ကိုရိုနာဗိုင်းရပ်စ်- ဗိုင်းရပ်စ်ကူးပြီးသေမှာထက် ကျွန်မက ထမင်းငတ်ပြီးသေမယ့်ပုံ ရှိတယ်

နှာခေါင်းစည်းနဲ့ဆွတ်သီ

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang / BBC Thai

ရေးသားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် လူတွေ အပြင်မထွက်ဘဲနေကြချိန် ဘန်ကောက်ကျူးကျော်ရပ်ကွက်သားတွေကတော့ အငတ်ဘေးကလွတ်ဖို့ ရုန်းကန်နေကြရပါတယ်။

အခုချိန်မှာ ဗိုင်းရပ်စ်ကြောင့်ထက် အစာငတ်ပြီး သေဖို့ ပိုများတယ်လို့ ထိုင်းနိုင်ငံ ခလောင်တေ ဆင်းရဲသားရပ်ကွက်က လမ်းဘေးဈေးသည် ပန်တီရာ ဆွတ်သီ က ပြောပါတယ်။

ဒီရပ်ကွက်ဟာ ဘန်ကောက်မြို့တော်ရဲ့ အချက်အချာနေရာမှာ ရှိပြီး ကြည့်ရဆိုးတဲ့ ကျူးကျော်ရပ်ကွက်ကြီး ဖြစ်ပါတယ်။

တူးမြောင်းတွေ ဖြတ်ဖောက်ထားပြီး ရွှံ့နွံတွေနဲ့ပြည့်နေတဲ့ တစ်ကီလိုမီတာ စတုရန်းအကျယ် ရပ်ကွက်ထဲမှာ သစ်သားအဟောင်းတွေ သွပ်အဟောင်းတွေနဲ့ဆောက်ထားတဲ့ အိမ်ငယ်လေးတွေကို တွေ့ရမှာပါ။

ပန်တီရာ ဆွတ်သီဟာ ဘယ်သူ့အကူအညီမှ မယူဘဲ သူ့သမီးနဲ့မြေးကို တကိုယ်တည်း ရှာကျွေးနေတဲ့ မိခင်တစ်ဦးပါ။

အနားက ကျောင်းတစ်ကျောင်းမှာ ကြက်ကြော်နဲ့ အသားလုံးတွေ ရောင်းပြီး အသက်မွေးနေရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေ ပိတ်လိုက်ရတော့ သူ့ရဲ့တစ်ခုတည်းသော ဝင်ငွေလည်း ရုတ်တရက် ရပ်သွားခဲ့ရပြီး တစ်နေ့ကို ဘတ်တစ်ထောင်လောက် ဝင်ငွေ ရှိနေရာကနေ ဘာဝင်ငွေမှ မရှိတော့တဲ့ဘဝ ရောက်သွားခဲ့ရပါတယ်။

ခလောင်တေ ရပ်ကွက်မှာ နေထိုင်နေတဲ့ လူ နှစ်သောင်းလောက်လိုပဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ဒဏ်ကို ပန်တီရာ ဆွတ်သီ အကြီးအကျယ်ခံနေရပါတယ်။

သူများလှူတဲ့ အစားအစာတွေ

ဆွတ်သီတို့မိသားစု ဘုန်းကြီးကျောင်းနဲ့ အလှူရှင်တွေဆီက ရတဲ့ စားစရာနဲ့ အသက်ဆက်နေရ

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang / BBC Thai

ဓာတ်ပုံ ပုံစာ, ဆွတ်သီတို့မိသားစု ဘုန်းကြီးကျောင်းနဲ့ အလှူရှင်တွေဆီက ရတဲ့ စားစရာနဲ့ အသက်ဆက်နေရ

ပန်တီရာ ဆွတ်သီ အတွက်ကတော့ လက်သန့်စင်ရည်တွေ၊ နှာခေါင်းစည်းတွေထက် သူ့မိသားစု စားဖို့ စားနပ်ရိက္ခာတွေ စုဆောင်းထားနိုင်ဖို့က ပိုအရေးကြီးနေပါတယ်။ နှစ်ခုစလုံး ဝယ်ဖို့တော့ မတတ်နိုင်ပါဘူး။

"ကံကောင်းတာက ကျွန်မတို့အသိုင်းအဝိုင်းကြားမှာ ရောဂါပိုး ကူးစက်တာ မရှိသေးတော့ ကျွန်မအတွက် ဖျားနာဖို့၊ အသက်အန္တရာယ်ဖြစ်ဖို့ မရှိသေးပါဘူး။ ဒါပေမဲ့ ဆင်းရဲမွဲတေမှုက ကျွန်မတို့ကို တဖြည်းဖြည်းချင်း ညှင်းသတ်နေပါပြီ" လို့သူက ပြောပြပါတယ်။

"အခြေအနေတွေ မကြာခင် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်၊ အစိုးရက ကူမယ်လို့လည်း မျှော်လင့်ထားပါတယ်"

သူရောင်းတဲ့ အစားအသောက်တွေကို ဝယ်မယ့် ကျောင်းသားတွေ၊ ဖောက်သည်တွေ မရှိတော့တဲ့အတွက် ငွေလည်း မဝင်တော့ပါဘူး။

ဆွတ်သီတို့မိသားစု ဘုန်းကြီးကျောင်းနဲ့ အလှူရှင်တွေဆီက ရတဲ့ စားစရာနဲ့ အသက်ဆက်နေရ

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang / BBC Thai

"တကယ့်ကိုအပြင်ထွက် ဈေးရောင်းပြီး ငွေရှာချင်တာပါ၊ ဒါပေမဲ့ ကြက်သားတို့၊ အသားလုံးတို့ဝယ်ဖို့ ပိုက်ဆံက မလောက်တော့ ဘယ်မှာ သွားရှာရမလဲ"လို့ သူက ပြောပါတယ်။

ဘုရားစေတီတွေ၊ ပရဟိတအဖွဲ့တွေက လှူတဲ့ အစားအစာတွေနဲ့ပဲ သူအသက်ရှင်နေပါတယ်။

အနားတဝိုက်မှာ အစားအသောက်တွေ ဝေနေတယ်လို့ ကြားရင် အမြန်သွားပြီး မိသားတစ်စုလုံး အလုံအလောက် စားနိုင်အောင် အစားအသောက်တွေ ကြိုးစား ယူခဲ့ပါတယ်၊ ဒီဗိုင်းရပ်စ်ကိုကြောက်ပေမဲ့ ဘယ်ကမှ ငွေမရှာနိုင်တော့ ဒီနည်းနဲ့ပဲ ရပ်တည် ရှင်သန်နေရတာပါ။

ရွေးစရာ တခြားနည်းလမ်းမရှိ

အိမ်ပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားထားတာ သိပေမဲ့ အသက်ရှင်နိုင်ရေးအတွက် ငွေရှာဖို့က ပိုအရေးကြီး

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang / BBC Thai

ဓာတ်ပုံ ပုံစာ, အိမ်ပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားထားတာ သိပေမဲ့ အသက်ရှင်နိုင်ရေးအတွက် ငွေရှာဖို့က ပိုအရေးကြီး

မူးယစ်ဆေး ရောင်းတာတို့၊ အလစ်သုတ်တာတို့ကလွဲရင် ဒီဆင်းရဲသားရပ်ကွက်က လူတွေအတွက် ရွေးစရာအလုပ်များများ မရှိပါဘူး။

အသက် ၅၆ နှစ်အရွယ် ပျံကျအလုပ်သမ သောင်ရွန် သောင်ဖွန် ဆိုရင်လည်း တခြားသူတွေလိုပဲ ဒီလိုအချိန်မျိုးမှာ မနည်း ကြိုးစား ရုန်းကန်ပြီး ပိုက်ဆံရှာနေရပါတယ်။ နေ့တိုင်း သူ့ခင်ပွန်းသည်နဲ့အတူ ကျူးကျော်ရပ်ကွက် အိမ်ကနေ ထွက်ပြီး အနားမှာရှိတဲ့ရပ်ကွက်တစ်ခုက လမ်းမှာ သူတို့ကို ခေါ်အလုပ်ခိုင်းမယ့်သူတွေကို ရပ်စောင့်ရပါတယ်။ အိမ်ပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားထားတာ သိပေမဲ့ သူ့အတွက်က အသက်ရှင်နိုင်ရေးအတွက် ငွေရှာဖို့က ပိုအရေးကြီးနေတာပါ။

"ကျွန်မတို့လို ဆင်းရဲသားတွေမှာ ရွေးစရာလမ်း သိပ်မရှိပါဘူး၊ လူတိုင်း အိမ်ထဲမှာနေကြဖို့ အစိုးရက ပြောထားတာ သိပါတယ်၊ ဒါပေမဲ့ အပြင်ထွက်ပြီး ပိုက်ဆံမရှာရင် အိမ်သားတွေတစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး" လို့ သောင်ရွန် သောင်ဖွန်က ရှင်းပြပါတယ်။

"ကျွန်မတို့ကို ဘယ်သူမှ အလုပ်မငှားကြတော့ဘူး။ အပြင်ထွက်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးဖို့ အန္တရာယ် ပိုများတယ်။ ရပ်ကွက်ထဲလည်း ရောဂါပိုးပြန်သယ်လာနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ ကျွန်မကလေးတွေ ထမင်းစားဖို့၊ အကြွေးရှင်ကို အကြွေးဆပ်ဖို့ ကျွန်မမှာ ဖိအားတွေ အများကြီးပဲ။ တစ်ခါတစ်လေ လောကကြီးမှာ နေဖို့တောင် မကောင်းတော့ဘူးလို့ တွေးမိတယ်" လို့ သူက ပြောပြပါတယ်။

ခံနိုင်ရည်နည်းပါးမှု

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက် ခလောင်တေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက် ခလောင်တေ

ခလောင်တေ ရပ်ကွက်ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက် ဖြစ်ပါတယ်။ အဲဒီမှာ တရားဝင် နေထိုင်နေတဲ့ လူအရေအတွက်က နှစ်သောင်းလောက် ရှိတယ်လို့ ဆိုပေမဲ့ တကယ်တမ်းမှာ လူတစ်သိန်းနီးပါးလောက် နေနေတယ်လို့ ယူဆရပါတယ်။

အိမ်တွေ ပြည့်ကျပ်နေတဲ့အတွက် ရောဂါပိုး ကူးစက်ပြန့်ပွားဖို့ အရမ်းကို လွယ်ကူစေပါတယ်။

ဒီရပ်ကွက်မှာ နေထိုင်နေသူအများစုဟာ ကိုဗစ်-၁၉ ရောဂါအကြောင်း သိနေကြပါတယ်။ ဒါပေမဲ့ ဘာ အရင်းအမြစ်မှ မရတဲ့အတွက် သူတို့အချင်းချင်း ဂရုစိုက်ကြရုံကလွဲလို့ ဘာမှ သိပ်မတတ်နိုင်ကြပါဘူး။

"ဒီရပ်ကွက်က လူအများစုဟာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ နာမကျန်းသူတွေ ဖြစ်ပါတယ်၊ တစ်ယောက်လောက်သာ ရောဂါကူးကြည့်ပါ၊ တစ်ရပ်ကွက်လုံး ပြုတ်သွားနိုင်တယ်" လို့ အဲဒီက နောက်ရပ်ကွက်သူတစ်ဦးဖြစ်တဲ့ ဆာနစ်မွမ်ဝေ က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် လက်ဒါ မန်မီပို ဟာလည်း ဒီကျူးကျော်ရပ်ကွက်မှာပဲ နေတာပါ။ သူကတော့ နှာခေါင်းစည်းတွေ ချုပ်ပြီး လူတွေကို အခမဲ့ ဝေပေးပါတယ်။

အိမ်တွေအရမ်းကပ်နေလို့ ကူးစက်မှုဖြစ်ရင် လွယ်လွယ်ပြန့်သွားနိုင်

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang / BBC Thai

ဓာတ်ပုံ ပုံစာ, အိမ်တွေအရမ်းကပ်နေလို့ ကူးစက်မှုဖြစ်ရင် လွယ်လွယ်ပြန့်သွားနိုင်

"ကျွန်မက အလုပ်ရှိပြီး မိသားစုကို ထောက်ပံ့နိုင်တဲ့ ကံကောင်းသူတစ်ဦးပါ။ ဒါပေမဲ့ ကျွန်မအဒေါ်တွေ၊ ဦးလေးတွေ၊ အိမ်နီးချင်းတွေ အတော်များများ ဒီအကြပ်အတည်းကြီးထဲမှာ မနည်းကို ရုန်းကန်နေရပါတယ်"

"အကုန်လုံးက ပျံကျ အလုပ်သမားတွေ ဖြစ်ပြီး လောလောဆယ် အလုပ်မရှိကြပါဘူး။ အခုက ဘန်ကောက်မှာ ကပ်ရောဂါဆိုးကြီးဖြစ်တာ ပထမလပဲ ရှိသေးပေမဲ့ လူတွေ မနည်း ရုန်းကန်နေကြရပါပြီ။ နောက်လတွေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲ"

"ကျွန်မတို့နေတဲ့လမ်းမှာ အခြေအနေက အတော်လေးကို ကြောက်စရာ ကောင်းပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေတယ်လို့ အတည်ပြုထားတဲ့ သူတစ်ယောက် ရှိနေပြီ" လို့ လက်ဒါ မန်မီပို က ပြောပြပါတယ်။

"ရပ်ကွက်ကြီးတစ်ခုလုံး လူတွေ အတော်များများ ရောဂါကူးပြီး သေကုန်ကြမှာကို ကျွန်မ အရမ်းစိုးရိမ်တယ်"လို့ ဆိုပါတယ်။

အမေ့ခံရပ်ကွက်

ခလောင်တေရပ်ကွက်ကြီးကို ဖျက်ပစ်ဖို့ အစိုးရ စီစဥ်ထား

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang / BBC Thai

ဓာတ်ပုံ ပုံစာ, ခလောင်တေရပ်ကွက်ကြီးကို ဖျက်ပစ်ဖို့ အစိုးရ စီစဥ်ထား

ထိုင်းနိုင်ငံတဝန်းမှာ ဒီကပ်ရောဂါဆိုးကြီးအတွက် ပြည်သူတွေ ပြင်ဆင်နေကြချိန်မှာ ခလောင်တေ ဆင်းရဲသားရပ်ကွက်က လူထောင်ပေါင်းများစွာကတော့ ကြီးမားတဲ့ အန္တရာယ် ကျရောက်နေပြီ ဖြစ်ပါတယ်။

လူတွေ အပြင်မထွက်ကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေကြဖို့ ညွှန်ကြားထားပေမဲ့ ဒီရပ်ကွက်က လူတွေအတွက်ကတော့ တကယ့်လက်တွေ့မှာ ဒါကို လိုက်နာဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုအသစ်တွေ တိုးလာနေသလို သေဆုံးသူ အရေအတွက်ကလည်းများလာနေပါတယ်။

ဒါပေမဲ့ ဒီကျူးကျော်ရပ်ကွက်မှာ နေထိုင်နေတဲ့သူတွေကတော့ ဘာဝင်ငွေမှ မရှိတဲ့ အခြေအနေမျိုးမှာ ရောဂါအကူးခံပြီး အပြင်ထွက် အလုပ်လုပ်ရဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။

ထိုင်းအစိုးရက ခလောင်တေ ကျူးကျော်ရပ်ကွက်ကို လာမယ့် ၁၀ နှစ်အတွင်း ဖျက်သိမ်းပစ်မယ့်စာရင်းထဲမှာ ထည့်ထားပါတယ်။ ဒါပေမဲ့ လူတွေကတော့ ဒီရပ်ကွက်ကို အတွေးထဲကနေတောင် ဖျောက်ထားပြီးဖြစ်ပုံ ရပါတယ်။