ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂြိုဟ်တုဓာတ်ပုံတွေအရ အိန္ဒိယနယ်စပ်မှာ တရုတ်အဆောက်အအုံတွေကို တွေ့ရ
အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ရတဲ့အထိ ဒီလလယ်လောက်က ဖြစ်ခဲ့တဲ့ ဟိမဝန္တာတောင်ကြောနယ်စပ်က ရန်ပွဲဖြစ်ခဲ့ရာ နေရာနဲ့အနီးအနားမှာ တရုတ်က အဆောက်အအုံသစ်တွေ တည်ဆောက်ထားတယ်ဆိုတာကို အသစ်ထွက်လာတဲ့ ဂြိဟ်တု ဓာတ်ပုံတွေက ပြသနေပါတယ်။
အဲဒီ ဧရိယာမှာ အရင်လက ဘာမှမရှိပေမယ့် အခုထွက်လာတဲ့ ပုံအသစ်တွေအရ ကတုတ်ကျင်းတွေ၊ ရွက်ဖျင်တဲတွေ၊ အကြီးစား စစ်လက်နက် ပစ္စည်းတွေထားဖို့ နေရာတွေ တည်ဆောက်ထားတာတွေ့ရပါတယ်။
နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားရာ ရှေ့တန်းနေရာမှာ ဖြစ်ခဲ့တဲ့ အဲဒီ ရန်ပွဲက အားလုံးကို သတိရှိဖို့ အချက်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ ဒီရန်ပွဲမှာ တရုတ်ဘက်က အထိအခိုက် အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းထွက်ပေမယ့် တရားဝင်အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။
နှစ်ဖက်စကားပြောခဲ့ကြပြီး တင်းမာမှုတွေ လျှော့ချနိုင်တဲ့အချိန်မှာပဲ ဒီဓာတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အခုထွက်လာတဲ့ ဂြိုဟ်တု ဓာတ်ပုံအသစ်တွေဟာ မက်ဆာ (Maxar) အာကာသနည်းပညာကုမ္ပဏီက ဇွန်လ ၂၂ ရက်နေ့ နေ့စွဲတပ်ထားတဲ့ပုံတွေပါ။
ဇွန်လ အစောပိုင်းမှာ ရိုက်တဲ့ပုံတွေမှာတော့ ဂယ်ဝမ်မြစ်ကို အပေါ်ကစီးမြင်နေရအောင်ဆောက်ထားတဲ့ အဲဒီ တရုတ်အဆောက်အအုံတွေ မတွေ့ရဘူးလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
အိန္ဒိယ နဲ့ တရုတ်တို့ ဘယ်ဘက်ကမှ ဒီအပေါ် မှတ်ချက်ချပြောတာမရှိသေးပါဘူး။
အငြင်းပွားနေကြတဲ့ ဟိမဝန္တာနယ်မြေ လာဒါ့ခ်ဒေသအတွင်းက ဂယ်ဝမ်တောင်ကြားမှာ ဇွန်လ ၁၅ ရက်နေ့က နှစ်ဖက်စစ်သားတွေ သေနတ်မပါဘဲ တိုက်ခိုက်ခဲ့ကြတာပါ။
ဒီအဖြစ်ကလည်း နှစ်ဖက်စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေ အရင်ကလုပ်ခဲ့ကြတဲ့ သဘောတူညီချက်တွေအရ နယ်စပ်ဒေသမှာ အခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြမယ်ဆိုပြီး လက်ခံ သဘောတူခဲ့ကြတဲ့နောက်ပိုင်း သီတင်းပတ်အနည်းငယ်အကြာမှာဖြစ်ခဲ့တာပါ။
ရန်ပွဲ နောက်ပိုင်း လူထုအကြား ဒေါသနဲ့ ပြောဆိုဝေဖန်သံတွေ အတော်ထွက်ပေါ်လာခဲ့ပြီး နှစ်နိုင်ငံဟာ တင်းမာမှုကို အေးဆေးသွားအောင် အများအမြင်မှာ ကြိုးစားခဲ့ကြပါတယ်။
ဗုဒ္ဒဟူးနေ့တုန်းက အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ
နဲ့ တရုန်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီတို့ဟာ "ထိပ်တန်း တပ်မှူးတွေ ဇွန်လ ၆ ရက်နေ့က နှစ်ဖက် သဘောတူညီချက်အတိုင်း နှစ်ဖက် တိုက်ခိုက်တာ မလုပ်ရေး၊ ပိုကျယ်ပြန့်ပြင်းထန် မသွားစေရေးတို့အပေါ် နှစ်ဖက်စလုံးက အကောင်အထည်ဖော်ဖို့ အခိုင်အမာ ထပ်ပြောခဲ့တယ်" လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံတွေက ဘာတွေကို ဖော်ပြနေလဲ
"ဂယ်ဝမ်တောင်ကြားမှာ နယ်ခြားထိန်းချုပ်ရေးစည်းကနေ အိန္ဒိယဘက် အတွင်း တကီလိုမီတာခွဲ လောက်မှာ တရုတ်စခန်းကြီး တခု တွေ့ရတယ်" လို့ ထိပ်တန်း အိန္ဒိယ ကာကွယ်ရေး သုံးသပ်သူ အဂျိုင်းရွှတ်ကလားက တွစ်တာ မှာ ပြောပါတယ်။
အိန္ဒိယ စစ်တပ် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေက တရုတ်ရဲ့ နောက်ထပ် ဆောက်လုပ်မှုတွေဟာ ရန်ပွဲဖြစ်တဲ့ ဇွန် ၁၅ ရက် နဲ့ အဲဒီမတိုင်မီ တပ်မှူးအဆင့် ဆွေးနွေးပွဲလုပ်တဲ့ အချိန်ကာလကြားမှာ လုပ်ခဲ့ပုံရတယ်လို့ ပြောပါတယ်။
မေလတုန်းက ရိုက်ထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကိုကြည့်ရင် ရန်ပွဲဖြစ်ပွားတဲ့အနားက အငြင်းပွားဧရိယာမှာ ဘာအဆောက်အအုံမှာ မရှိပါဘူး။
နယ်စပ်ဒေသတွင်းက အခြေအနေတွေကတော့ အလွန်တင်းမာဆဲပဲ ဖြစ်ပါတယ်။
ဒီလိုကာလမှာပဲ အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အမ်အမ် နာရားဗနီဟာ ကြာသပတေးနေ့မှာ နယ်စပ်တလျောက်က ရှေ့တန်းနေရာတွေကို သွားဖို့ အစီအစဉ်ရှိပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကလည်း တခြား ရှေ့တန်းဧရိယာတွေကို သွားခဲ့ပြီး အဲဒီက စစ်ဆင်ရေးဆိုင်ရာ ပြင်ဆင်မှုအနေအထားတွေကို စစ်ဆေးကြည့်ရှုခဲ့တယ်လို့ အိန္ဒိယ စစ်တပ်ကပြောပါတယ်။
ဂယ်ဝမ်တောင်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ
မီဒီယာတွေက သတင်းတွေအရတော့ ပေ ၁၄, ၀၀၀ အမြင့်ရှိတဲ့ မတ်စောက်လှတဲ့တောင်တန်းတွေက တောင်ကြောတွေမှာ နှစ်ဖက်စစ်သားတွေ ရန်သတ်ပွဲဖြစ်ခဲ့တာ၊ တချို့စစ်သားတွေ ဆိုရင်တောင်ကြောပေါ်ကနေ ဟိုးအောက်မှာ သုည ဒီဂရီ အောက်အေးနေပြီး အရှိန်အဟုန်နဲ့ စီးနေတဲ့ ဂယ်ဝမ် မြစ်ထဲကို ကျသွားခဲ့တာတွေကို သိရပါတယ်။
အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေတဲ့အပြင်နောက်ထပ် အနည်းဆုံး ၇၆ ယောက် ဒဏ်ရာတွေရတယ်ဆိုတဲ့ သတင်းလည်းထွက်ပါတယ်။ တရုတ်ဘက်က အထိအခိုက် အသေအပျောက်စာရင်းကိုတော့ တရုတ်ဘက်က မထုတ်ပြန်သေးပါဘူး။
အိန္ဒိယဘက်မှာ ထွက်ပေါ်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ် စစ်သား အနည်းဆုံး ၄၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။
၁၉၉၆ ခုနှစ် သဘောတူချက်အရ အဲဒီဧရိယာဒေသအတွင်း သေနတ်တွေ၊ ပေါက်ကွဲစေတဲ့ လက်နက်မျိုးတွေ အသုံးပြုတာကို ပိတ်ပင်ထားတဲ့အတွက် အခုတိုက်ခိုက်ပွဲမှာ သေနတ် လက်နက်တွေမပါဘဲ ချခဲ့ကြတာပါ။
အဲဒီ ဧရိယာမှာ တင်းမာမှုက ဘယ်လောက်အထိဖြစ်နေလဲ
နှစ်နိုင်ငံ အငြင်းပွားနယ်စပ်ကို ပီပီပြင်ပြင်မရှိတဲ့ နယ်ခြားထိန်းချုပ်ရေးစည်း (Line of Actual Control - LAC) နဲ့ နယ်သတ်မှတ် ပိုင်းခြားထားပါတယ်။
မြစ်တွေ၊ ကန်တွေ၊ ရေခဲဖုံးလွှမ်းနေတဲ့ နေရာတွေ အဲဒီမှာ ရှိနေတာကြောင့်လည်း နယ်ခြားစည်းကရွေ့ပြီး ပြောင်းလဲသွားနိုင်ပါတယ်။
အဲဒီစည်း တစ်ဖက်စီမှာတော့ ကမ္ဘာ့အကြီးဆုံး စစ်တပ် နှစ်ခုကို ကိုယ်စားပြုထားတဲ့ တပ်တွေက ကင်းစခန်း နေရာအများအပြားမှာ တဖက်နဲ့တဖက် ဆိုင်ပြီး ရှိနေကြတာပါ။
ဂယ်ဝမ်တောင်ကြားကို တရုတ်က ထောင်နဲ့ချီတဲ့ စစ်တပ်တွေကို စေလွှတ်ထားတယ်၊ သူ့ နယ်မြေ ၁၄, ၇၀၀ စတုရန်းမိုင် အကျယ်အဝန်းကို တရုတ်က သိမ်းထားတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။
နယ်စပ် အငြင်းပွားမှုကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစုအတွင်း နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ အများအပြားလုပ်ခဲ့ကြပေမယ့်လည်း အဖြေထုတ်လို့ မရသေးကြပါဘူး။
၁၉၆၂ တုန်းကပဲ သူတို့ နှစ်ဖက် စစ်တခါဖြစ်ခဲ့ပါတယ်၊ အိန္ဒိယဘက်က အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။
မေလ အတွင်းမှာ အိန္ဒိယနဲ့ တရုတ် စစ်သားတွေ အကြား လူလူချင်း ချတဲ့နှက်တဲ့ ပွဲတွေ လာဒါ့ခ် က 'ဖန်ဂွန်'ကန်မှာလည်း ဖြစ်ခဲ့သလို မိုင်ရာပေါင်းများစွာ အကွာမှာ ရှိတဲ့ အိန္ဒိယ အရှေ့မြောက်ဘက် စစ်ကင်း ပြည်နယ်က နယ်စပ်မှာ လည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၇ အတွင်းမှာလည်း အငြင်းပွားနေတဲ့ ဒေါ့ခ်လမ် ကုန်းမြေမြင့်တလျောက် တရုတ် က နယ်စပ်လမ်းကို တိုးချဲ့ဖောက်တဲ့အတွက် နှစ်ဖက်တပ်တွေ ရန်ပွဲဆင်ခဲ့ကြဖူးပါတယ်။
လာဒါ့ခ်ဒေသတွင်းမှာ အိန္ဒိယက လမ်းတလမ်းဖောက်လုပ်တဲ့အပေါ် တင်းမာမှုတွေလည်း မြင့်တက်ခဲ့ဖူးပါတယ်။
ဒါကြောင့်အခုတင်းမာမှုတွ ဘာကြောင့်မြင့်နေသလဲဆိုတာက အရင်ကတည်းကရှိနေတဲ့ အကြောင်းရင်းများစွာကြောင့်လို့ ဆိုရမှာပါ၊ အခြေခံမှာ သေနင်္ဂဗျူဟာအရပြိုင်ဆိုင်နေကြတာမို့ နှစ်ဖက်က တဖက်ကို တဖက် အပြစ်ဖို့နေတာပါ။
လာဒါ့ခ်ဒေသက နယ်ခြားထိန်းချုပ်ရေးစည်းတလျောက် ဖောက်လုပ်တဲ့ အိန္ဒိယရဲ့ လမ်းသစ်က တကယ်လို့ အဲဒီနေရာမှာ ပဋိပက္ခဖြစ်လာရင် ဒေလီအစိုးရ အနေနဲ့ လူတွေ၊ ပစ္စည်းတွေ ပိုမြန်မြန်ရွှေ့ပြောင်းနိုင်ဖို့ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အဲဒီဧရိယာမှာ အခြေခံအဆောက်အဦတွေ တိုးပြီးဆောက်မယ်ဆိုတဲ့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်က ဘေဂျင်းက အစိုးရကို ဒေါသထွက်စေပုံရတယ်လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။