ဓမ္မတာရာသီသွေးပါတဲ့ကြော်ငြာအပေါ် ကန့်ကွက်မှုတွေကို ပယ်ချ

A sanitary pad with a streak of blood-like red liquid on it

ဓာတ်ပုံ ရင်းမြစ်, ASALEO CARE

ဓာတ်ပုံ ပုံစာ, ရာသီသွေး ကိုဖော်ပြထားတဲ့ ဒီကြော်ငြာတွေနဲ့ပတ်သက်ပြီး သြစတြေးလျ မှာ တရားဝင်ကန့်ကွက်စာတွေ ရာနဲ့ချီပြီးပို့ခံရ
ရေးသားခဲ့သည်။

သြစတြေးလျ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြခဲ့တဲ့ ဓမ္မတာရာသီသွေးတွေကို ဖော်ပြခဲ့တဲ့ ကြော်ငြာတွေက ကြည့်ရှုရန် မသင့်လျော်ဆိုတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ မဟုတ်ဘူးလို့ သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

အဲဒီလိုကြော်ငြာမျိုး ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျရုပ်မြင်သံကြားမှာ ပေါ်လာတာဖြစ်ပြီး Libra ကုမ္ပဏီက အမျိုးသမီး လစဉ်ကျန်းမာရေးသုံးပစ္စည်း ကြော်ငြာအဖြစ် အရင်လတုန်းက ထည့်ခဲ့တာပါ။ အမျိုးသမီးတယောက်ရဲ့ ခြေထောက်တွေမှာ ရာသီသွေး စွန်းထင်းနေတာကိုလည်း ဖော်ပြကြော်ငြာခဲ့ပါတယ်။

ဒီလိုကြော်ငြာပုံက မသင့်လျော်ဘူးလို့ဆိုကာ ကြည့်ရှုသူတွေဆီကနေ တရားဝင်ကန့်ကွက်စာပေါင်း ၆၀၀ ကျော်ပို့ခဲ့ပါတယ်၊ ဒီကန့်ကွက်မှု အရေအတွက်ဟာ ၂၀၁၉ ခုနှစ်အတွင်း ကြော်ငြာတွေနဲ့ ပတ်သက်လို့ ပေါ်လာခဲ့တဲ့ ကန့်ကွက်မှုတွေအထဲ အများဆုံးပါ။

ဒါပေမဲ့ သြစတြေးလျ ရုပ်မြင်သံကြားဆိုင်ရာ စည်းမျဉ်းထိန်းချုပ်ရေးအဖွဲ့ က ဒီလို ကန့်ကွက်ချက်တွေကို ပယ်ချလိုက်ပြီး အဲဒီလို ဖော်ပြကြော်ငြာမှုတွေက ပေးတဲ့ သတင်းစကားကို ချီးမြှောက်ခဲ့ပါတယ်။

ဒီလိုကြော်ငြာတွေက "ညီမျှမှုကို မြှင့်တင်တာဖြစ်ပြီး ရာသီသွေးပေါ်တဲ့ကိစ္စကို မသိနားမလည် မနှစ်မြို့စရာဖြစ်နေကြတာတွေကို လျှော့ချပစ်နိုင်တယ်" လို့ သူတို့ကဆိုပါတယ်။

Libra ရဲ့ မိခင်ကုမ္ပဏီ Asaleo Care က ဒီကြော်ငြာတွေဟာ "ဓလေ့နဲ့မညီဘူးဆိုပြီး မပြောဖို့တားမြစ်ခံနေရတာတွေ၊ ရာသီသွေးပေါ်တာကို များပြားလှသော အမျိုးသမီးတွေ မိန်းကလေးတွေ အနေနဲ့ ရှက်ရွံ့စရာအဖြစ် ခံစားနေရတာတွေကို ဖြေရှင်းပေးတယ်" လို့ ဆိုပါတယ်။သူတို့က "ရာသီသွေးပေါ်တယ်ဆိုတာ သာမန်ဖြစ်မြဲပါ၊ အဲဒါကိုပြသတာလည်း သာမန်အဖြစ်ပါပဲ" လို့လည်း စာသားနဲ့ဖော်ပြပါတယ်။

Woman in the shower with blood on her thighs

ဓာတ်ပုံ ရင်းမြစ်, Asaleo Care

ဓာတ်ပုံ ပုံစာ, တကယ့်ရာသီသွေးဆင်းလို့ ခြေထောက်မှာ စွန်းထင်းနေတဲ့ပုံကိုလည်း ကြော်ငြာမှာ ဖော်ပြထားပါတယ်

ကန့်ကွက်စာတရားဝင်ပို့တဲ့သူတွေကတော့ ဒီလိုဖော်ပြမှုတွေဟာ "စက်ဆုပ်စရာ မသတီစရာကောင်းပြီး မသင့်လျော်ဘူး၊ မနှစ်မြို့စရာဖြစ်တယ်" လို့ ငြင်းချက်ထုတ်ကြပါတယ်။

စည်းမျဉ်းထိန်းသိမ်းတဲ့သူတွေကတော့ "ကြည့်ရှုသူတချို့အနေနဲ့ ရုပ်မြင်သံကြားမှာ သွေးတွေဖော်ပြတာကို မကြည့်ချင်တဲ့ ဆန္ဒရှိနိုင်ပေမယ့် ဒီကြော်ငြာတွေက ရုပ်မြင်သံကြားလုပ်ငန်းရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို မချိုးဖောက်ပါဘူး" လို့ ဆိုပါတယ်။

ဒီလိုကြော်ငြာတွေ ကလေးတွေကြည့်ရှုရန်မသင့်၊ လူကြည့်များတဲ့ ညနေခင်းလိုအချိန်တွေမှာ ဖော်ပြရန်မသင့် ဆိုတဲ့ ကန့်ကွက်ချက်တွေကိုလည်း စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ပယ်ချပါတယ်။

ဗီဒီယို ပုံစာ, ရာသီသွေးနဲ့ပတ်သက်ပြီး မပြောမဆိုဝံ့ဖြစ်နေတာတွေကို ဖြေရှင်းဖို့ အိန္ဒိယမှာ ကာတွန်းကိုသုံး

သူတို့ရဲ့ ညီအစ်မ ကုမ္ပဏီဖြစ်တဲ့ Essity က လုပ်နေတဲ့ #BloodNormal ရာသီသွေးဟာ ပုံမှန်ပါ ဆိုတဲ့ ကမ်ပိန်းလှုံ့ဆော်လှုပ်ရှားမှု ကို အခြေခံပြီး ဒီကြော်ငြာတွေကိုလုပ်တာလို့ Asaleo Care ကုမ္ပဏီက ပြောပါတယ်။

အဲဒီ ကမ်ပိန်းက ဗြိတိန်မှာ ၂၀၁၇ ခုနှစ်တုန်းက စခဲ့ပြီး ရာသီသွေးကြော်ငြာဖော်ပြရင် ကျန်းမာရေးသုံးပစ္စည်းပေါ်မှာ အပြာရောင်အရည် အစား အနီရောင် အရည်ကို သုံးခဲ့ကြပါတယ်။ အနီရောင်အရည်သုံးတဲ့ ကမ်ပိန်းက ဥရောပ တလွှား၊ အမေရိကတိုက်နဲ့ တောင်အာဖရိကကို ပျံ့နှံ့ခဲ့ကာ အခုတော့ သြစတြေးလျမှာ တကယ့်ရာသီသွေး ဖော်ပြချက်နဲ့ ကြော်ငြာကိုသုံးလာကြပါပြီ။