အိန္ဒိယနဲ့တရုတ် ပဋိပက္ခ- အိန္ဒိယစစ်သားတွေကို ဖမ်းမထားဘူးလို့ တရုတ်ပြော

ရေးသားခဲ့သည်။

အိန္ဒိယနဲ့တရုတ် ဇွန်လ ၁၅ ရက် တနင်္လာနေ့က လူသေတဲ့အထိ ဖြစ်ခဲ့တဲ့ နယ်စပ်အရေး ပဋိပက္ခမှာ အိန္ဒိယစစ်သားတွေကို တရုတ်ဘက်က ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုပြီး မီဒီယာတွေမှာ ထွက်ပေါ်နေတဲ့ သတင်းတွေကို တရုတ်ဘက်က ငြင်းဆိုလိုက်ပါတယ်။

အိန္ဒိယစစ်သား ၁၀ ယောက်ကို တရုတ်ဘက်က ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး ကြာသပတေးနေ့မှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ အိန္ဒိယတပ်ဖွဲ့ဝင် တစ်ယောက်ကိုမှ ဖမ်းထားတာ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်းက သောကြာနေ့မှာ ပြောပါတယ်။

တရုတ်ရဲ့ ထိန်းသိမ်းခံရသူတွေထဲမှာ အိန္ဒိယဘက်က ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်မှူး သုံးဦးပါတယ်ဆိုပြီး အိန္ဒိယ မီဒီယာတွေမှာ သတင်းတွေ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်နေပေမဲ့ အိန္ဒိယ အစိုးရကတော့ စစ်သားတစ်ယောက်မှ ပျောက်မနေဘူးလို့ပဲ ပြောပါတယ်။

တနင်္လာနေ့က ဖြစ်ခဲ့တဲ့ နယ်စပ်ဒေသ ဂယ်ဝမ်တောင်ကြားမှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ရန်စောင်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေက အမျိုးမျိုးကွဲပြား ထွက်ပေါ်ခဲ့ပါတယ်။

ဒီနယ်စပ် ပဋိပက္ခ ရန်ပွဲမှာ အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုတွေမှာ သေနတ်တွေ၊ကျည်တွေမသုံးခဲ့ကြပါဘူး။

သေနတ်တွေ မသုံးခဲ့တာက ၁၉၉၆ နှစ်နိုင်ငံ သဘောတူညီချက်ဖြစ်တဲ့ တင်းမာမှုတွေ ပိုမဆိုးအောင် သေနတ်တွေနဲ့ ပေါက်ကွဲတတ်တဲ့လက်နက်တွေ မသုံးရေး သဘောတူချက်အရ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်တပ်ဖွဲ့တွေဘက်က သုံးခဲ့တယ်ဆိုတဲ့ သံချောင်းတွေစိုက်ထားတဲ့ သံတုတ်လက်နက်တွေရဲ့ပုံတွေ ထွက်ပေါ်လာပါတယ်။

ဒီတိုက်ခိုက်မှုမှာ အိန္ဒိယဘက်က စစ်သား အနည်းဆုံး ၇၆ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

တရုတ်ဘက်ကတော့ သူ့တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို အတည်မပြုပါဘူး။

ဒါပေမဲ့ အိန္ဒိယကတော့ နှစ်ဖက်စလုံး အထိအခိုက် ရှိတယ်ဆိုပြီး ပြောထားပါတယ်။

အိန္ဒိယဘက်မှာ ထွက်ပေါ်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ် စစ်သား အနည်းဆုံး ၄၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။

ပြီးတော့ နှစ်ဖက်စလုံးက နယ်မြေကျူးကျော် ဝင်တယ်ဆိုပြီးလည်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။

အခုလို နှစ်နိုင်ငံကြား လူသေဆုံးတဲ့ အထိ တိုက်ခိုက်ခဲ့ကြတာဟာ ၄၅ နှစ် အတွင်း ပထမဆုံး ဖြစ်ပါတယ်။