ရေတပ်စစ်လေ့ကျင့်ခန်းမှာ မှားပစ်မိလို့ အီရန်သင်္ဘောသား ၁၉ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
အိုမန်ပင်လယ်ကွေ့မှာ စစ်ရေးလေ့ကျင့်နေတဲ့ အီရန်ရေတပ်စစ်သင်္ဘောတစ်စီးက မှားယွင်းပစ်ခတ်မိလို့ သင်္ဘောသား ၁၉ ဦးသေဆုံးပြီး ၁၅ ယောက်ဒဏ်ရာရသွားတယ်လို့ အီရန် စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်တဲ့ လေ့ကျင့်ခန်းမှာ အသစ်တီထွင်ထားတဲ့ သင်္ဘောခွင်း ဒုံးကို ရေတပ်စစ်သင်္ဘော ဂျာမာရန်က စမ်းသပ်ပစ်လွှတ်ခဲ့ရာမှာ လေ့ကျင့်ခန်းမှာပါဝင်နေတဲ့ ထောက်ကူရေးသင်္ဘော ကိုနာရက်ကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
ကိုနာရက်ဟာ ပစ်မှတ်တွေကို ရေထဲမှာ လိုက်ချပေးနေတုန်း အပစ်ခံလိုက်ရတာ ဖြစ်ပြီး ပစ်မှတ်တစ်ခုနဲ့ သိပ်နီးနီးကပ်ကပ် သွားနေခဲ့လို့ ဖြစ်တယ်လို့ အီရန်သတင်းတွေက ဆိုပါတယ်။
အဲဒီ သင်္ဘောကို ကမ်းကို ပြန်ဆွဲယူလာခဲ့ပြီး အခုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ အီရန် ရေတပ်က ပြောပါတယ်။
အခု ဖြစ်ပျက်မှုဟာ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးမှာ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားအနီးမှာ ဖြစ်ခဲ့တာပါ။


ဂျိုနသန်မားကပ်စ်ဘီဘီစီကာကွယ်ရေး သတင်းထောက်ရဲ့ သုံးသပ်ချက်
အီရန်စစ်တပ်ဟာ အမှားအယွင်းတွေနဲ့ အမြဲကင်းခဲ့တာတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ကောင်းကင်က ပစ်မှတ်တစ်ခုဆိုတာကို မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့ပါတယ်။ အဲဒီပစ်မှတ်ဆိုတာက ယူကရိန်းခရီးသည်တင်လေယာဉ်တစ်စီး ဖြစ်နေပြီး လိုက်ပါလာတဲ့သူ အားလုံး သေဆုံးသွားခဲ့ရပါတယ်။
အဲဒီအချိန်က အီရန်နဲ့ အမေရိကန်တင်းမာမှုတွေက အရှိန်မြင့်နေခဲ့ပြီး အမေရိကန်ဘက်က ဒုံးပျံနဲ့ တိုက်ခိုက်လာမလားဆိုပြီး အီရန်တွေက စိုးရိမ်စိတ်နဲ့ အသင့်ပြင်နေခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
ဒါပေမယ့် အခုနောက်ဆုံး ဖြစ်ရပ်ကတော့ ဇန်နဝါရီလက အခြေအနေနဲ့ အများကြီး ကွာခြားပါတယ်။ ဒါက ကြိုတင်စီစဉ်ထားပြီး လုပ်တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုပါ။ ဒါကြောင့် အချင်းချင်း မတော်တဆပစ်ခတ်မိတယ်ဆိုတာက အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ အီရန် ရေတပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်အပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။
အီရန်ဟာ သူ့ရေတပ်ရဲ့ လှုပ်ရှားခွင်ကို ချဲ့နေပြီး ရေတပ်ရဲ့ လက်နက်စွမ်းရည်ကိုလည်း အဆင့်မြှင့်ဖို့ ကြိုးစားနေပါတယ်။
အခု လေ့ကျင့်ရေးမှာပါခဲ့တဲ့ ဂျာမာရန်ဖျက်သင်္ဘောဆိုတာက အီရန်ရဲ့ ပြည်တွင်းလုပ် အဆင့်မြင့်တိုက်ရေယာဉ်အမျိုးအစားတစ်ခုပါ။ ဒီလို တိုက်သင်္ဘောတွေနဲ့ အီရန်က သူ့ စစ်ရေးစွမ်းရည်ကို ပြသဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာ တွေ့ရတာကတော့ ပင်လယ်ကွေ့က ရေကြောင်းကို စိုးမိုးဖို့ အီရန်ကြိုးစားတဲ့အခါ ထုတ်ထုတ်သုံးနေတာတွေက အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ကင်းလှည့် အမြန်ယာဉ်တွေပါတဲ့ ရေတပ်အုပ်စုပဲ ဖြစ်လို့နေပါသေးတယ်။

ထောက်ပို့ သင်္ဘော ကိုနာရက်ဟာ စစ်ရေးလေ့ကျင့်ခန်းအတွက် ပစ်မှတ်တစ်ခုကို ချထားပေးပြီးတဲ့နောက် သူနဲ့ ပစ်မှတ် အကြား လုံလောက်တဲ့ အကွာအဝေးမှာ မနေခဲ့ဘူးလို့ အီရန် အစိုးရရုပ်သံက ကြေညာခဲ့ပါတယ်။
ပထမပိုင်းမှာ သတင်းဌာနက ကိုနာရက်သင်္ဘောနစ်မြုပ်သွားတယ်လို့ ကြေညာခဲ့ပြီး နောက်ပိုင်းတော့ သင်္ဘောဟာ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒုံးကျည်ထိမှန်ခံရတုန်းက သင်္ဘောသား ဘယ်နှစ်ယောက် သင်္ဘောပေါ်မှာ ရှိနေသလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
နယ်သာလန်လုပ် ၁၅၄ ပေရှည်တဲ့ ကိုနာရက် ထောက်ပို့သင်္ဘောကို အီရန်က ၁၉၇၉ အစ္စလာမ်မစ်တော်လှန်ရေး မစခင်ကတည်းက ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။










