ဂန္ဒီ ၁၅ဝ ပြည့်တဲ့နေ့မှာ ပြာအိုးအခိုးခံရပြီး ဓာတ်ပုံ ဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ အသက် ၁၅ဝ ပြည့်မွေးနေ့မှာပဲ သူ့ရဲ့ရုပ်ကြွင်းပြာတချို့ အခိုးခံရတယ်လို့ ရဲက ပြောပါတယ်။
ဂန္ဒီကို ဟိန္ဒူအစွန်းရောက်တယောက်က လုပ်ကြံပြီးနောက် အိန္ဒိယ အလယ်ပိုင်းက သူ့အမှတ်တရနေရာမှာ ၁၉၄၈ ကတည်းက ထားခဲ့တဲ့ အရိုးပြာတွေ ဖြစ်ပါတယ်။
နောက် လွတ်လပ်ရေးခေါင်းဆောင်ရဲ့ ဓာတ်ပုံတွေကိုလည်း သူခိုးတွေက "သစ္စာဖောက် "ဆိုပြီး ဆေးစိမ်းနဲ့ ပက်သွားခဲ့ပါတယ်။
ဂန္ဒီက ဟိန္ဒူ - မွတ်ဆလင် ညီညွတ်ရေးကို တိုက်တွန်းခဲ့တဲ့အတွက် ဟိန္ဒူအယူသည်းသမားတွေက သူ့ကို သစ္စာဖောက်လို့ပဲ မြင်ကြပါတယ်။ ဒါပေမဲ့ တကယ်က ဂန္ဒီဟာ ဘာသာရေး ကိုင်းရှိုင်းတဲ့ ဟိန္ဒူဘာသာဝင် တယောက် ဖြစ်ပါတယ်။
ဒီခိုးမှုကို နိုင်ငံ ညီညွတ်ရေးကို ထိခိုက်အောင် အာဃာတနဲ့ လုပ်ရပ်၊ ငြိမ်းချမ်းရေးကို ထိပါးမှု အဖြစ် စစ်ဆေးနေတယ်လို့ မဒရာ ပရာဒေ့ရှ် ပြည်နယ်၊ ရီဝါမြို့ ရဲစခန်းက ဘီဘီစီ ဟင်ဒီဌာနကို အတည်ပြုပြောကြားပါတယ်။
ပြာအိုးကို သိမ်းထားတဲ့ ဘာပူ ဘဝမ် အထိမ်းအမှတ်ဌာနကို စောင့်ရှောက်ပေးနေတဲ့ မန်ဂလာဒိ တီဝါရီကလည်း ဒီခိုးမှုကို "ရှက်စရာ" လုပ်ရပ်လို့ ဆိုပါတယ်။
ဂန္ဒီရဲ့ မွေးနေ့မှာ မနက်စောစောထပြီး ဌာနရဲ့ ဂိတ်တံခါးကို ဖွင့်ခဲ့ပါတယ်၊ ည ၁၁ နာရီလောက်မှာ သူပြန်လာတော့ ဂန္ဓီရဲ့ပြာတွေ ပျောက်နေပြီး ပိုစတာလည်း ဖျက်ဆီးခံထားရတယ်လို့ တီဝါရီက အိန္ဒိယ သတင်းဌာနတခုကို ပြောပါတယ်။
နယ်ခံ ကွန်ဂရက်ပါတီခေါင်းဆောင် ဂါမိဆင်းက ဒီခိုးမှုကို အမှုဖွင့်တိုင်ထားပြီးနောက် ရဲက စစ်ဆေးနေပါတယ်။
ဒီရူးသွပ်မှုတွေကို ရပ်တန်းကရပ်စေရမယ်လို့လည်း မစ္စတာဆင်းက ဝါယာသတင်းဌာနကို ပြောပါတယ်။ ရီဝါရဲစခန်းကို ဘာပူဘဝမ်မှာ တပ်ထားတဲ့ စီစီတီဗီကင်မရာတွေကို စစ်ဆေးဖို့လည်း သူက ပြောထားတယ် ဆိုပါတယ်။


ဂန္ဒီဟာ အကြမ်းမဖက်တဲ့နည်းနဲ့ အိန္ဒိယမှာ ဗြိတိသျှ အုပ်စိုးမှုကို ခေါင်းဆောင်အန်တုခဲ့ပါတယ်။ ဒီအတွက် ကမ္ဘာတလွှားမှာ သူ့ကို ကြည်ညိုသူတွေ အများကြီး ရှိခဲ့ပါတယ်။
ဒီအတွက် အိန္ဒိယ နိုင်ငံသား အများစုက သူ့ကို "နိုင်ငံရဲ့ ဖခင်ကြီး" သဖွယ် သဘောထားပြီး ကြည်ညိုကြတာပါ။
ဒါပေမဲ့လည်း ဟိန္ဒူအယူသည်းဂိုဏ်းသားတွေကတော့ သူ့ကို မွတ်ဆလင်ဘက်တော်သားအဖြစ် စွပ်စွဲပြီး ဟိန္ဒူတွေကို သစ္စာဖောက်တယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ၁၉၄၇ မှာ လွတ်လပ်ရေးရတဲ့အခါ အိန္ဒိယနဲ့ ပါကစ္စတန်လို့ နှစ်နိုင်ငံခွဲပေးခဲ့တဲ့ ကိစ္စမှာ လူအများအပြား သေရတာတွေအတွက်လည်း သူတို့က ဂန္ဒီကို အခဲမကျေ ဖြစ်ကြပါတယ်။
ဒါကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှာ ဂန္ဒီကို ဟိန္ဒူအစွန်းရောက်တယောက်က လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။
သူကွယ်လွန်ပြီးနောက် မီးသင်္ဂြိုဟ်ခဲ့ပေမယ့် သူ့အရိုးပြာတွေအားလုံးကို ဟိန္ဒူဘာသာရေးအရ မြစ်ထဲချတာ မလုပ်ခဲ့ပါဘူး။
သူ့ရဲ့ ဂုဏ်သတင်းကြောင့် ပြာတချို့ကို သိမ်းထားပြီး နိုင်ငံအနှံ့က ဘာပူဘဝမ်အပါအဝင် အမှတ်တရနေရာတွေမှာ သိမ်းထားခဲ့ပါတယ်။









