ကိုရိုနာဗိုင်းရပ်စ် - လော့ခ်ဒေါင်းကို ဖီဆန်သူ ဆံပင်ညှပ်ဆိုင်ရှင် ထောင်ဒဏ်ကျခံရ

ဓာတ်ပုံ ရင်းမြစ်, reuters
ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်အရ မဖြစ်မနေ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းမျိုးမှအပ ကျန်စီးပွားရေးလုပ်ငန်းတွေ ပိတ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို မလိုက်နာတဲ့ အတွက် တက္ကဆက်စ်ပြည်နယ်က အမျိုးသမီး ဆံပင်ညှပ်ဆိုင် ပိုင်ရှင် တယောက်ကို ထောင်ဒဏ် သီတင်းတပတ်ချမှတ်လိုက်ပါတယ်။
တက္ကဆက်စ်ပြည်နယ် ဒါးလတ်စ်မြို့က ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ရှယ်လီလူသာဟာ ဆိုင်ပိတ်ဖို့ တားမြစ်စာကို ဖီဆန်ခဲ့တဲ့ အတွက် အင်္ဂါနေ့က သူ့ကို တရားစွဲဆိုကြားနာခဲ့ပါတယ်။
ရှယ်လီလူသာအနေနဲ့ တကိုယ်ကောင်းဆန်မိပါကြောင်း ဝန်ခံတောင်းပန်ပြီးဆိုင်ကိုပိတ်၊ ဒဏ်ကြေးဆောင်မယ်ဆိုရင် ထောင်ဒဏ်ကနေ ကင်းလွတ်နိုင်ကြောင်း တရားသူကြီးက ပြောခဲ့ပါတယ်။
ဒါပေမယ့်ရှယ်လီလူသာက သူ့ကလေးတွေကို ကျွေးမွေးဖို့အလုပ်လုပ်တာဟာ တကိုယ်ကောင်းဆန်တာ မဟုတ်ဘူးလို့ပြောပြီး မတောင်းပန်နိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
တကယ်တော့သူဟာ ဆံပင်ညှပ်ဆိုင်ဖွင့်ဖို့အတွက် သောကြာနေ့အထိသာ သည်းခံစောင့်ဆိုင်းရတော့မှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးဖို့ ပြည်နယ်အစိုးရက စီစဥ်နေချိန်ဖြစ်လို့ပါ။
ရှယ်လီလူသာကိုဒေါ်လာ ၇,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး တကယ်လို့ သောကြာနေ့ မတိုင်မီမှာ ဆိုင်ဆက်ဖွင့်ရင် တရက်ကို ဒေါ်လာ ၅၀၀ နှုန်းနဲ့ ဒဏ်ထပ်ရိုက်ဦး မယ်လို့ သတိပေးခဲ့ပါတယ်။
“ဥပဒေက ကျွန်တော်တို့ကို အုပ်ချုပ်တယ်။ လူတွေက သူတို့လုပ်မယ် မလုပ်ဘူးဆိုတာကို သူတို့ဘာသာ ဆုံးဖြတ်ခွင့်မရှိဘူး”လို့ တရားသူကြီးအဲရစ်မွိုင်းက ရှယ်လီလူသာကို ပြောခဲ့ပါတယ်။
ဒဲလတ်စ်မြို့က စုံထောက်တယောက်နဲ့ ရဲအရာရှိ တယောက်တို့က ရှယ်လီလူသာရဲ့ ဆိုင်ထဲမှာ ဆံပင်ညှပ်ဖို့နဲ့ လက်သည်းအလှပြင်မယ့်သူတွေ ရောက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုကြောင်း တက္ကဆက်စ်ထရီဗြွန်း သတင်းစာမှာ ရေးသားထားပါတယ်။
ဧပြီလ ၂၅ ရက်နေ့က ရှယ်လီလူသာဟာ လော့ခ်ဒေါင်း ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး သူ့ဆီပို့ထားတဲ့ ဆိုင်ပိတ်ဖို့ တားမြစ်စာကို ဆုတ်ဖြဲပစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကလည်း ဆိုင်ဆက်ဖွင့်နိုင်တဲ့ အခွင့်အရေး သူ့မှာ ရှိကြောင်း Facebook မှာ ရေးသားခဲ့ပါတယ်။
တရားရုံးထဲမှာတော့ရှယ်လီလူသာက “တရားသူကြီးမင်းနဲ့ ကျွန်မသဘောမတူပါဘူးရှင်။ ကျွန်မက တကိုယ်ကောင်းဆန်တယ်လို့ တရားသူကြီးမင်းကဆိုပေမယ့် ကျွန်မကတော့ ကလေးတွေကို ကျွေးမွေးဖို့အလုပ်လုပ်တာဟာ တကိုယ်ကောင်းမဆန်ဘူးလို့ ယူဆပါတယ်။
ကျွန်မမှာ သူတို့ကလေးတွေကို ကျွေးမွေးပြုစုရမှာမို့ ငတ်ကုန်တော့မယ့် လက်ထောက် ဆံပင်အလှပြင်သူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကျွေးမွေးပြုစုဖို့ထက် တရားဥပဒေက ပိုအရေးကြီးတယ်လို့ တရားသူကြီးမင်းထင်ရင် ရှင့်ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ပါ။ ကျွန်မကတော့ ဆိုင်ပိတ်မှာ မဟုတ်ပါဘူးလို့” ပြောခဲ့ပါတယ်။









