အိန္ဒိယ နိုင်ငံသားဥပဒေသစ် ဖျက်သိမ်းပေးဖို့ တောင်းဆိုတာကို ကြားနာမယ်

အိန္ဒိယ၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်အပေါ် မကျေနပ် ကန့်ကွက်မှုတွေ တိုးပွားလာနေ
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်အပေါ် မကျေမနပ် ကန့်ကွက် ဆန္ဒပြမှုတွေ တိုးပွားလာနေချိန်မှာပဲ ဒီဥပဒေကို ဖျက်သိမ်းပေးရေး တင်ပြလာချက်ကို လာမယ့်လမှာ ကြားနာမယ်လို့ တရားရုံးချုပ်က ပြောပါတယ်။

ဒီတင်ပြလာချက်ကို တုံ့ပြန်ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ အိန္ဒိယ ဖက်ဒရယ်အစိုးရကို တရားရုံးချုပ်က ပြောကြားထားပါတယ်။

နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ချက် ဥပဒေသစ်အပေါ် နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြမှုတွေကို မမှုတဲ့သဘော ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက တုံ့ပြန်ခဲ့ချိန်မှာပဲ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ဒီဥပဒေသစ်က အိမ်နီးချင်းသုံးနိုင်ငံက မွတ်ဆလင်မဟုတ်သူတွေကို နိုင်ငံသား ဖြစ်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ဒီဥပဒေသစ်ဟာ ဘာသာရေးဖိနှိပ်ခံရသူတွေကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ ဟိန္ဒူ အမျိုးသားရေးဝါဒီ ဘာရာတီယာ ဂျနာတာ ပါတီ BJP က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ မွတ်ဆလင် နိုင်ငံသား သန်း ၂၀၀ ကို ဘေးဖယ်ထားဖို့ ဟိန္ဒူ အမျိုးသားရေးဝါဒီ ပါတီရဲ့ အစီအစဉ် တစိတ်တပိုင်း ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။

အိမ်နီးချင်း နိုင်ငံတွေကနေ ခိုးဝင်လာသူတွေကို နိုင်ငံတဝန်း အမြစ်ဖြုတ် ရှင်းလင်းဖို့ စီစဉ်နေတယ်ဆိုတဲ့ အစိုးရရဲ့ ကြေညာချက်ကြောင့် စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။

ဒီလို အရေးယူ မခံရအောင် အိန္ဒိယနိုင်ငံမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့တယ် ဆိုတာကို အထောက်အထား စာရွက်စာတမ်းတွေ အများကြီးနဲ့ သက်သေပြနိုင်မှ ရမှာမို့ အိန္ဒိယမှာ နေထိုင်နေတဲ့ မွတ်ဆလင် နိုင်ငံသား အတော်များများက သူတို့ နိုင်ငံမဲ့ အခြေအနေ ဆိုက်သွားမှာကို စိုးရိမ်နေကြပါတယ်။

ဒါပေမဲ့လည်း ဒီဥပဒေဟာ ဟိန္ဒူ၊ မွတ်ဆလင်၊ ဆစ်ခ်၊ ဂျိန်း၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အပါအဝင် အိန္ဒိယနိုင်ငံသားတွေအပေါ် ဘာမှ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

အိန္ဒိယ၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆန္ဒပြမှုတွေဟာ ပြိုင်ဘက် နိုင်ငံရေး သမားတွေရဲ့ လက်ချက် ဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဒီ ပြစ်တင်ပုံချ

ကောလာဟလတွေ၊ မုသားစကားတွေကို အတိုက်အခံတွေက ဖြန့်နေတယ်၊ ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတယ်၊ မဟုတ်မမှန် အခြေအနေ ဖြစ်လောအောင် အင်အားသုံး ဖန်တီးနေတယ် လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အင်္ဂါနေ့တုန်းက လူထု စည်းဝေးပွဲတစ်ခုမှာ သူ့ကို ထောက်ခံအားပေးသူတွေကို ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် အမစ် ရှားကလည်း ဒီဆန္ဒပြမှုတွေကြောင့် သူ့အစိုးရကိုရော သူ့ကိုပါ ထိခိုက်တုန်လှုပ်စေမှာ မဟုတ်ဘူးလို့ မီဒီယာတွေကို ပြောသွားခဲ့ပါတယ်။

ဘယ်သူတွေက ဘာ့ကြောင့် ဆန္ဒပြနေကြတာလဲ

အိန္ဒိယနိုင်ငံတဝန်းက မြို့ကြီးမြို့ငယ်တွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

ဒီဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါတဲ့ ဘာသာရေး မစွက်ဖက်ရဆိုတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ ဥပေဒ ဖြစ်တယ်လို့ အတိုက်အခံတွေက ပြောနေပါတယ်။ နိုင်ငံသားဖြစ်ခွင့် စည်းကမ်းသတ်မှတ်ချက်ထဲမှာ ဘာသာရေးကို ထည့်မသတ်မှတ်သင့်ဘူးလို့ သူတို့က ပြောနေတာပါ။

ကျန်တွေသူတွေကတော့ အထူးသဖြင့် နယ်စပ်ဒေသမှာရှိတဲ့ ပြည်နယ်တွေက ဒေသခံတွေကတော့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် နိုင်ငံတွေက လူတွေ ထပ်ဝင်လာရင် သူတို့ဒေသတွေကို လွှမ်းမိုးသွားလိမ့်မယ် ဆိုပြီး စိုးရိမ်နေကြပါတယ်။

အိန္ဒိယ၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေလီမြို့ ဆီလမ်ပူရ်ရပ်ကွက်မှာ ဆန္ဒပြသူတွေကို ရဲတွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့

ကျောင်းသား ဆန္ဒပြမှု အတော်များများကတော့ ဒီနိုင်ငံသားဖြစ်ခွင့် ဥပဒေ အပေါ် အဓိကထား ဆန္ဒပြကြတာ မဟုတ်ဘဲ ဆန္ဒပြသူတွေအပေါ် ရဲက ရက်ရက်စက်စက် အင်အားသုံး ဖြိုခွင်းနေတယ် ဆိုတာအပေါ် ပိုဦးတည် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဒေလီမြို့တော်မှာ တနင်္ဂနွေနေ့တုန်းက ကျောင်းသား ဆန္ဒပြမှုတစ်ခုကနေ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး လူအတော်များများ ဒဏ်ရာ ရခဲ့တဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူထုဆန္ဒပြမှုကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြမှုတွေက ဘယ်လောက် အကြမ်းဖက်မှုတွေ ဖြစ်နေသလဲ

အင်္ဂါနေ့တုန်းက ဒေလီမြို့တော်ရဲ့ မွတ်ဆလင် အများစု နေထိုင်နေတဲ့ ဆီလမ်ပူရ် ရပ်ကွက်မှာ ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူအုပ်ကြီးနဲ့ ရဲအရာရှိတွေ ထိပ်တိုက်ရင်ဆိုင် နေကြပုံတွေကို တွေ့ရပါတယ်။ ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ တုတ်တွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေလီမြို့ ဂျမီယာ မီလီယာ အစ္စလာမီယာ တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားတွေကို ရဲတွေက တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ ကိစ္စအပေါ် ကြားနာ စစ်ဆေးပေးဖို့ တင်ပြချက်တစ်ခုကို တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။

အဲဒီနေ့က ဆန္ဒပြမှုတွေအတွင်း ဒဏ်ရာရခဲ့တဲ့ လူတဦးက သူ့ကို ရဲသားတစ်ဦးက ပစ္စတို ဒါမှမဟုတ် ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရဲတွေ ကျည်ဆံ အစစ်သုံးခဲ့တယ် ဆိုတာကို အာဏာပိုင်တွေက ငြင်းဆိုနေပြီး အဲဒီ ဒဏ်ရာတွေဟာ မျက်ရည်ယိုဗုံးကနေ လွင့်စင်လာတဲ့ ကျည်တွေကြောင့် ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက မစ္စတာ မိုဒီက ဒီအချိန်ဟာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှု ထိန်းသိမ်းရမယ့် အချိန် ဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပြီး တင်းမာမှုတွေ လျော့ကျသွားဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒီဥပဒေသစ်မှာ ဘာတွေ ပြောထားသလဲ

ဒီဥပဒေက အိမ်နီးချင်း ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေကနေ ဝင်လာတဲ့ မွတ်ဆလင် မဟုတ်သူတွေကို အိန္ဒိယနိုင်ငံသား ဖြစ်ခွင့် ပြုမှာ ဖြစ်ပါတယ်။

တရားမဝင် ဝင်လာသူတွေကို အိန္ဒိယနိုင်ငံသားဖြစ်ခွင့် တားမြစ်ထားတဲ့ သက်တမ်း ၆၄ နှစ် ရှိပြီ ဖြစ်တဲ့ နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို ဒီဥပဒေမှာ ပြန်လည် ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဥပဒေအရ မွတ်ဆလင် အများစု နေထိုင်ရာ ပါကစ္စတန်၊ အာဖဂန်နစ္စတန် ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက လာတဲ့ သူတွေလို့ သက်သေပြနိုင်ရင် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းကြီး ၆ ခု ဖြစ်တဲ့ ဟိန္ဒူ၊ ဆစ်ခ်၊ ဂျိန်း၊ ဖာရစီ၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင် တွေ အိန္ဒိယ နိုင်ငံသား ဖြစ်ခွင့် အမြန်ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလူတွေဟာ နိုင်ငံသား ဖြစ်ခွင့် လျှောက်ခွင့် ရဖို့အတွက် အိန္ဒိယနိုင်ငံမှာ နေထိုင်နေတဲ့ ကာလကို အရင်က သတ်မှတ်ထားတဲ့ ၁၁ နှစ်အစား ၆ နှစ်သာ ပြဖို့သာ လိုတော့မှာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ ဘာသာရေး ဖိနှိပ်ခံရလို့ ထွက်ပြေးလာသူတွေကို အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့် ပေးမှာ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

ဝေဖန်သူတွေကတော့ တကယ်တမ်းမှာ ဒီဥပဒေဟာ အိန္ဒိယနိုင်ငံက မွတ်ဆလင် လူနည်းစုတွေကို ဘေးဖယ်ထားဖို့ အစီအစဉ်နဲ့ လုပ်တာလို့ ဆိုပါတယ်။

နိုင်ငံထဲ ခိုးဝင်လာသူတွေကို အမြစ်ဖြုတ် ရှင်းလင်းပစ်မယ် ဆိုတဲ့ အစိုးရရဲ့ အစီအစဉ်ကြောင့်လည်း စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။ နိုင်ငံထဲ ခိုးဝင်လာသူ မှန်သမျှကို ဖော်ထုတ်ပြီး ၂၀၂၄ ခုနှစ် မတိုင်ခင် အိန္ဒိယနိုင်ငံထဲကနေ နှင်ထုတ်နိုင်ဖို့အတွက် နိုင်ငံတဝန်း နိုင်ငံသားဖြစ်မှု စာရင်းတစ်ခုကို ပြည်ထဲရေးဝန်ကြီး အမစ် ရှားက အဆိုပြုထားပါတယ်။

အဲဒီ NRC နိုင်ငံသားဖြစ်မှု စာရင်းကို နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ပြုစု ဆောင်ရွက်ခဲ့ပြီးဖြစ်ရာမှာ လူ နှစ်သန်းနီးပါး နိုင်ငံမဲ့ အခြေအနေ ရောက်သွားခဲ့ရပါတယ်။

အဲဒီ NRC စာရင်း မထုတ်ပြန်ခင်မှာ BJP ပါတီက အဲဒီ NRC စာရင်းကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ် စာရင်း ထုတ်ပြန်ခါနီး ရက်ပိုင်းအလိုမှာ သဘောထားပြောင်းသွားခဲ့ပြီး အဲဒီစာရင်းထဲမှာ ချို့ယွင်းချက်တွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို သဘောထား ပြောင်းသွားတဲ့ အကြောင်းရင်းက BJP ပါတီကို အခိုင်အမာ ထောက်ခံအားပေးနေတဲ့ ဘင်္ဂါလီလူမျိုး ဟိန္ဒူဘာသာဝင်တွေ အဲဒီ NRC စာရင်းထဲမှာ ထည့်သွင်းမခံရတဲ့အတွက် တရားမဝင် ရွှေ့ပြောင်းလာသူတွေ ဖြစ်သွားနိုင်တာကြောင့်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်မှု ဥပဒေသစ်က NRC စာရင်းထဲမှာ ထည့်သွင်းမခံရတဲ့ မွတ်ဆလင် မဟုတ်သူတွေကို နိုင်ငံထဲက နှင်ထုတ်မခံရအောင်၊ အရေးယူ မခံရအောင် အကာအကွယ် ပေးမှာ ဖြစ်တဲ့အတွက် ဒီဥပဒေသစ်နဲ့ NRC စာရင်း တို့က ဆက်နွှယ် ပတ်သက်နေပါတယ်။