ကိုရိုနာဗိုင်းရပ်စ် - ဝန်ထမ်းတယောက်ဖျားနာတဲ့နောက် စင်ကာပူဘဏ်မှာ လူတွေကို အိမ်ပြန်လွှတ်

DBS building in Singapore

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အဲဒီဘဏ်ထဲက အများသုံးနေရာတွေဖြစ်တဲ့ ဓာတ်လှေကား၊ အိမ်သာ စတဲ့နေရာတွေမှာ အထူး သန့်ရှင်းရေးတွေ လုပ်ဆောင်
ရေးသားခဲ့သည်။

စင်ကာပူက အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS ဘဏ်မှာ ဘဏ်ဝန်ထမ်းတယောက် ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် နာမကျန်းဖြစ်နေတဲ့နောက် ဝန်ထမ်း ၃၀၀ နီးပါးကို ဘဏ်ကနေ ထွက်ခွာစေခဲ့ကြပါတယ်။

ဘဏ်ရဲ့ ၄၃ ထပ်မှာ အဲဒီ ဖျားနာဝန်ထမ်းနဲ့အတူအလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့ က အိမ်ပြန်ဖို့ ဘဏ်က ညွှန်ကြားလိုက်တာပါ။

စင်ကာပူမှာ ဗိုင်းရပ်စ်ပိုးသစ်ကူးစက်ခံထားရတာ ၄၃ ယောက်ရှိနေပြီး ဒါဟာ တရုတ်နိုင်ငံအပြင်ဘက်မှာ ဖြစ်ပွားမှု အမြင့်ဆုံးပါ။

အဆိုပါ DBS ဘဏ်ဝန်ထမ်းဟာ အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ရှိတယ်ဆိုတဲ့ အဖြေရခဲ့ပါတယ်။

"ကြိုတင်သတိထားတဲ့ အရေးယူ ဆောင်ရွက်မှုအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အလုပ်လုပ်ခဲ့တဲ့ အထပ်မှာ အလုပ်လုပ်သူ ဝန်ထမ်းအားလုံးကို ရုံးပရဝဏ်အတွင်းကနေ ထွက်ခွာပြီး အိမ်ကပဲ အလုပ်လုပ်ကြဖို့ လုပ်ထားပါတယ်" လို့ DBS ဘဏ်က ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

"အခုလို အခက်အခဲဖြစ်တဲ့အချိန်မှာ ဘဏ်အနေနဲ့ နာမကျန်းသူဝန်ထမ်းနဲ့ သူ့ရဲ့မိသားစုအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ လမ်းညွှန်ပေးမှုတွေကို လုပ်ဆောင်ပေးနေတယ်" လို့လည်း DBS က ဆိုပါတယ်။

နာမကျန်းဖြစ်တဲ့ ဝန်ထမ်းကနေ တဆင့်ရောဂါပိုးရနိုင်သွားတဲ့ သူတွေကိုလည်း ဆန်းစစ်ကာ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။

မရင်နာ ဘေး ဘဏ္ဍာရေး ဆုံရပ်ထဲက အဲဒီဘဏ်အဆောက်အအုံထဲမှာ အများသုံးနေရာတွေဖြစ်တဲ့ ဓာတ်လှေကား၊ အိမ်သာ စတဲ့နေရာတွေကို အထူးသန့်ရှင်းရေးတွေ၊ ပိုးသတ်တာတွေလုပ်နေပါတယ်။

Building management staff conduct temperature screenings of visitors and tenants of a building in the financial district of Singapore on 10 February 2020

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စင်ကာပူ ဘဏ္ဍာရေး ဆုံရပ်နေရာအတွင်း လူတွေကို အပူချိန်တိုင်းတာနေ

အိမ်ပြန်ဖို့ စေလွှတ်လိုက်တဲ့ ဝန်ထမ်းတွေကိုလည်း အဖျားတိုင်း သာမိုမီတာ၊ နှာခေါင်းစည်း၊ လက်သန့်ရှင်းဆေးရည် စတာတွေပါတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အိတ်တွေကို ပေးခဲ့တဲ့အပြင် ကျန်းမာရေး အရေးပေါ် ဆက်သွယ်ခေါ်ယူနိုင်တဲ့ လမ်းကြောင်းကို ဖွင့်ပေးထားကြောင်းလည်း ဘဏ်က ပြောပါတယ်။

စင်ကာပူဟာ သူ့ရဲ့ "ရောဂါပြန့်ပွားမှု တုံ့ပြန်ဆောင်ရွက်ပုံ စနစ်အခြေအနေ (Disease Outbreak Response System Condition)" ကို လိမ္မော်ရောင်အဆင့်ကို အရင်သီတင်းပတ်က တိုးပြီး သတ်မှတ်ထားပါတယ်။

အဓိပ္ပါယ်ကတော့ ရောဂါပြန့်ပွားတာ ပိုများလာပြီး လူတယောက်ကနေ တယောက်ကို ကူးစက်တာပို လွယ်ကူလာနေတာကို ဆိုလိုတာပါ။

ကုမ္ပဏီတွေ၊ အများပြည်သူသုံးနေရာတွေမှာလည်း လူတွေကို အပူချိန်တိုင်းတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေပါတယ်။

ရောဂါကူးစက်ခံရသူပေါင်း တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတလွှားမှာ လူပေါင်း ၄၄၀၀၀ ကျော်ရှိလာနေပါတယ်။