တရုတ်ဘက်ကပြောတဲ့ နယ်ခြားကရန်ပွဲအကြောင်း

ရေးသားခဲ့သည်။

အငြင်းပွားနေကြတဲ့ ဟိမဝန္တာဒေသနယ်စပ်မှာ လူသေတဲ့အထိ ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ရန်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ပထမဆုံး တရားဝင် မှတ်ချက်ချပြောဆိုတာတွေထဲမှာ အိန္ဒိယ စစ်တပ်ဘက်က "တမင်သက်သက် ရန်စခဲ့တာ" လို့ စွပ်စွဲလိုက်ပါတယ်။

တရုတ်နယ်မြေထဲကို အိန္ဒိယစစ်တပ်က ဝင်လာပြီး တိုက်ခိုက်ခဲ့တဲ့အတွက် "ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ" ဖြစ်စေခဲ့တာလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းက ပြောပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က အထိအခိုက် အသေအပျောက် ဘယ်လောက်ရှိခဲ့သလဲ ဆိုတဲ့အပေါ် သူက ဘာမှမပြောခဲ့ပါဘူး။

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက အိန္ဒိယနယ်ထဲကို ဘယ်နိုင်ငံခြားစစ်သားမှ မကျော်လာခဲ့ဘူး၊ ဘယ်နယ်မြေမှ မဆုံးရှုံးခဲ့ဘူးလို့ သောကြာနေ့ကပြောခဲ့ပါတယ်။

လိုအပ်ရင် အိန္ဒိယဟာ စစ်အင်အားသုံးပြီး နိုင်ငံ့နယ်စပ်ကို ကာကွယ်သွားမယ်လို့ မစ္စတာ မိုဒီကပြောပါတယ်။

ဂယ်ဝမ်တောင်ကြားမှာဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်ပွဲအတွင်း အိန္ဒိယ စစ်သား အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်ကြတဲ့ပွဲမှာ နှစ်ဘက်စလုံးက အသက် ဆုံးရှုံးတာတွေရှိတယ်လို့ အိန္ဒိယက ပြောပါတယ်။

တရုတ်ဘက်ကအသံ

တွိဒ်တွေကတဆင့် မစ္စတာ ကျောက် ပြောတာကတော့ ဂယ်ဝမ်တောင်ကြားဟာ နယ်ခြားထိန်းချုပ်ရေးစည်း (Line of Actual Control - LAC) ပေါ်က တရုတ်ပိုင်နေရာအတွင်း မှာရှိတယ်လို့ ဆိုပါတယ်။

ဒီစည်းကတော့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အင်အားကြီး နှစ်နိုင်ငံကြား ပီပီပြင်ပြင် နယ်သတ်မှတ် ပိုင်းခြားမထားတဲ့ နယ်စပ်ဒေသပါ။

တရုတ်နဲ့ အိန္ဒိယ အရာရှိတွေကြား သဘောတူညီချက်တွေရပြီး တရုတ်ရဲ့ နယ်ခြားထိန်းချုပ်ရေး စည်းအတွင်းဘက်မှာ အိန္ဒိယက လာဆောက်ထားတဲ့ အခြေခံအဆောက်အဦ တခုကို အိန္ဒိယက မေလအတွင်းမှာ မိုင်းခွဲဖြိုချပေးတယ်၊ စစ်တပ်လည်း ဆုတ်သွားတယ်၊ အဲဒီလို တင်းမာမှု အခြေအနေတွေ လျော့ကျအေးဆေးနေပြီးမှ အခုလို ရန်ပွဲဖြစ်လာတာလို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဇွန်လ ၁၅ ရက်မှာတော့ အိန္ဒိယတပ်ဖွဲ့တွေဟာ "ဂယ်ဝမ်တောင်ကြား အခြေအနေ အေးဆေးလာနေချိန်မှာ တမင်သက်သက် ရန်စဖို့ နယ်ခြားထိန်းချုပ်စည်းကို ထပ်မံ ဖြတ်ကျော်ခဲ့တယ်" လို့ မစ္စတာ ကျောက်က ဆိုပါတယ်။

"ညှိနှိုင်းဖြေရှင်းပေးဖို့သွားကြတဲ့ တရုတ်အရာရှိတွေ၊ စစ်သားတွေကို အိန္ဒိယ ရှေ့တန်း စစ်သားတွေက အကြမ်းဖက်တိုက်ခိုက်ကြတဲ့အတွက် ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေဖြစ်ခဲ့ပြီး အသေအကြေတွေဖြစ်ကုန်တာ" လို့ဆိုပါတယ်။

ဂယ်ဝမ်တောင်ကြားက နယ်ခြားထိန်းချုပ်ရေးစည်းမှာ အိန္ဒိယက "လမ်းတွေ၊ တံတားတွေ၊ တခြားအဆောက်အဦတွေ" ဧပြီလကတည်းက တည်ဆောက်နေတာ လို့ မစ္စတာ Zhao က ဆိုပါတယ်။

ဝန်ကြီးချုပ် မိုဒီ ဘာပြောလဲ

မစ္စတာမိုဒီက သောကြာနေ့တုန်းက တီဗီကနေတဆင့် နိုင်ငံကို ပြောတဲ့ကြေညာချက်မှာ အိန္ဒိယ နယ်မြေထဲကို ဘယ်သူမှကျူးကျော်ဝင်လာတာမရှိဘူးလို့ ပြောခဲ့ပါတယ်။

"ဘယ်သူမှ တို့နယ်စပ်ကို မကျူးကျော်လာခဲ့ဘူး၊ အခုလည်း ဘယ်သူမှ မဝင်လာဘူး၊ တို့ ဂိတ်စခန်းတွေကိုလည်း ဘယ်သူမှ သိမ်းသွားတာမရှိခဲ့ဘူး" လို့ ပြောခဲ့ပါတယ်။

အိန္ဒိယရဲ့ နယ်မြေကို ကာကွယ်ဖို့အတွက် အိန္ဒိယစစ်တပ်ကို "လိုအပ်တာမှန်သမျှလုပ်ဖို့ လုပ်ပိုင်ခွင့် လွတ်လွတ်လပ်လပ် ပေးထားတယ်"

"တရုတ်က လုပ်ခဲ့တဲ့ဟာတွေ အပေါ် နိုင်ငံတခုလုံးက ထိခိုက်ခံစားခဲ့ပြီး ဒေါသထွက်နေတယ်" ၊ "အိန္ဒိယဟာ ငြိမ်းချမ်းရေးနဲ့ မိတ်ဆွေဖြစ်မှု ကိုလိုချင်တယ်၊ ဒါပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ဦးထိပ်ထားထားတယ်" လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

သူ့အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ကာ ဒီအဖြစ်အပျက်က "ဂယ်ဝမ်တောင်ကြားက ကျွန်ုပ်တို့ အိန္ဒိယရဲ့ ထိန်းချုပ်နယ်ခြားစည်းအတွင်းမှာ တရုတ်က အခြေခံအဆောက်အဦတခုကို ဆောက်ဖို့ လာလုပ်တာ" ကနေ စပြီးဖြစ်ခဲ့တာလို့ ဆိုကာ တရုတ်ဘက်ကို အပြစ်ဖို့ထားပါတယ်။

ဂယ်ဝမ်တောင်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ

မီဒီယာတွေက သတင်းတွေအရတော့ ပေ ၁၄, ၀၀၀ အမြင့်ရှိတဲ့ မတ်စောက်လှတဲ့တောင်တန်းတွေက တောင်ကြောတွေမှာ နှစ်ဖက်စစ်သားတွေ ရန်သတ်ပွဲဖြစ်ခဲ့တာ၊ တချို့စစ်သားတွေ ဆိုရင်တောင်ကြောပေါ်ကနေ ဟိုးအောက်မှာ သုည ဒီဂရီ အောက်အေးနေပြီး အရှိန်အဟုန်နဲ့ စီးနေတဲ့ ဂယ်ဝမ် မြစ်ထဲကို ကျသွားခဲ့တာတွေကို သိရပါတယ်။

အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေတဲ့အပြင်နောက်ထပ် အနည်းဆုံး ၇၆ ယောက် ဒဏ်ရာတွေရတယ်ဆိုတဲ့ သတင်းလည်းထွက်ပါတယ်။ တရုတ်ဘက်က အထိအခိုက် အသေအပျောက်စာရင်းကိုတော့ တရုတ်ဘက်က မထုတ်ပြန်သေးပါဘူး။

အိန္ဒိယဘက်မှာ ထွက်ပေါ်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ် စစ်သား အနည်းဆုံး ၄၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။

၁၉၉၆ ခုနှစ် သဘောတူချက်အရ အဲဒီဧရိယာဒေသအတွင်း သေနတ်တွေ၊ ပေါက်ကွဲစေတဲ့ လက်နက်မျိုးတွေ အသုံးပြုတာကို ပိတ်ပင်ထားတဲ့အတွက် အခုတိုက်ခိုက်ပွဲမှာ သေနတ် လက်နက်တွေမပါဘဲ ချခဲ့ကြတာပါ။

ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ ပုံတပုံမှာတော့ တိုကခိုက်ကြတဲ့ပွဲတွေမှာ သုံးတဲ့ သံချွန်တွေ တပ် သံတုတ်တွေကို ပြထားပါတယ်။

ဒီ သံချွန်တွေ တပ်ထားတဲ့ သံတုတ်လက်နက်တွေကို တရုတ်ဘက်က သုံးခဲ့တာလို့ ဘီဘီစီ ကို ဒီ ဓာတ်ပုံပေးတဲ့ အိန္ဒိယ - တရုတ် နယ်စပ်ဆိုင်ရာ အိန္ဒိယစစ်တပ် ထိပ်တန်း အရာရှိက ပြောပါတယ်။

ဒီပုံကို အိန္ဒိယက တွစ်တာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရှယ်နေကြပြီး အဲဒီက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ဒေါသတွေပေါက်ကွဲနေကြပါတယ်။

သေနတ် ဘာလို့ မသုံးသလဲ

လာဒါ့ခ် က ဂယ်ဝမ်မြစ် တောင်ကြားဟာ မြင့်မားတဲ့တောင်တန်းဒေသဖြစ်ပြီး ရာသီဥတုကလည်း ပြင်းထန်ပါတယ်။ ဒီနေရာဟာ တရုတ်က ထိန်းချုပ်ထားပြီး အိန္ဒိယက သူပိုင်တယ်လို့ ဆိုထားတဲ့ အဆိုင် ချင်း (Aksai Chin) ဧရိယာနဲ့ အနီးလေးမှာ ရှိနေတဲ့ နေရာဒေသပါ။

ဒီ နျူကလီးယား အင်အားကြီး နှစ်နိုင်ငံက စစ်တပ်တွေ နယ်ခြားမှာ ပုံမှန်အားဖြင့်စစ်တပ်တွေသုံးကြတဲ့ သေနတ်လက်နက်တွေ မပါပဲ ချကြတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ထိန်းချုပ်နယ်ခြားစည်းနဲ့ မရေမရာ မတိမကျ ပိုင်းခြားထားတဲ့ မိုင် ၂, ၁၀၀ အရှည် နယ်စပ် တကြောမှာ တဖက်နဲ့ တဖက် ရင်ဆိုင်ချကြတဲ့ ပွဲ တွေက အတော်လည်း ရှိခဲ့ပါတယ်။

သေနတ်ပစ်ပြီး တိုက်ခိုက်ကြတဲ့ နောက်ဆုံးပွဲက ၁၉၇၅ ခုနှစ် အတွင်းမှာ ဖြစ်ခဲ့ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းက အာရန်နာချယ် ပရာဒက်ရှ် ပြည်နယ် အတွင်း လူသူမရှိတဲ့ အရပ်က တောင်ကြားလမ်းတခုမှာ ဖြစ်ခဲ့တာပါ။

အဲဒီတုန်းက အိန္ဒိယ စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။ သံတမန်ဟောင်းတွေ အဆိုအရ တချို့က ခြုံခိုတိုက်ခိုက်ခံရတာလို့ ဆိုသလို တချို့ကလည်း ထိတွေ့တိုက်ခိုက်မှုလို့လည်း ပြောကြပါတယ်။ ဒါပေမဲ့ အဲဒီအဖြစ်နောက်ပိုင်းကတည်းက နှစ်ဖက် ချကြတဲ့ပွဲမှာ သေနတ်တွေ မပစ်တော့တာပါ။

ဒီလို သေနတ်မသုံးကြတဲ့ အကြောင်း အရင်းအမြစ်ကတော့ ၁၉၉၆ မှာလုပ်ခဲ့တဲ့ နှစ်ဖက်သဘောတူစာချုပ်ကြောင့်ပါ။ အဲဒီ စာချုပ်ထဲမှာ "နှစ်ဖက်စလုံးဟာ ထိန်းချုပ်နယ်ခြားစည်း (the Line of Actual Control) ကနေ နှစ် ကီလိုမီတာ အတွင်း သေနတ် (သို့မဟုတ်) ဖောက်ခွဲရေး လက်နက်တွေကို သုံးပြီး ပစ်ခတ်တာတွေ၊ ဖောက်ခွဲတာတွေ၊ အမဲလိုက်တာတွေ မလုပ်ပါဘူး" လို့ ဆိုထားပါတယ်။

ဒါပေမဲ့ အခုတလော သီတင်းပတ်တွေအတွင်း ဒီအဖြစ်အပြင် နယ်စပ်တလျှောက် တင်းမာတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ မေလ အတွင်းမှာ အိန္ဒိယနဲ့ တရုတ် စစ်သားတွေ အကြား လူလူချင်း ချတဲ့နှက်တဲ့ ပွဲတွေ လာဒါ့ခ် က 'ဖန်ဂွန်'ကန်မှာလည်း ဖြစ်ခဲ့သလို မိုင်ရာပေါင်းများစွာ အကွာမှာ ရှိတဲ့ အိန္ဒိယ အရှေ့မြောက်ဘက် စစ်ကင်း ပြည်နယ်က နယ်စပ်မှာ လည်း ဖြစ်ခဲ့ပါတယ်။

ဂယ်ဝမ်တောင်ကြားကို တရုတ်က ထောင်နဲ့ချီတဲ့ စစ်တပ်တွေကို စေလွှတ်ထားတယ်။ သူ့ နယ်မြေ စတုရန်းမိုင် ၁၄, ၇၀၀ အကျယ်အဝန်းကို တရုတ်က သိမ်းထားတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။ နယ်စပ် အငြင်းပွားမှုကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစုအတွင်း နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ အများအပြားလုပ်ခဲ့ကြပေမယ့်လည်း အဖြေထုတ်လို့ မရသေးကြပါဘူး။