ထိုင်းက ပင်လယ်စာဆိုင်ရှင်နှစ်ဦးကို လိမ်လည်မှုနဲ့ ထောင်နှစ် ၁၅၀၀ နီးပါးစီချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းက ပင်လယ်စာ စားသောက်ဆိုင် ပိုင်ရှင်နှစ်ယောက်ကို စားသုံးသူတွေကို လိမ်လည်မှုအတွက် ဇွန်လ ၁၀ ရက် မှာ ထိုင်း တရားရုံးတစ်ခုက ထောင် ၁၄၄၆ နှစ် စီ ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ လမ်းဂိတ် Laemgate ပင်လယ်စာ စားသောက်ဆိုင်က ငွေကြိုပေးရတဲ့ အွန်လိုင်း အရောင်းမြှင့်တင်ရေး လုပ်ခဲ့ပါတယ်။
အဲဒီရောင်းချမှုမှာ ထိုင်းဘတ် သန်း ၅၀ (ကျပ် သိန်းနှစ်သောင်းကျော်) ဖိုးကို လူ ၂၀,၀၀၀ လောက်က ၀ယ်ယူခဲ့ကြတယ်လို့ ထိုင်း PBS သတင်းမှာ ထုတ်လွှင့်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ကုမ္ပဏီက ဝယ်လိုအားကို အမီမရောင်းနိုင်တော့ဘူးဆိုပြီး ဆိုင်ကို ပိတ်ပစ်လိုက်ပါတယ်။
လူထောင်ချီရဲ့ မကျေနပ်မှု တိုင်ကြားချက်တွေ ရခဲ့ပြီးနောက်မှာ အပီချာ့ ဘိုဝန်ဘန်ချာရာ့ခ် နဲ့ ပရာပတ်ဆွန် ဘိုဝန်ဘန်ချာတို့ကို ဖမ်းဆီးခဲ့ပါတယ်။
တိုင်ကြားမှုတွေ ရှိပြီး အဲဒီလို လိမ်လည်မှုတွေမှာ အပြစ်ရှိကြောင်းတွေ့ရင် ထိုင်းမှာ ထောင်ဒဏ် နှစ်ပေါင်းများစွာ ချတာတွေမရှိခဲ့ဖူးတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ထိုင်းဥပဒေက အများပြည်သူကို လိမ်လည်မှုအတွက် ထောင်ထဲ အမှန်တကယ်နေရချိန်ကို အများဆုံး နှစ် ၂၀ သတ်မှတ်ထားပါတယ်။
မှားယွင်းခဲ့တဲ့ အရောင်းမြှင့်တင်ရေး
လမ်းဂိတ် ပင်လယ်စာဆိုင်က မနှစ်တုန်းက ငွေကြိုသွင်းရတဲ့ အစားအသောက်မျိုးစုံဘောက်ချာတွေ စထုတ်ရောင်းခဲ့ပါတယ်။
လူ ၁၀ ယောက် တစ်နပ်စာကို မြန်မာငွေ ကျပ် လေးသောင်းလောက် နဲ့ ရောင်းပြီး အဲဒါက သူတို့ရဲ့ ပုံမှန်စျေးနှုန်းထက် အများကြီး သက်သာပါတယ်။
အစပိုင်းမှာ အဲဒီ ဘောက်ချာဝယ်ထားသူတွေက ဘောက်ချာပြပြီး ဆိုင်မှာ လာစားလို့ရပါတယ်။ ဒါပေမဲ့ လူတွေများလွန်းလို့ စားရဖို့ကြိုတင်ဘွတ်ကင်လုပ်တာတင် လတွေချီ ကြာတယ်လို့ PBS ရဲ့ သတင်းအရ သိရပါတယ်။
မတ်လမှာတော့ အဲဒီစားသောက်ဆိုင်ရဲ့ ကုမ္ပဏီ Laemgate Infinite က ဝယ်လိုအားကို အမီဖြည့်ဖို့ ပင်လယ်စာ လုံလုံလောက်လောက်မရနိုင်တော့လို့ ဆိုပြီး ဆိုင်ပိတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
ဘောက်ချာဝယ်ထားတဲ့ စားသုံးသူတွေကို ငွေပြန်အမ်းပေးမယ်လို့ ဆိုင်က ပြောခဲ့တဲ့အကြောင်းလည်း PBS သတင်းအရ သိရပါတယ်။
တိုင်ကြားခဲ့တဲ့ စားသုံးသူ ၈၀၀ ကျော်ထဲက ၄၀၀ နီးပါးက သူတို့ငွေတွေ ပြန်ရခဲ့ပါတယ်။
နောက်ပိုင်းမှာ ရာချီတဲ့လူတွေက ကုမ္ပဏီနဲ့ ဆိုင်ပိုင်ရှင်တွေကို လိမ်လည်မှုနဲ့ တိုင်ကြားခဲ့ပါတယ်။
ဒါကြောင့် မစ္စတာ အပီချာ့ နဲ့ မစ္စ ပရာပတ်ဆွန် တို့ကို အများပြည်သူကို မမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ လိမ်လည်တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
သူတို့ကို စားသုံးသူ အကာအကွယ်ပေးရေး အက်ဥပဒေနဲ့ ကွန်ပျူတာနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်း အက်ဥပဒေတွေနဲ့အရေးယူခဲ့ပါတယ်။
အဲဒီနောက် သူတို့ဟာ ၇၂၃ မှု အတွက် အပြစ်ရှိတယ်ဆိုပြီး ဇွန်လ ၁၀ ရက်မှာ ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
သူတို့က အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် သူတို့ရဲ့ ထောင်ဒဏ်တွေကို ၇၂၃ စီ တစ်ဝက်စီလျှော့ချလိုက်ပါတယ်။
ဒါပေမဲ့ ထိုင်းဥပဒေအရ ထောင်ထဲမှာ အမှန်တကယ် အနှစ် ၂၀ ပဲ နေရမှာပါ။
သူတို့ရဲ့ ကုမ္ပဏီလည်း ကျပ်သိန်း ၈၀၀ ကျော် ဒဏ်ရိုက်ခံရပြီး ဆိုင်ကို ပူးတွဲပိုင်တဲ့သူတွေနဲ့ ကုမ္ပဏီအနေနဲ့တော့ နစ်နာသူ စားသုံးသူတွေကို ကျပ်သိန်း ၁၁၀၀ ကျော်ဖိုး ငွေပြန်အမ်းဖို့ အမိန့်ချလိုက်ပါတယ်။
၂၀၁၇ တုန်းကလည်း လိမ်လည်သူ တစ်ယောက်ကို ထောင်ဒဏ် နှစ် တစ်သောင်းသုံးထောင်ကျော် ထိုင်းတရားရုံးတစ်ခုက ချခဲ့ဖူးပါတယ်။








