နိုင်ငံသား ဥပဒေ ပြင်ဆင်ရေး - အိန္ဒိယမှာ လူသေဆုံးတဲ့ထိ ဆန္ဒပြမှုတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, EPA
လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယက အငြင်းပွားဖွယ် နိုင်ငံသား ဥပဒေ ပြင်ဆင်ရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ကိုလ်ကတ္တားမြို့မှာ ဒုတိယနေ့ ဆက်ဖြစ်နေပါတယ်။
ဒီဥပဒေသစ်က မွတ်ဆလင် အများစု အိမ်နီးချင်းသုံးနိုင်ငံက မွတ်ဆလင် မဟုတ်သူတွေ ဘာသာရေး ဖိနှိပ်ခံရမှုတွေ ရင်ဆိုင်ရလာရင် သူတို့ကို နိုင်ငံသားပြုခွင့်ပေးမယ့် ဥပဒေ ဖြစ်ပါတယ်။
ဒီလို ပြုပြင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အနောက်ဘန်ဂေါရဲ့ မြို့တော် ကိုလ်ကတ္တားမှာ ဒီဇင်ဘာ ၁၄ ရက် စနေနေ့မှာ ဆန္ဒပြသူတွေက ကားလမ်းတွေပိတ်၊ ရထားတွေနဲ့ ဘူတာတွေကို တိုက်ခိုက် ဆန္ဒပြခဲ့ကြပါတယ်။
ဒါကြောင့် အာသံပြည်နယ်ရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ ဂူဝါဟေတီမြို့မှာလည်း ညမထွက်ရ အမိန့်ထုတ်ထားရပါတယ်။ အဲဒီမြို့မှာ ပြီးခဲ့သီတင်းပတ်အတွင်း ဆန္ဒပြတာတွေကြောင့် လူနှစ်ယောက်သေဆုံးအပြီး အခုလို ညမထွက်ရ အမိန့်ထုတ်ထားလိုက်တာပါ။
ဆန္ဒပြသူတွေကတော့ စနေနေ့ ညနေမှာ ဒီညမထွက်ရ အမိန့်ကို ဖီဆန်ကြမယ်လို့ ပြောပါတယ်။
ဒီလို အခြေအနေတွေကြောင့် အဲဒီဒေသတွေကို ခရီးသွားမယ့် ယူကေ၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံသားတွေကို သတိထားကြဖို့ သူတို့ နိုင်ငံတွေက သတိပေးထားပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံထဲက တခြားနေရာတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။
သောကြာနေ့မှာ ကျောင်းသားအများစု ပါဝင်တဲ့ ဆန္ဒပြသူတွေနဲ့ နယူးဒေလီမြို့က ရဲတွေ အကြား ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။
အဲဒါနဲ့ တစ်ချိန်တည်းမှာပဲ ဆန္ဒပြသူတေက ဘန်ဂေါမြို့မှာ ဘူတာရုံတစ်ခုက အဆောက်အအုံတွေကို မီးရှို့ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တခြား ဆန္ဒပြမှုတွေလည်း နိုင်ငံတောင်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ ကာရာလာနဲ့ ကာနာတာကာတို့မှာ ဖြစ်ခဲ့ပါတယ်။
မွတ်ဆလင် လူဦးရေ သုံးပုံတစ်ပုံနီးပါးရှိတဲ့ အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီးချုပ် မာမာတာ ဘန်နာဂျီက ဒီဥပဒေကို ဆန့်ကျင်ပြီး ဒါကို အကောင်အထည်ဖော်မှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် သီတင်းပတ်မှာ ဆန္ဒပြတာတွေ ပိုလုပ်ကြဖို့လည်း သူက ပြောလိုက်ပါတယ်။
ပန်ဂျပ်၊ ကာရာလာ၊ မတ်ဒရာ ပရာဒက်ရှ်နဲ့ စစ်တကောင်းပြည်နယ်တွေက ဝန်ကြီးချုပ်တွေကလည်း ဒီဥပဒေကို အကောင်အထည် မဖော်ဘူးလို့ ပြောပါတယ်။
ဒီဥပဒေ ဘာလို့ အငြင်းပွားဖွယ် ဖြစ်တာလဲ
အခု သီတင်းပတ်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံသားပြုခွင့်ကို ပြင်ဆင်တဲ့ ဥပဒေက ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက မွတ်ဆလင်မဟုတ်တဲ့သူတွေ ဘာသာရေး ဖိနှိပ်ခံရရင် အိန္ဒိယက နိုင်ငံသားပေးဖို့ ပြင်ဆင်လိုက်တဲ့ ဥပဒေ ဖြစ်ပါတယ်။
အဲဒီထဲမှာ ဟိန္ဒူတွေနဲ့အတူ ခရစ်ယာန်၊ဗုဒ္ဓဘာသာ၊ဆစ်ခ်၊ ဂျိန်းနဲ့ ဖာရစီ တွေ နိုင်ငံသားပြုခွင့်ရဖို့ ပါဝင်ပါတယ်။
အဲဒီ ဘာသာဝင်မျိုးနွယ်စုတွေဟာ အိန္ဒိယကို တရားမဝင်ရောက်လာသူတွေ ဖြစ်ရင်တောင် သူတို့ဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကပါလို့ အထောက်အထားပြနိုင်ရင် အိန္ဒိယ နိုင်ငံသား ပြုခွင့်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်လွှားက မွတ်ဆလင် အခွင့်အရေးတောင်းဆိုသူတွေနဲ့ အတိုက်အခံ နိုင်ငံရေးပါတီကတော့ ဒီဥပဒေက ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဟိန္ဒူမျိုးချစ်ဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ပြောပါတယ်။
ဒါဟာ မွတ်ဆလင်တွေကို နှိမ်ချသေးသိမ် အရေးမစိုက်လုပ်တာလို့ လည်း သူတို့က ပြောပါတယ်။
ဒါပေမဲ့ မိုဒီကတော့ ဒါကိုငြင်းပါတယ်။ မွတ်ဆလင်တွေကို ဒီဥပဒေထဲမှာ မထည့်ထားတာက သူတို့တွေက အဲဒီသုံးနိုင်ငံမှာ လူနည်းစုတွေမဟုတ်တဲ့တွက် အိန္ဒိယက သူတို့ကို အကာအကွယ်ပေးစရာမလိုတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ တကယ်လို့ ဒီဥပဒေက လူနည်းစုတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာသာ အမှန်ဖြစ်မယ်ဆိုရင် ဥပမာအားဖြင့် ကိုယ့်နိုင်ငံထဲမှာကိုယ် ဖိနှိပ်ခံရတဲ့ ပါကစ္စတန်က အာမက်ဒီယား မွတ်ဆလင် လူနည်းစုတွေကိုလည်း ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါ့အပြင် ဒီဥပဒေဟာ အခြေခံဥပဒေက လေးစားလိုက်နာတဲ့ ဘာသာရေးမစွက်တဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ နိုင်ငံသားတွေအပေါ် ဘာသာရေးခွဲခြားဆက်ဆံတာကို တားမြစ်ထားတာကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ဘာသာရေးအပြင် ဒီဥပဒေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းဝင်လာသူတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြတာတွေလည်း ဖြစ်နေပါတယ်။
အာသံမှာဖြစ်တဲ့ ဆန္ဒပြမှုတွေကတော့ ဘာသာရေးခွဲခြားတာတို့၊ ဘာသာရေးမစွက်တဲ့ နိုင်ငံစနစ်ကို ထိပါးတာတို့ ဆိုတဲ့ ကိစ္စတွေထက်စာရင် နိုင်ငံထဲကို ယဉ်ကျေးမှုနဲ့ဓလေ့မတူသူတွေ အများအပြားဝင်လာမှာကို ဆန္ဒပြတာက ပိုများတယ်လို့ ဘီဘီစီ အိန္ဒိယဌာနက ဆိုတစ်ခ် ဘီစ်ဝါစ်က ပြောပါတယ်။
ဒါပေမဲ့ အာသံကလူတွေကို ဒါ့အတွက် မစိုးရိမ်ကြဖို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ဗဟိုအစိုးရနဲ့ ကျွန်တော်ဟာ အာသံကလူတွေရဲ့ နိုင်ငံရေး၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ မြေယာပိုင်ဆိုင်ခွင့်အတွက် အခြေခံဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးဖို့ အပြည့်အဝလုပ်နေတယ်လို့ တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဒေသမှာ မိုဘိုင်းလ်ဖုန်းတွေနဲ့ အင်တာနက် သုံးစွဲတာတွေကို အပိတ်ခံထားရတဲ့အတွက် သူဒီလိုပြောတာကို ဒေသခံတွေ သိပါ့မလားဆိုတာ မသေချာပါဘူး။
ဒီဥပဒေဘာဆက်ဖြစ်မလဲ
နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ အိန္ဒိယမွတ်ဆလင် အဖွဲ့ချုပ်ပါတီက ဒီဥပဒေကို တရားမဝင်ကြောင်း ကြေညာပေးဖို့ နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးကို လျှောက်ထားတောင်းဆိုထားပါတယ်။
ဒီဥပဒေဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးညီမျှမှု၊ အခြေခံ အခွင့်ရေးနဲ့ ဘဝရှင်သန်ခွင့်တွေကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးချုပ်ကို သူတို့ တင်သွင်းတဲ့ထဲမှာ ထည့်သွင်းထားပါတယ်။
ထင်ရှားတဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ပညာရှင်တွေ၊ သရုပ်ဆောင်တွေပါဝင်တဲ့ လူ ၇၀၀ လောက်က ဒီဥပဒေကို ပြင်းပြင်းထန်ထန် လုံးဝ ရှုတ်ချတယ်ဆိုပြီး လက်မှတ်ထိုး ထုတ်ပြန်ကြေညာပါတယ်။








