ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယနဲ့တရုတ် ပဋိပက္ခ- တရုတ်ဘက်က သုံးခဲ့တယ်ဆိုတဲ့ သံချောင်းစိုက်တုတ်တွေပုံ ထွက်ပေါ်
အိန္ဒိယ-တရုတ် နယ်စပ်အရေး ရန်ပွဲမှာ တရုတ်တပ်ဖွဲ့တွေဘက်က သုံးခဲ့တယ်ဆိုတဲ့ သံချောင်းတွေစိုက်ထားတဲ့ လက်နက်တွေပုံ ထွက်ပေါ်လာပါတယ်။
လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဇွန်လ ၁၅ ရက် တိုက်ခိုက်မှုမှာ သုံးခဲ့တယ်ဆိုတဲ့ ဓာတ်ပုံ ထွက်လာတာ ဖြစ်ပါတယ်။
ဂယ်ဝမ်တောင်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ပြီး အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
တရုတ်ဘက်ကတော့ သူ့တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို အတည်မပြုပါဘူး။
ကျူးကျော် ဝင်ရောက်တာတွေ လုပ်တယ်ဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။
အဲဒီ အငြင်းပွားနေရာမှာ နှစ်နိုင်ငံ နယ်စပ်ကို မြေမျက်နှာသွင်ပြင် အပြောင်းအလဲကြောင့် ရွေ့သွားနိုင်တဲ့ မျဥ်းနဲ့ပဲ ပိုင်းခြားထားတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ထွက်လာတဲ့ ပုံမှာ သံတွေစိုက်ထားတဲ့ သံတုတ်တွေပုံကို မြင်ရပါတယ်။
တရုတ်ဘက်က သုံးခဲ့တဲ့ လက်နက်လို့ဆိုတဲ့ပုံကို အိန္ဒိယ-တရုတ်နယ်ခြားက အိန္ဒိယ စစ်တပ် အဆင်မြင့် အရာရှိ တစ်ဦးက ဘီဘီစီကို ပေးပို့ခဲ့တာပါ။
ဒီလို လက်နက်မျိုးတွေသုံးတာဟာ "ရိုင်းစိုင်းကြမ်းကြုတ်မှု" barbarism" ပဲလို့ ဒီဓာတ်ပုံကို ပထမဆုံး တွစ်တာမှာ တင်ခဲ့တဲ့ စစ်ရေးသုံးသပ်သူ အဂျေးရှိုကီက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ သေနတ်တွေ မသုံးခဲ့တာက ၁၉၉၆ နှစ်နိုင်ငံ သဘောတူညီချက်ဖြစ်တဲ့ တင်းမာမှုတွေ ပိုမဆိုးအောင် သေနတ်တွေနဲ့ ပေါက်ကွဲတတ်တဲ့လက်နက်တွေ မသုံးရေး သဘောတူချက်အရ ဖြစ်ပါတယ်။
အိန္ဒိယမှာ ဒီဓာတ်ပုံကို တွစ်တာမှာ လူအများအပြား ရှဲနေကြပြီး ဆိုရှယ်မီဒီယာသုံးစွဲသူတွေ အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။
ဒါပေမဲ့ တရုတ်ရော အိန္ဒိယဘက်ရော တာဝန်ရှိသူတွေကရော ဘာမှတ်ချက်မှ မပေးကြပါဘူး။
ပေ တစ်သောင်းခွဲနီးပါးမြင့်တဲ့ မတ်စောက်တဲ့နေရာ အစွန်အဖျားလေးမှာ စစ်သားတွေ တိုက်ခိုက်ခဲ့ကြလို့ စစ်သားတချို့ဟာ ရေခဲမှတ်အောက်အေးချိန်မှာ အရှိန်မြန်မြန်စီးနေတဲ့ ဂယ်ဝမ်မြစ်ထဲ ပြုတ်ကျခဲ့တယ်လို့လည်း မီဒီယာတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။
နှစ်နိုင်ငံကြား အခုလို လူသေဆုံးတဲ့ အထိ တိုက်ခိုက်ခဲ့ကြတာဟာ ၄၅ နှစ် အတွင်း ပထမဆုံး ဖြစ်ပါတယ်။
အိန္ဒိယဘက်မှာ ထွက်ပေါ်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ် စစ်သား အနည်းဆုံး ၄၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။
တရုတ်ဘက်ကတော့ အခုထိ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ ဘာမှ အတည်ပြုတာ မရှိသေးပါဘူး။
အိန္ဒိယ စစ်သားတချို့လည်း ပျောက်ဆုံးနေသေးတယ်လို့ ယူဆရပါတယ်။