ပါရီ သဘောတူ စာချုပ်က နုတ်ထွက်မှုစပြီလို့ ကုလကို အမေရိကန် ပြော

အမေရိကန်တွေအတွက် မမျှတတဲ့ စီးပွားရေး ဝန်ထုတ်ဝန်ပိုး ဖြစ်စေတာကြောင့် နုတ်ထွက်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်တွေအတွက် မမျှတတဲ့ စီးပွားရေး ဝန်ထုတ်ဝန်ပိုး ဖြစ်စေတာကြောင့် နုတ်ထွက်တယ်လို့ဆို
ရေးသားခဲ့သည်။

ရာသီဥတု ပြောင်းလဲမှု ထိန်းသိမ်းရေး ပါရီ သဘောတူ စာချုပ်ကနေ အမေရိကန် နုတ်ထွက်မှု လုပ်ငန်းစဉ် စတင်ပြီလို့ ကုလသမဂ္ဂကို အမေရိကန်က အသိပေး ပြောကြားလိုက်ပါတယ်။

ဒီလို ထွက်ခွာတာနဲ့ ပတ်သက်ပြီး တခြား နိုင်ငံတွေက စိတ်မချမ်းမသာဖြစ်ရတယ်လို့ ထုတ်ဖော်ပြောကြားကြပါတယ်။

တစ်နှစ်ကြာမြင့်မယ့် နုတ်ထွက်မယ့် လုပ်ငန်းစဉ် အတွက် အမေရိကန်က အသိပေးပြောကြားလိုက်တာ ဖြစ်ပြီး ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မှာ တရားဝင် နုတ်ထွက်သွားမှာ ဖြစ်ပါတယ်။

အခုလို နုတ်ထွက်ရတာဟာ ဒီစာချုပ်က အမေရိကန်တွေအတွက် မမျှတတဲ့ စီးပွားရေး ဝန်ထုတ်ဝန်ပိုး ဖြစ်စေတာကြောင့်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

ဒီသဘောတူစာချုပ်မှာ နိုင်ငံပေါင်း ၁၈၈ နိုင်ငံ ပါဝင်ပြီး ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေး လုပ်ဆောင်ဖို့ သဘောတူထားကြတာ ဖြစ်ပါတယ်။

အခုလို အမေရိကန်ရဲ့ နုတ်ထွက်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချနေကြပါတယ်။

ပါရီ သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်မှာ သဘောတူခဲ့ကြတာ ဖြစ်ပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကို လျှော့ချရေး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို နုတ်ထွက်ဖို့ ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတ ဖြစ်လာအပြီး ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ အမေရိကန်နိုင်ငံထဲက ပြည်နယ်အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ စတာတွေက အမေရိကန်က ရာသီဥတု ပြောင်းလဲမှု ထိန်းသိမ်းရေးကို ဆက်လုပ်မယ်ဆိုတဲ့ We are Still In လှုပ်ရှားမှုကို ဆောင်ရွက်နေကြပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု လျှော့ချရေးနဲ့ ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုဖို့ ကတိပြုထားကြပါတယ်။

ဘာလို့ အခုလို ဖြစ်လာတာလဲ

အမေရိကန်က သူတို့ နုတ်ထွက်မှု လုပ်ငန်းစဉ် စပြီဆိုတဲ့ ပထမဆုံးနေ့မှာ နုတ်ထွက်မှု စကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်က ဒီနုတ်ထွက်မှုကို သူ့ရွေးကောက်ပွဲ ကတိ အကောင်အထည်ဖော်မှု တစ်ခု အဖြစ် လုပ်ခဲ့တာပါ။ ဒါပေမဲ့ ကုလက ၂၀၁၉ နိုဝင်ဘာ ၄ ရက် မတိုင်ခင် နုတ်ထွက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

အခုလို နုတ်ထွက်ခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့် ရှုံးရင်တော့ နောက်တက်လာသူက ဒီဆုံးဖြတ်ချက်ကို ပြင်ကောင်းပြင်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ထရမ့်အစိုးရလက်ထက်မှာ ရာသီဥတု ထိန်းသိမ်းရေးကို ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။

ဘယ်သူတွေ ဘယ်လို တုံ့ပြန်ကြသလဲ

ကမ္ဘာပေါ်မှာ ကာဗွန်ထုတ်လုပ်မှု အကြီးဆုံး တစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ရဲ့ အခု ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်းနဲ့ ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားကြပါတယ်။

အမေရိကန် ပြည်နယ်အစိုးရတွေက ရာသီဥတု ပြောင်းလဲမှု ထိန်းသိမ်းရေးကို ဆက်လုပ်မယ်ဆိုတဲ့ We are Still In လှုပ်ရှားမှုကို ဆောင်ရွက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် ပြည်နယ်အစိုးရတွေက ရာသီဥတု ပြောင်းလဲမှု ထိန်းသိမ်းရေးကို ဆက်လုပ်မယ်ဆိုတဲ့ We are Still In လှုပ်ရှားမှုကို ဆောင်ရွက်နေ

အခုလို နုတ်ထွက်တာကို စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒီလို နုတ်ထွက်သွားတာကြောင့် ပြင်သစ်-တရုတ် ရာသီဥတုနဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပိုမို ပူးပေါင်း လုပ်ဆောင်ဖို့ ဖြစ်လာတယ်လို့ ပြင်သစ် သမ္မတရုံးက ပြောပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်း နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင် တို့ ဘေဂျင်းမှာ နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့မှာ တွေ့ကြမှာ ဖြစ်ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ 'ပါရီ စာချုပ် နောက်ပြန်မလှည့်ရေး' ကို သဘောတူ လက်မှတ်ထိုးကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

တရုတ်အစိုးရကလည်း အမေရိကန်တို့ အပြုသဘောမဆောင်တာတွေ မလုပ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံကလည်း အခုလို အမေရိကန် နုတ်ထွက်တာကို စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

ရုရှားကတော့ ရာသီဥတု သဘောတူညီချက်တွေကို အမေရိကန် မပါဘဲ ဆွေးနွေးပြောဆိုကြဖို့ အရမ်းခက်ခဲတယ်လို့ ပြောပါတယ်။

အမေရိကန်က ဒီမိုကရက်တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကတော့ အခုလို နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ရှုတ်ချကြပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ်ကတော့ ဒီနုတ်ထွက်မှုကို ထောက်ခံပြောကြားပါတယ်။

အမေရိကန်က ဘာလို့ နုတ်ထွက်ချင်တာလဲ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုကတော့ ပါရီ စာချုပ်ဟာ အမေရိကန်တွေအတွက် စီးပွားရေး ဝန်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ မမျှတတဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစာချုပ်အစား အမေရိကန် အနေနဲ့ လက်တွေ့ကျတဲ့ ပုံစံကို လုပ်သင့်တယ်လို့ ပြောပါတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စွမ်းရည်မြင့်တဲ့ စွမ်းအင်ရင်းမြစ်တွေနဲ့ နည်းပညာတွေ အားလုံးကို သုံးသင့်တယ်လို့ ပြောပါတယ်။

မစ္စတာ ထရမ့်က အမေရိကန်ကို စွမ်းအင် ထိပ်တန်း နိုင်ငံကြီး ဖြစ်စေရမယ်လို့ ကတိပေးလိုက်ပါတယ်။

ပါရီစာချုပ်ဟာ တရုတ် နဲ့ တခြား ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကိုတော့ မမျှတတဲ့ အခွင့်ထူးတွေ အမေရိကန်ထက် ပေးထားတယ်လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, climate

၂၀၁၇ မှာ ဒီလို နုတ်ထွက်မယ့်အကြောင်း ကြေညာတုန်းက ထရမ့်ဟာ သူ့ကို ပစ်စ်ဘာ့ဂ်က ပြည်သူတွေက ရွေးထားတာ ဖြစ်ပြီး ပါရီက လူတွေရွေးထားတာ မဟုတ်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒါကြောင့် အမေရိကန်တွေရဲ့ အကျိုးစီးပွားကို မလုပ်ပေးနိုင်တဲ့ ဘယ်သဘောတူညီချက် ကနေမဆို ထွက်တာတို့ ပြန်ညှိနှိုင်းတာတို့ လုပ်မယ်လို့ ကတိပေးထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီပါရီစာချုပ်က အမေရိကန်ကို ဒေါ်လာ သုံး ထရီလျံ ဆုံးရှုံးစေပြီး အလုပ်နေရာ ခြောက်သန်းခွဲ လည်း ဆုံးရှုံးစေမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်ခဲ့တဲ့ အစိုးရ စစ်တမ်းမှာတော့ ဒီပြောဆိုချက်နဲ့ မတူဘဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက နုတ်ထွက်တာက အမေရိကန်ကို ဒေါ်လာ ဘီလျံ ရာပေါင်းများစွာ ဆုံးရှုံးစေမယ်လို့ ပြောပါတယ်။

ဒီစစ်တမ်းမှာပဲ ထရမ့်အစိုးရက ပါရီ စာချုပ်အတွက် ပြန်ညှိနှိုင်းဖို့ ကြိုးစားတာမျိုး မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ထရမ့်လက်ထက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိခိုက်လာမှာ စိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ထရမ့်လက်ထက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိခိုက်လာမှာ စိုးရိမ်နေ

အမေရိကန်ဟာ ကမ္ဘာ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုရဲ့ ၁၅ ရာခိုင်နှုန်း ရှိတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အပူချိန် မြင့်မားတာ ထိန်းသိမ်းဖို့အတွက် ငွေကြေးနဲ့ နည်းပညာတွေ ပေးနေတဲ့ အရေးပါတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ပါရီမှာ ဘာတွေ သဘောတူခဲ့တာလဲ

ရာသီဥတု ပြောင်းလဲမှု ဒါမှမဟုတ် ကမ္ဘာကြီး ပူနွေးလာမှု ဆိုတာ ဖန်လုံအိမ် အာနိသင် ဒါမှမဟုတ် စက်ရုံအလုပ်ရုံတွေနဲ့ လယ်ယာ စိုက်ပျိုးမွေးမြူရေးကနေ သဘာဝ ပတ်ဝန်းကျင်ထဲကို ကာဗွန် ထုတ်လုပ်တာတွေကို ရည်ညွှန်းပါတယ်။

ပါရီစာချုပ်က ကမ္ဘာ့အပူချိန် မြင့်တက်လာတာကို ထိန်းချုပ်ဖို့ သဘောတူ ထားတာဖြစ်ပါတယ်။

သဘောတူညီချက်တွေက-

•ကမ္ဘာ့အပူချိန်ကို နောက်ထပ်၂ ဒီဂရီ စင်တီဂရိတ် ထက် ပိုတက်မလာအောင် ထိန်းထားဖို့နဲ့ အဲဒီ့နောက် ၁.၅ စင်တီဂရိတ်ထက် ပိုတက်မလာအောင်ထိ ထိန်းထားဖို့။

•လူတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ထွက်တဲ့ ပမာဏကို ကန့်သတ်ဖို့၊ အဲဒီ ဓာတ်ငွေ့ ပမာဏကို သစ်ပင်တွေ၊ မြေကြီးတွေ၊ ပင်လယ်တွေက သဘာဝနည်းအတိုင်း စုပ်ယူပြီး အသုံးချနိုင်တဲ့ ပမာဏနဲ့ တူတဲ့အထိ ကန့်သတ်နိုင်ဖို့။ အဲဒီပမာဏကို ၂၀၅၀ နဲ့ ၂၁၀၀ ကြားမှာ စပြီး ရောက်အောင် လုပ်ဖို့ ။

•သဘောတူထားတဲ့ နိုင်ငံတွေရဲ့ ကာဗွန် ထုတ်လုပ်မှုကို ငါးနှစ် တစ်ခါ ပြန်စိစစ်ဖို့

•ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေကို ရာသီဥတု ထိန်းသိမ်းရေး နဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် ပြောင်းလဲအသုံးပြုဖို့ ငွေကြေးထောက်ပံဖို့။