့ကို တရားဆွဲအရေးယူတာရှိသလို NVC ကဒ် ကိုင်ထားသူတွေကိုအရေးမယူဘဲ မူလနေထိုင်ခဲ့တဲ့ဒေသကို ပြန်လည်ပို့ဆောင်တာတွေရှိပါတယ်။

အခုခိုးဝင်လာတဲ့သူတွေဟာ အရေးယူခံပြီးရင်တော့ သူတို့ဟာ ဒီမှာနေထိုင်ခဲ့တဲ့ တရားဝင် အထောက်အထားတွေရှိတဲ့အတွက် သူတို့ကို ပြန်လက်ခံမှာဖြစ်တယ်လို့ လည်း ဦးမြင့်ကြိုင်ကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့ မွတ်ဆလင်တွေထဲမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ ဇွန်လ ၄ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မေလ တတိယပတ်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၈၀ခန့်ကို လှဖိုးခေါင်စခန်းမှာစောင့်ကြည့်ခဲ့

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, မေလ တတိယပတ်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၈၀ခန့်ကို လှဖိုးခေါင်စခန်းမှာစောင့်ကြည့်ခဲ့

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က တစ်ဖက်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့သူ မိသားစု ၅ ဦးရှိပြီး အဲ့ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ထန်ခါလီ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူတွေဖြစ်ကာ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာကို ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လာခဲ့သူငါးဦးတို့ကို သူတို့ရောက်ရှိနေတဲ့ ဦးရှည်ကျကျေးရွာကနေ သွားရောက်ခေါ်ယူခဲ့ပြီး လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းမှာ ကွာရန်တင်းထားရှိကာ အဲ့ဒီလူတွေဆီက တို့ဖတ်နမူနာတွေကို စစ်ဆေးတဲ့အခါမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီ ပြန်ဝင်လာသူတွေဟာ တစ်ဖက်နိုင်ငံကိုထွက်ပြေးရောက်ရှိနေရာကနေ မေလ ၃၀ ရက်နေ့မှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင် ရောက်လာခဲ့ကြတာဖြစ်ပြီး အခုလိုမျိုး ပြန်လည်ဝင်ရောက်လာခဲ့သူတွေဟာ မောင်တောမြို့နယ်အတွင်းမှာ တော်တော် များများရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်းဟာ အခုဆိုရင် ၁၁ ဦးထိရှိနေပြီဖြစ်ပါတယ်။ တောင်ပိုင်းဒေသ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်မှာ ၁ ဦး၊ မြောက်ပိုင်းဒေသ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၃ ဦးနဲ့ ပြည်နယ် မြို့တော် စစ်တွေမြို့မှာ ၁ ဦးတို့ ဖြစ်ကြပါတယ်။

ရခိုင် ပြည်နယ်မှာ လက်ရှိ အတည်ပြု ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးအနက် ၁ ဦးက ဘင်္ဂလားဒေ့ရှ်ပြန် နဲ့ ထိတွေ့မှုကတစ်ဆင့် ပြည်တွင်းမှာ ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး၊ကျန်တဲ့ ၁၀ ဦးကတော့ ပြည်ပကနေ ဝင်ရောက်လာခဲ့ကြသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။